ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်ဖို့ ဗီယက်နမ်က ဆန်တန်ချိန် ၁ သန်း သိုလှောင်မယ်

    ကမ္ဘာ့ဆန်တင်ပို့မှု ဒုတိယအကြီးဆုံး ဗီယက်နမ်နိုင်ငံမှာ ဆောင်းသီးနှံရိတ်သိမ်းနေတဲ့ တောင်သူတွေအတွက် ဈေးနှုန်းမြင့် တင်ရေး အထောက်အကူပြုဖို့အတွက် ဆန်တန်ချိန် ၁ သန်းဝယ်ယူသိုလှောင်မယ်လို့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ ထုတ်ပြန် ပါတယ်။ ယခုနှစ်အတွင်း ပြည်ပဆန် တင်ပို့သူများမှ ပြည်ပဝယ်လက်များနဲ့ ဆန်စာချုပ် အနည်းငယ်သာ ချုပ်ဆိုထားလို့ မဲခေါင်ဒေသမှာ စပါးရိတ်သိမ်းမှုစတင်နေတဲ့ တောင်သူတွေရဲ့စပါးဈေးများ ကျဆင်းလာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။    အဓိက ဆန်တင်သွင်းသူများဟာ ဈေးသက်သာတဲ့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့မှာ ပြောင်းလဲ ဝယ်ယူလာကြ ပါတယ်။ ယခုနှစ် ပထမ ၄၅ ရက်အတွင်း ဗီယက်နမ်က ဆန်တန်ချိန် ၁ ဒသမ ၅ သန်းသာ တင်ပို့ဖို့ စာချုပ်ထားလို့ ယခင်နှစ်ကာလတူထက် ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ နိုင်ငံအတွင်း ဆန်သိုလှောင်မှုက တန်ချိန် ၂ သန်းနီးပါးရှိနေပါတယ်။ အစိုးရမှ ယခုနှစ် ဆန်တန်ချိန် ၇ ဒသမ ၃ သန်းတင်ပို့ဖို့ ရည်မှန်းထားပေမယ့် ဖေဖော်ဝါရီလလယ်ထိ ဆန်တန်ချိန် ၄၃၀၀၀၀၊ ကန်ဒေါ်လာ ၂၂၆ သန်းဖိုးသာ တင်ပို့ထားလို့ ယခင်နှစ်ကာလတူ ရရှိတဲ့ ဝင်ငွေထက် ၄၄ ရာခိုင်နှုန်းကျဆင်းပြီး၊ တင်ပို့တဲ့ ပမာဏ မှာလည်း ၄၇ ရာခိုင်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။     သီးနှံအမြောက်အမြားထွက်ရှိခြင်းက ဈေးကွက်ကို အကူအညီမဖြစ်စေပါဘူးလို့ ဆိုပါတယ်။ ဗီယက်နမ် စားနပ်ရိက္ခာ အသင်းရဲ့ အဖွဲ့ဝင်များကို မတ်လ ၁၅ ရက်မှ ဧပြီလ ၄ ရက်အတွင်း တောင်သူတွေဆီက ဆန်ဝယ်ယူ ဖို့နဲ့ အဲဒီလို ဝယ်ယူ မယ့် သူတွေကို အကူအညီပေးတဲ့အနေနဲ့ အတိုးနည်းတဲ့ ချေးငွေထုတ်ပေးမယ်လို့ စိုက်ပျိုးရေးဝန်ကြီး ဌာနမှ ပြောကြားခဲ့ကြောင်း သိရပါတယ်။ အဲဒီလို ဝယ်ယူခြင်းက တောင်သူတွေအတွက် အကျိုးအမြတ် အနည်းဆုံး ၃၀ ရာခိုင်နှုန်းရရှိဖို့ ဖြစ်လာမယ်လို့ ဆိုပါတယ်။    ယခင်နှစ်က ဗီယက်နမ်က ဆန်တန်ချိန် ၇ ဒသမ ၁ သန်းတင်ပို့ခဲ့လို့ ၂၀၁၀ ခုနှစ်ထက် ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပေမယ့် ယခုနှစ်မှာတော့ယှဉ်ပြိုင်မှုတွေကပိုများလာနေတယ်လို့ ဆိုပါတယ်။ အာဖရိကနိုင်ငံများဟာ ဗီယက်နမ်ရဲ့ ဈေးအချိုဆုံး ဆန် တစ်တန်ကန်ဒေါ်လာ ၃၉၀ နဲ့ယှဉ်ရင် တစ်တန်ကန်ဒေါ်လာ ၃၈၀ နဲ့ ရောင်းချနေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ထံမှာ ဝယ်ယူ လာကြတယ်လို့ဆိုပါတယ်။ သမိုင်းမှာ ဆန်တင်သွင်းမှု အကြီးဆုံးဖြစ်ခဲ့ဘူးတဲ့ ဖိလစ်ပိုင်ကလည်း ပြည်တွင်းထုတ်လုပ်မှု ပိုမိုအောင် ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှ ယှဉ်ပြိုင်မှုနည်းတဲ့အတွက် ဗီယက်နမ်ဆန်တင်ပို့သူတွေ အကျိုးအမြတ် ရရှိနိုင် မယ်လို့လည်း ဆိုပါတယ်။                                                          လမင်း၊ Source: riceonline