ရေနံယိုဖိတ်မှုနှင့် ကမ်းဦးရေတိမ်ပတ်ဝန်းကျင်

၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်နေ့မှာ Deepwater Horizon  ကမ်းလွန်ရေနံတူးစင်ကြီး ပေါက်ကွဲပျက်စီးသွားပြီးနောက် မက္ကဆီကိုပင်လယ် ကွေ့အတွင်း ရေနံစိမ်းတစ်နေ့ကို စည်ပေါင်း ၅၀၀၀ (ဂါလန်ပေါင်း နှစ်သိန်းကျော်) ယိုဖိတ်ပြီး ပင်လယ်ရေပြင်ကျယ်ကို  ညစ်ညမ်းစေခဲ့ပါတယ်။ရက်သတ္တပတ်ပေါင်းများစွာ  ကြာတဲ့တိုင်အောင် အဲဒီရေနံတွင်းကြီးကို ပိတ်အောင်မပြုလုပ်နိုင်ခဲ့တဲ့ အတွက် မေလကုန်တဲ့အချိန်မှာ ရေနံစိမ်းအနည်း ဆုံး ဂါလန်ပေါင်း သန်း ၂၀ လောက် မက္ကဆီကို ပင်လယ်ကွေ့ ဒေသအတွင်းယိုစိမ့်ခဲ့တယ်လို့ ခန့် မှန်းရပါတယ်။ဇွန်လ ၂ရက်နေ့မှာ အမေရိကန်အစိုးရဟာ မက္ကဆီကို ပင်လယ်ကွေ့ရှိ အဲဒီရေနံနဲ့ ညစ်ညမ်း နေတဲ့ရေပြင် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၈၈၀၀၀ အတွင်း ငါးဖမ်းဆီးတာကို တားမြစ်ခဲ့ရပါ တယ်။ အမေရိကန်တစ်နိုင်ငံလုံး စားသုံးနေတဲ့  ပင် လယ်စာ ၁၅ ရာခိုင်နှုန်းဟာ အဲဒီဒေသကရရှိခဲ့ပြီး ငါးဖမ်းတဲ့လုပ်ငန်းအပေါ်  မှီခိုနေရသူပေါင်းဟာ ၁၄ သန်းခန့်ရှိတဲ့အတွက် အဲဒီဒေသရဲ့ စီးပွားရေး ကို များစွာထိခိုက်စေခဲ့ပါတယ်။ ရေနံယိုစိမ့်မှု ဖြစ် ပွားပြီး ၁၃ရက်အကြာမှာ ညစ်ညမ်းနေတဲ့ ရေနံစိမ်း အပြင်ကြီးဟာ လူစီယားနားပြည်နယ် ကမ်းခြေမှာ ရှိတဲ့ ရေတိမ်ဒေသကို ရောက်ရှိလာခဲ့ပါတယ်။အမေရိကန်တစ်နိုင်ငံလုံးမှာရှိတဲ့ ကမ်းဦးရေတိမ် ဒေသ ဧရိယာစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့ အဲဒီ ဒေသက တောအုပ်တွေနေထိုင်ကြတဲ့ ငှက်တွေ၊ လိပ်တွေနဲ့ တခြားရေသတ္တဝါတွေကို အန္တရာယ်ပြု ခဲ့ပါတယ်။လူစီးယားနားပြည်နယ်ရှိ  ကမ်းဦးရေတိမ် ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ဟာ မူလကတည်း က မြေအချဉ်ဓာတ်ပေါက်မှုတွေနဲ့ ဟာရီကိန်းမုန် တိုင်းကြီးတွေရဲ့ ဒဏ်တွေကြောင့်  ပျက်ယွင်းနေ တာကို ပြုပြင်ထိန်းသိမ်းဖို့ ကြိုးစားနေခဲ့ရပါတယ်။ယခုတော့ ရေနံအညစ်အကြေးတွေဟာ ရေတိမ် တောအုပ်အနှံ့ ပေါက်ရောက်နေတဲ့ ရိုစီယူကြိမ်ပင် တွေကိုလိမ်းကျံစေပြီး မြက်ပင်တွေရဲ့ အမြစ်တွေ ကိုလည်း ချောကလက်အရည်ထဲ နစ်ထားသလို ညိုမဲစေခဲ့ပါတယ်။ အဲဒီကြိမ်ပင်နဲ့ မြက်ပင်တွေဟာ လူစီးယားနားရေတိမ်ဒေသရဲ့ အဓိကတောတန်း တွေကို ဖြစ်ပေါ်စေတဲ့အတွက်  အဲဒီအပင်တွေ သေကုန်ရင် အဲဒီရေတိမ်ဒေသရဲ့ အခြေခံသဘာ၀ အရင်းအမြစ်ဟာ  ပျက်ယွင်းသွားစေနိုင်ပါတယ်။ယိုဖိတ်ထားတဲ့ ရေနံအညစ်အကြေးတွေ ရေတိမ် ဒေသတွင်းတိုးဝင်လာတာနဲ့အမျှ သဘာဝပေါက် တဲ့အပင်တွေ အပြင်အဲဒီဒေသမှာ ကျက်စားနေတဲ့ ငှက်တွေနဲ့ ငါးပုစွန်စတဲ့ ရေသတ္တဝါတွေရဲ့ ပေါက် ဖွားရာအသိုက်အအုံတွေကို  ပျက်စီးစေပါတယ်။အဲဒီသတ္တဝါတွေရဲ့ အကောင်ပေါက်လေးတွေဟာ ရေနံစိမ်းရဲ့  အဆိပ်ဒဏ်ကို ခံနိုင်ရည်မရှိဘဲ သေ ဆုံးကြရပါတယ်။ ငှက်ကြီးဝန်ပိုလို ငှက်မျိုးတွေ ဆိုရင်ရေတိမ်ဒေသရဲ့ကြိမ်ပင်တွေပေါ်မှာ အသိုက် ပြုလုပ်ပြီးရေထဲက ရေသတ္တဝါတွေကို  ရှာဖွေစား သောက်ရင်း ရှင်သန်ခဲ့ရပါတယ်။ ယခုတော့ အဲဒီ ငှက်ကြီးတွေရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးဟာ ရေနံ တွေနဲ့ ညစ်ညမ်းနေစေခဲ့ပြီး သူရဲ့အမွေးအတောင် တွေလည်း ရေနံစိမ်းတွေနဲ့ ပေကျံစေခဲ့ပါတယ်။ကယ်လီဖိုးနီးယားမှာ အခြေချတဲ့နိုင်ငံတကာ ငှက် သတ္တဝါများ ကယ်တင်ရေး ဗဟိုသုတေသနဌာန ဟာ ရေနံနဲ့ညစ်ညမ်းနေတဲ့ ငှက်ကြီးဝန်ပိုတွေကို နေ့စဉ်ရှာဖွေပြီး သန့်စင်ရေးတွေ ပြုလုပ်ပေးခဲ့ရ တယ်လို့ သိရပါတယ်။ အဲဒီငှက်အတော်များများ ဟာ ရေနံတွေနဲ့ ဝေ့နေတဲ့ ပင်လယ်ပြင်ထဲမှာပဲ သေဆုံးသွားစရာရှိပါတယ်။BP ရေနံကုမ္ပဏီဟာ ပင်လယ်တွင်းယိုဖိတ် ထားတဲ့ ရေနံတွေကို ဓာတုဗေဒဖြိုခွဲရေး ဆေးရည် တွေနဲ့ ပက်ဖျန်းပြီး ပြိုကွဲနစ်မြုပ်သွားအောင် ကြိုး စားခဲ့တာ တွေ့ရပါတယ်။ အဲဒီဓာတုဗေဒဖြိုခွဲရေး ဆေးရည်ပေါင်း  ဂါလန်တစ်သန်း သုံးစွဲခဲ့ရာမှာ ဓာတ်ကွဲပြိုပျက်သွားတဲ့ ရေနံအညစ်အကြေးတွေ ဟာ ပင်လယ်ရေပေါ်မှာ မပေါ်တော့ပေမဲ့ ပင် လယ်ပြင်အောက်  အလယ်လောက်ကို ကျဆင်း သွားပြီး အဆိပ်ပစ္စည်းတိမ်တောင်သဖွယ် ရပ်တည် နေတယ်လို့ဆိုပါတယ်။ တောင်ဖလော်ရီဒါ တက္က သိုလ်မှ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ မက္ကဆီကို ပင်လယ်ကွေ့တွင်းရှိ ပင်လယ်ရေပြင် အောက်က ဓာတုပစ္စည်းတွေဟာ ငါးပေါက်တွေကို သေကြေစေပြီး သန္တာကျောက်တန်းတွေကို ပျက်စီး စေတယ်လို့ ဖော်ထုတ်တင်ပြထားပါတယ်။ ဆော် လမွန် ငါးပေါက်ဖွားနှုန်းကိုလည်း ကျဆင်းစေပြီး အဲဒီငါးဖမ်းလုပ်ငန်းကို ရာစုနှစ်နဲ့ချီအောင်ဆုံးရှုံးနစ် နာစေနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့်ပင်လယ် တွင်း ရေနံယိုဖိတ်မှုကြီးတွေဟာ ကမ်းဦးရေတိမ် ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေရုံသာ မကဘဲ ပင်လယ်ရေအောက်ဂေဟစနစ်ကိုပါ ဖျက် ဆီးနေကြောင်းပါခင်ဗျား။          Ref:Time