Main menu

Background

ကုန်စည်ဒိုင်များ ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့

Tue, 01/10/2023 - 10:51 -- journal_editor

မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ တွင်  ဖော်ထုတ်ချက် ၄၃ ချက် အနက်  ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့်အခြေအနေများနှင့်  ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ကုန်စည်ဒိုင်လုပ်ငန်းများဖွံ့ဖြိုးရေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  တိုင်းဒေသကြီး/ ပြည် နယ်အစိုးရအဖွဲ့များ ပူးပေါင်းကာ  ဦးစားပေးဆောင်ရွက်ရန် အချက်နှင့်ပတ်သက်၍  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ကုန်စည်ဒိုင်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင်  စားသုံးသူရေးရာဦးစီးဌာန  အစည်းအဝေးခန်းမ၌  ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ကုန်စည်ဒိုင်များမှ ဆွေးနွေးတင်ပြမှုများအပေါ် အခြေခံ၍  ကုန်စည်ဒိုင် ဖွံ့ဖြိုးတိုးတက်ရေး လက်ရှိဆောင်ရွက်နေသည့်အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်  အစီအမံများ၊ ကုန်စည်ဒိုင်များမှ  တင်ပြချက်များ အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်  လယ်ယာထွက်ကုန်သီးနှံများအား စိုက်ပျိုးထုတ်လုပ်မှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကုန်စည်ဒိုင်များ၏ ဈေးကွက်သည် ကုန်ထုတ်လုပ်ရန် လယ်ယာထွက်ကုန်ပစ္စည်း ကုန်ကြမ်းများရောင်းဝယ်ဖောက်ကားမှုပြုရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ကုန်စည်ဒိုင်များတွင် စိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းသူ၊ ဝယ်သူ၊ ပွဲစားကုန်သည်၊  ထုတ်လုပ်သူ၊ တင်ပို့/တင်သွင်းဖြန့်ချိသူ စသည့်ကုန်စည်တို့၏ကွင်းဆက်တစ်လျှောက်လုံး ပါဝင်သူများနှင့် ဖွဲ့စည်းထားရှိပြီး ဈေးကွက်အတွင်း၌  ကုန်စည်ဈေးနှုန်းများ သတ်မှတ်ရာတွင်   အဓိကကျသောနေရာမှ  ပါဝင်လျက်ရှိသောကြောင့် ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  အလေးထား ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဖွဲ့စည်းထားရှိသော ကုန်စည်ဒိုင် ရှစ်ခုရှိပြီး ၎င်းတို့အနက် မန္တလေးပွဲစားကုန်သည်  စက်ပိုင်များ မဟာကထိန်တော်အသင်း၊ သကြားနှင့်သကာရည် ကုန်စည်ဒိုင်၊ မြင်းခြံကုန်စည်ဒိုင်တို့မှာ သက်ဝင်လှုပ်ရှားမှုကောင်းမွန်ပြီး  ဌာနနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဖွင့်လှစ်ပြီးစီးသည့်ကုန်စည်ဒိုင်များမှာ-

 

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း၊    မန္တလေးဆန်ကုန်စည်ဒိုင်၊ မန္တလေး သကြားကုန်စည်ဒိုင်၊   မြင်းခြံကုန်စည်ဒိုင်များအနေဖြင့်  လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူမှုရှိစေရန်နှင့် စနစ်တကျဖြစ်စေနိုင်ရန်အတွက် အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများဖြင့်  လုပ်ကိုင်ဆောင် ရွက်လျက်ရှိသည်။  အဆိုပါကုန်စည်ဒိုင်လေးခုအနေဖြင့် မန္တလေးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ညီနောင်အသင်းဝင်များဖြစ်ကြပြီး ကုန်စည်ဒိုင်များ၏ ကိုယ်ပိုင် website များနှင့် Facebook Page များမှတစ်ဆင့်  နေ့စဉ်သီးနှံ ကုန်စည်ဈေးနှုန်းများကို ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိကာ အသင်းသားများ အချင်းချင်း လည်း Facebook ၊ Viber Groups များမှတစ်ဆင့် ချိတ်ဆက်ကာ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်လျက်ရှိသည်။ ကုန်စည်ဒိုင် အသင်းသားများအနေဖြင့် နမူနာပစ္စည်းပေါ်တွင် ကြည့်ရှု၍ရောင်းသူ ဝယ်သူ သဘောတူဈေးနှုန်းများဖြင့် ရောင်းဝယ်မှုများ  ပြုလုပ်လျက် ရှိကြောင်းလည်း သိရှိရသည်။   
အသင်းသားအချင်းချင်း   ရောင်းဝယ်မှုပြုရာတွင် ပဋိပက္ခများ ဖြစ်ပွားလာပါက  ကုန်စည်ဒိုင်အနေဖြင့်  ဖွဲ့စည်းထားသော ပဋိပက္ခ ဖျန်ဖြေရေးအဖွဲ့များဖြင့်   ညှိနှိုင်းဖြေရှင်းပေးမှုများ   ဆောင်ရွက်လျက်ရှိကြောင်း၊    တိုင်းဒေသကြီးအတွင်းရှိ   ကုန်စည်ဒိုင်ဥက္ကဋ္ဌများ နှင့် ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့်   သိရှိရသည်။  မန္တလေးပွဲစား ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းအနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် နှမ်းအား အက်စစ်ဓာတ်တိုင်းတာမှုလုပ်ငန်းများ၊ ပြောင်းအစိုဓာတ် တိုင်းတာခြင်းများ   စသည့်  အရည်အသွေးထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများကိုပါ   ပြုလုပ်လျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များအနေဖြင့် ကုန်စည် အရည်အသွေးပေါ်တွင် အာမခံပေးမှုများပြုလုပ်လျက်ရှိပြီး ကုန်စည် အရည်အသွေးနှင့်ပတ်သက်၍ စည်းကမ်းဖောက်ဖျက်သော အသင်း သားများအား အသင်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူမှု များ ပြုလုပ်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းနှင့် ဆန်ကုန်စည်ဒိုင်တို့ တွေ့ဆုံဆွေးနွေးမှုများအရ ကုန်စည်ဒိုင်များအနေဖြင့် စိုက်ပျိုးထုတ်လုပ်တောင်သူများ နှင့်ပိုမိုချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်းသိရပြီး သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့် တောင်သူများအား စိုက်ပျိုးရန် ချေးငွေ ထုတ်ချေးခြင်းထက် မျိုးစေ့၊ မြေသြဇာ၊ စိုက်ပျိုးရေးကိရိယာများ၊ လုပ်ငန်းသုံးကိရိယာများကို ပံ့ပိုးပေးခြင်းများ ပြုလုပ်ရန် ပိုမိုလိုလားလျက် ရှိပြီး ယင်းကဲ့သို့ စိုက်ပျိုးရန် ငွေချေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ရာတွင် ၎င်းတို့ကုန်သည်ပွဲစား စက်ပိုင်များမှတစ်ဆင့် ပံ့ပိုးပေးခြင်းများ လိုလားလျက်ရှိပြီး တောင်သူများနှင့် Contract Farming သဘောမျိုးဆောင်ရွက်လိုကြကြောင်းသိရှိရသည်။
ကုန်စည်ဒိုင်များအနေဖြင့်  ညီနောင်အသင်းဖြစ်သော ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI မှတစ်ဆင့် ကုန်သွယ်မှုပြုလုပ်ရန် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ နည်းလမ်းများ လိုအပ်ချက်များကို သတင်းအချက်အလက်ဖြန့်ဖြူးပေးခြင်းများ၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းအသိပညာပေးစေလိုကြောင်း ဆွေးနွေးကြသည်။  ကုန်စည်ဒိုင်များအနေဖြင့် နယ်စပ်ကုန်သွယ်ရေးကို  အဓိကထား၍  တင်ပို့ရောင်းဝယ်ခြင်းများ ပြုလုပ်လျက်ရှိရာ နယ်စပ်တင်ပို့ရာတွင် လုပ်ထုံးလုပ်နည်းပြောင်းလဲမှုများ၊ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းများကို လေ့လာသိရှိရန် အားနည်းလျက်ရှိသည်။ တိုင်းဒေသကြီးအတွင်းရှိ   ကုန်စည်ဒိုင်များ၏ အသင်းသားများတွင် ကုန်သည်ပွဲစားစက်ပိုင်များသာ အဓိကပါဝင်ပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများသည် အသင်းသားအဖြစ် ပါဝင်ရန်   တောင်သူများနှင့် ပိုမိုချိတ်ဆက်ရန် လိုအပ်လျက်ရှိပြီး   မူဆယ်(၁၀၅)မိုင်၊ ကျယ်ဂေါင် စသည့် နယ်စပ်ကုန်စည်ဒိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အားနည်းလျက်ရှိရာ အဆက်အသွယ်ကောင်းများရရှိရန်  လိုအပ်လျက် ရှိကြောင်း သိရသည်။
မန္တလေးဆန်စပါးကုန်စည်ဒိုင်အနေဖြင့်  မြေနေရာကျဉ်းသည့်အတွက် အသင်းသားများအနေဖြင့်  ကုန်စည်နမူနာပြရောင်းချရန် ခက်ခဲမှုများဖြစ်ပေါ်လျက်ရှိခြင်း၊ ကုန်စည်ဒိုင်နေရာ  အတည်တကျ မရှိခြင်းနှင့် အသင်းသားများအချင်းချင်းပင် ကုန်စည်ဒိုင်၌ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရသည်။    ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌများနှင့်   ဆွေးနွေးမှုများအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက်စေရေး အောက်ပါအချက်များအား  ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ ကြသည်-
-    တောင်သူကုန်သည်များအချင်းချင်း  ဆက်သွယ်ဆောင်ရွက်နိုင်ရေးနှင့် သတင်းအချက်အလက် ရရှိနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများလည်း ကုန်စည်ဒိုင်များတွင်အသင်းသားများအဖြစ် ပါဝင်လာစေရန် ဆောင်ရွက်ခြင်း၊
-    တောင်သူများဖွံ့ဖြိုးတိုးတက်လာမှသာ ရောင်းသူဝယ်သူ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်၍တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများနှင့် ငွေကြေးများ ကူညီထောက်ပံ့ခြင်း၊
- တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှတစ်ဆင့်  ကုန်သွယ်ရေးသတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းနှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကုန်စည်ဒိုင် အသင်းသားများအား  ကုန်သွယ်ရေးနည်းလမ်းများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအား   သင်ကြားပေးခြင်းနှင့် မကြာခဏဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း၊
-    ကုန်စည်ဒိုင်များတွင်  ကုန်စည်များအား    စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ်ခြင်းစနစ်များ   ကျင့်သုံးခြင်း၊ အရည်အသွေးစံချိန်စံညွှန်း  Specification တိုင်းတာရန်  ပညာရှင်များ ခန့်အပ်ခြင်း၊ ပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊
-    ကုန်စည်ဒိုင်များတွင် စာကြည့်တိုက်ငယ်များထားရှိ၍   ကုန်သွယ်ရေးနှင့်ပတ်သက်သည့်  သတင်းအချက်အလက်များ၊ သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းစာအုပ်များထားရှိခြင်း၊
-    ကုန်စည်ဒိုင်များအနေဖြင့် online Media များမှတစ်ဆင့် ဒေသတွင်း ကုန်စည်ဒိုင်များအချင်းချင်းချိတ်ဆက်ဆောင်ရွက်ခြင်း၊
-    ကုန်စည်ဒိုင်များအနေဖြင့် Online Platform များ တည်ထောင်၍ရောင်းဝယ်မှုပြုခြင်းနှင့်   နိုင်ငံတကာကုန်စည်ဒိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊
-    သက်ဆိုင်ရာဌာနများမှ ငွေကြေးဆိုင်ရာ မူဝါဒများ၊ ကုန်သွယ်မှု ဆိုင်ရာ မူဝါဒများ ဆောင်ရွက်ရာတွင် ကုန်စည်ဒိုင်များအနေ ဖြင့် ပိုမိုညှိနှိုင်းပေါင်းစပ်မှုများဆောင်ရွက်ခြင်း၊
-    ကုန်စည်ဒိုင်များတွင် ဥပဒေလေ့လာရေးအဖွဲ့၊ ဈေးကွက်ရှာဖွေ ရေးအဖွဲ့ကဲ့သို့သော  အဖွဲ့ခွဲငယ်များ(Sub Groups)ဖွဲ့စည်း ဆောင်ရွက်ခြင်း၊
-    ကုန်စည်ဒိုင်အချင်းချင်း  အရောင်းအဝယ်သဘောတူစာချုပ် ချုပ်ဆို၍ အသင်းသားများက သတ်မှတ်ကုန်စည်ရောင်းဝယ်မှု ပမာဏများအပေါ် အရည်အသွေးပြည့်မီစေရန် အာမခံထိန်းညှိ ဆောင်ရွက်ပေးခြင်း၊
တိုင်းဒေသကြီးတစ်ခုအတွင်းရှိ   ကုန်စည်ဈေးနှုန်းများ  တည်ငြိမ်မှုရှိစေရေး ဈေးနှုန်းအတက်/အကျကို ထိန်းညှိနိုင်စေရေးအတွက် ကုန်စည်ဒိုင်များသည် မရှိမဖြစ်  လိုအပ်လျက်ရှိသည်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရေးနှင့်စီးပွားရေးလုပ်ငန်းများ လွယ်ကူစေရေးအတွက် တစ်ဦးတစ်ယောက်တည်း  လုပ်ဆောင်ခြင်းထက်  အစုအဖွဲ့၊ အသင်းအဖွဲ့အများအားဖြင့် ဆောင်ရွက်ခြင်းမျိုးသည်  ပိုမိုလွယ်ကူစေသည်။  ကုန်စည်ဒိုင်ဆိုသည်မှာ   ရောင်းဝယ် ဖောက်ကားမှုများအတွက်  လိုအပ်သောနေရာ၊ တိုင်းဒေသကြီး ကုန်သွယ်မှု ဖွံ့ဖြိုးစေရန် လိုအပ်ချက်တစ်ခုဖြစ်သဖြင့်  ဖွံ့ဖြိုးတိုးတက်စေရေး  ကြိုးပမ်းဆောင်ရွက်သင့်သည်။ ကုန်စည်ဒိုင်ဖွံ့ဖြိုးစေဖို့ဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ ဌာနများ၊  တောင်သူ၊  ကုန်သည်၊ ပွဲစား၊ စက်ပိုင်များ အားလုံး စုပေါင်းကြိုးပမ်းသင့်ပါကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။

ယဉ်ယဉ်အေး(မန္တလေး)