ထိုင်းနိုင်ငံသည် ဘင်္ဂလားဒေ့ရှ် ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ ဆန်တင်ပို့ရန် MOU ရေးထိုးနိုင်ခဲ့
ထိုင်းနိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို တစ်နှစ်မှာ ပေါင်းဆန် တန်ချိန် တစ်သန်းဝန်းကျင် တင်ပို့ရောင်းချသွားဖို့ သဘောတူ ညီတဲ့ နားလည်မှုစာချွန်လွှာ (MOU) ကို မတ် ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းစီးပွား/ကူးသန်းဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့တယ်။ MOU မှာ ထိုင်းအစိုးရကိုယ်စား ထိုင်းစီးပွားကူးသန်း ဝန်ကြီးက လက်မှတ်ရေးထိုးခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ MOU ရေးထိုးနိုင်ခဲ့တဲ့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကို ဆန်တန်ချိန် စုစုပေါင်း ၂ သန်း တင်ပို့ဖို့ MOU ရေးထိုးနိုင်ခဲ့တယ်။၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် အတွင်း ထိုင်းနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ကို စုစုပေါင်းဆန်တင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ သန်း ၅၀၀ ရရှိဖို့ ရည်ရွယ်ထားပြီး နှစ်နိုင်ငံ ဆန်ထုတ်လုပ်မှုနှုန်းနဲ့ ကမ္ဘာ့ဆန်ဈေးနှုန်းအပေါ် မူတည်ပြီး ဝယ်ယူမယ့်ပမာဏ အပြောင်းအလဲရှိနိုင်ကြောင်း သိရတယ်။ ၂၀၁၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် ၇၃၆၀၀၀ တင်ပို့ခဲ့ရတယ်။ ထိုင်းနိုင်ငံက ၂၀၁၂ ခုနှစ် ၊ ပထမနှစ်လမှာလည်း ပြည်ပကို ဆန်တန်ချိန် ၉၈၅၇၀၀ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေကန်ဒေါ်လာ ၆၇၇ သန်း ရရှိခဲ့တယ်။ ၂၀၁၂ ခုနှစ် တစ်ခုလုံးအတွက် ဆန်တန်ချိန် အနည်းဆုံး ၉ သန်း တင်ပို့နိုင်လိမ့်မယ် ရည်မှန်းထားတယ်လိ့ု ထိုင်း စီးပွား/ ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားတယ်။ ဆန်တင်ပို့တဲ့ နိုင်ငံအများစုမှာ ရာသီဥတုပြောင်းလဲမှုတွေ ရင်ဆိုင်နေရပြီး ဆန်စိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက်စေနိုင်တဲ့အပြင် ဆန်တင် သွင်းတဲ့ နိုင်ငံတွေမှ ဆန်ဝယ်လိုအား မြင့်မားလာခြင်းက ထိုင်း ဆန်တင်ပို့မှုအတွက် အလားအလာကောင်းဖြစ်စေမယ်လိ့ု မျှော်မှန်းထားကြတယ်။ ဒါ့အပြင် ထိုင်းစီးပွားကူးသန်းဝန်ကြီးက ဗီယက်နမ်နိုင်ငံ ကို သွားရောက်ကာ ဆန်တင်ပို့တဲ့အေဂျင်စီတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆန်တင်ပို့မှု တိုးမြှင့်ရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဆန် ဈေးနှုန်းအလားအလာကို ပူးပေါင်းဆုံးဖြတ်ဖို့ ဆွေးနွေးသွား မယ်လိ့ု သိရတယ်။ပပ၊Source:MCOT onlinenews.com
