အင်ဒိုနီးရှားနိုင်ငံက ၂၀၁၂ အတွင်း ဆန်တန်ချိန် ၂ သန်းအထိ တင်သွင်းဖို့ စီစဉ်

    အင်ဒိုနီးရှားနိုင်ငံဟာ မမျှော်မှန်းနိုင်တဲ့ အကြောင်းအရာတွေကြောင့် ဒေသတွင်းဆန်သိုလှောင်မှုကို လျော့ကျနိုင်ခြင်းနဲ့ ဈေးနှုန်း မြင့်တက်မှု မဖြစ်စေဖို့ စားနပ်ရိက္ခာဖူလုံရေး ယခုနှစ်မှာ ဆန်တန်ချိန် ၂ သန်းအထိ တိုးမြင့်တင်သွင်း ဖို့ စီစဉ်နေပါတယ်။ ၂၀၁၁ ခုနှစ်အတွင်း ဆန်တန်ချိန် ၁ ဒသမ ၉ သန်းအထိ ဝယ်ယူပြီး၊ ယခုနှစ် ဆန်တင်သွင်းမှုကိုရှောင်ဖို့ ရည်မှန်းခဲ့ပေမယ့် ကမ္ဘာ့တတိယမြောက်အများဆုံး ဆန်စပါးစိုက်ပျိုးတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ စပါးထွက်ရှိမှုလျော့ကျမယ် ခန့်ခန်းချက်တွေက ပြည်တွင်း ဆန်ဖူလုံလာဖို့ ရည်မှန်းချက်ကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။    စပါးရိတ်သိမ်းမှု ကောင်းကောင်းလုပ်နေပြီဖြစ်ပေမယ့် ဆန်တင်သွင်းနေရဆဲဖြစ်ကြောင်း၊ အများဆုံး တန်ချိန် ၂ သန်းထိ တင်သွင်းရမှာဖြစ်ကြောင်း အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး၊ Gita  Wirjawan  က ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြောကြား ပါတယ်။ ဆန်တင်သွင်းမှုကို အစိုးရအချင်းချင်း ကုန်သွယ်မှုနဲ့ ပြုလုပ်ဖွယ်ရှိပါတယ်။ နိုင်ငံပိုင် ဝယ်ယူရေး အေဂျင်စီဖြစ်တဲ့ ဘူးလော့ဂ်ဟာ ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံက ဆန်တန်ချိန် ၂ သိန်းကို ဝယ်ယူခဲ့ပါတယ်။ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းရှိ နိုင်ငံများမှာ ဆန်သိုလှောင်မှု ပမာဏက မြင့်တက်နေဆဲ ဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။    အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ သန်း ၂၄၀ ခန့်ရှိပြီး၊ ယခုနှစ်အတွင်း စပါးတန်ချိန် ၆၈ သန်းထွက်ရှိမယ်လို့ မျှော်မှန်း ထားပါတယ်။ ဒီပမာဏဟာ ရာသီဥတုစိုစွတ်ခြင်းနဲ့ သီးနှံရောဂါပိုးကျရောက်ခြင်းတို့ကြောင့် အစောပိုင်း ခန့်မှန်း ပမာဏတန်ချိန် ၇၂ သန်းအောက်ကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ယခင်နှစ်ထွက်ရှိမှု တန်ချိန် ၆၅ ဒသမ ၃၉ သန်းထက် မြင့်တက်ခဲ့ပါတယ်။ ယခင်နှစ်က စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုကို တည်ငြိမ်စေဖို့ တင်သွင်းမှု ကြီးမားခဲ့ပါတယ်။     ယခင်နှစ်က ဘူးလော့ဂ်ဟာ အစိုးရအချင်းချင်းကုန်သွယ်မှုနဲ့ စီးပွားဖြစ်တင်သွင်းမှုတို့ ပေါင်းစပ်ပြီး ထိုင်း၊  ဗီယက်နမ်နဲ့ အိန္ဒိယတို့က ဆန်တင်သွင်းခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အထူးသဖြင့်ရိတ်သိမ်းကာလမှာ ပြည်တွင်းဈေးနှုန်းကို ဆုပ်ကိုင်ထားတဲ့ ပုဂ္ဂလိက ကုန်သည်များရဲ့ ဆန်တင်သွင်းမှုကို ၂၀၀၄ အစောပိုင်းကတည်းက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ဝယ်လိုအားပါးခြင်းနဲ့ နောက်ထပ် ရိတ်သိမ်းမှု အများဆုံးကာလမှာ စပါးသစ်များ ဝင်ရောက်လာမှာဖြစ်လို့ ဈေးထပ်ကျနိုင်တာ ကြောင့် ယခုတစ်ပတ်အတွင်း ဆန်ဈေးက ကြမ်းခင်းဈေး အောက်ကို ကျဆင်းခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက တင်သွင်းမှု စတင်တော့မှာဖြစ်လို့ ဈေးနှုန်းအပေါ် သက်ရောက် မှုရှိနိုင်တယ်လို့ ကုန်သည်များက မျှော်လင့်လျက်ရှိနေပါတယ်။လဝန်း၊Source: riceonline