Main menu

Background

ခိုင်မာကျယ်ပြန့်လာတဲ့ ကျောက်ကာယွန်းထည်ဈေးကွက်

Tue, 02/17/2015 - 20:28 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

       ရှေးနှစ်ပေါင်းများစွာကတည်းက ထွန်းကားခဲ့တဲ့ မြန်မာ့ယွန်း ထည်လုပ်ငန်းဟာ ပုဂံ၊ မန္တလေး၊ အင်းဝ၊ ဝက်သဲ (မောင်းထောင်) ကျောက်ကာစတဲ့ ဒေသ ၅ ခုမှာ ဆက်လက်အမွေခံကာ ရိုးရာမပျက် ထုတ်လုပ်လျက်ရှိကြပါတယ်။ အဲဒီဒေသ ၅ ခုထဲက တစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက်ကာ (မြောက်ရွာ) မှာ လည်း ရိုးရာယွန်းထည်လုပ်ငန်းကို ရှေးယခင်ကတည်းက အဆင့်ဆင့်  ပညာလက်ဆင့်ကမ်း ဆောင်ရွက်ခဲ့ကြကာ ယနေ့အခါ လုပ်ငန်းရှင် ၂၂ ဦးနဲ့ လုပ်သား ၅၅ ဦးအထိ ကျယ်ပြန့်လာပြီး၊ ယွန်းထည်လုပ်ငန်း အစုအဖွဲ့တစ်ခုအဖြစ် အရှိန်မြင့်ကာ  အသေးစားကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တဖက်တစ်လမ်းကနေ ပံ့ပိုးလုပ်ဆောင် နိုင်ခဲ့တာတွေ့ရပါတယ်။
       ကျောက်ကာယွန်းထည်ကို အခြေခံအားဖြင့် အမှတ်တရအလှ ပြ ပစ္စည်းအဖြစ်နဲ့ အသုံးပြုရတဲ့ပစ္စည်း အဆင့်များအဖြစ် နှစ်မျိုးနှစ် စားထုတ်လုပ်လျက်ရှိပြီး၊ အခြားယွန်းဒေသများနဲ့မတူဘဲ ကိုယ်ပိုင် ဟန်နဲ့ ထုတ်လုပ်လျက် ရှိတာမို့ နိုင်ငံခြားသားများ စိတ်ဝင်စားကြိုက် နှစ်သက်မှု တိုးမြင့်လာတယ်လို့ ယွန်းထည်လုပ်ငန်းစု ဥက္ကဋ္ဌဖြစ်တဲ့ ငွေကြယ်စင်ယွန်းထည်လုပ်ငန်းပိုင်ရှင်ဖြစ်သူ ဦးစိုးမိုးကျော်ကပြော ပါတယ်။
ယွန်းထည်ပစ္စည်းတစ်ခုပြုလုပ်ဖို့ အစမှအဆုံးထိ အနည်းဆုံး လုပ်ငန်း ၁၃ ခုရှိသလို လုပ်သား ၁၃ ဦး လိုအပ်ပါတယ်။ ထို့အတူ ယွန်းထည်ပစ္စည်း မည်သည့်အရွယ်အစားမျိုးကိုဖြစ်စေ ထုတ်လုပ်မှု အနည်းဆုံး ခြောက် လ၊ ရှစ် လမှ တစ် နှစ်ထိရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် တန်ဖိုးမြှင့်ပစ္စည်းအမျိုးအစားများကို အော်ဒါအရသာ ကြိုတင်ထုတ် လုပ်ပြီး ကုန်ပစ္စည်းများကိုတော့ ပုံမှန်ထုတ်လုပ်မှုရှိတယ်လို့သိရပါတယ်။ ယွန်းထည်ထုတ်လုပ်ဖို့ ကုန်ကြမ်းများဖြစ်တဲ့  မဲတင်းခ ဝါး၊ ကျွန်းလွှစာမှုန့်၊ သစ်စေး၊ ဟင်္သာပြဒါး၊ ရောင်စုံဆေးမှုန့်၊ ဒစ်စကိုရွှေ၊ ကော်ပတ်၊ သင်္ဘောဆေး များကို ဒေသအသီးသီးကနေ ပါဝင်အသုံးပြု ရကာ၊ ဆွမ်းအုပ်၊ မင်္ဂလာပွဲပြင်အုပ်၊ ဆွမ်းတော်တင်မိုက် ဆိုင်အုပ်၊ စော်ဘွားသုံး တိုးနယားခြေ မိုက်ဆိုင်အုပ်၊ ကွမ်းတောင်ကိုင် လက်ပွေ့အုပ်၊ လက်ဖက်အုပ်၊ စားပွဲတင်ကွမ်းအစ်၊ ထမင်းချိုင့်၊ ရေခွက်၊ ရေမှုတ်၊ ဗျတ်အမျိုးမျိုး၊ သံုံးချောင်းထောက် ဒေါင်းလန်း၊ ဒေါက်အစုံပါ ယွန်းပန်းချီကား၊ စီးကရက်ဗူး၊ ပြာခွက်၊ စားပွဲတင်  တစ်ရှုးစက္ကူဗူး၊ စကော၊ ပြည်တောင်း၊ သောက်ရေအိုးအဖုံး၊ ဇီးကွက် ရုပ်နဲ့ ကလေးကစားစရာ သုံးဆင့်ချိုင့်များအထိ ကုန်ကြမ်းအမျိုးပေါင်း များစွာ ထုတ်လုပ်လျက်ရှိပါတယ်။
      ကုန်ချောပစ္စည်း တန်ဘိုးအနေနဲ့ အနည်းဆုံး ၁၀၀၀ ကျပ်မှ ၂ ဒသမ ၅ သိန်းကျပ်ခန့်အထိ  ပစ္စည်း အဆင့်အတန်းပေါ်မူတည်ပြီး သတ်မှတ်ရောင်းချလျက်ရှိကာ ၂၉ လက်မအမြင့်ရှိတဲ့ ဆွမ်းချိုင့် တစ်လုံးကို အနည်းဆုံး ၁ ဒသမ ၅ သိန်း၊ ၂ သိန်းထိရှိပြီး၊ ယွန်းလက် ဖက်ရည်အိုး (ဗျက်+ပုဂံ ၄ လုံး) တစ်စုံရဲ့ တန်ဖိုးဟာ ကျပ် ၂ ဒသမ ၂၅ သိန်းရှိတယ်လို့ လုပ်ငန်းရှင် ဦးစိုးမိုးကျော်ကပြောပါတယ်။ အခု လို ကုန်ချောပစ္စည်းများ တန်ဖိုးမြင့်မားသလို လုပ်ငန်းရှင်များအနေနဲ့ လုပ်ငန်းအရှိန်အဟုန်မပျက် လည်ပတ်ဖို့အတွက် ငွေကြေးအရင်း အနှီး ခက်ခဲမှုရှိကာ မုံရွာမြို့နယ်၊ ကုန်သွယ်ရေးဦးစီးဌာနနဲ့ချိတ်ဆက် ပြီး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ဇေယျာပဒေသာဖောင်ဒေးရှင်းကနေ လုပ်ငန်းရှင် ၂၂ ဦးအတွက် ကျပ်သိန်း ၂၃၀၊ ယွန်းလုပ်ငန်း ၅၀ ဦး အတွက် ကျပ် သိန်း ၅၀၊ စုစုပေါင်း ကျပ်သိန်း ၂၈၀၊ ပထမအကြိမ် ထုတ်ချေးပေးခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ၂၀၁၄ ခု ဒီဇင်ဘာလ ၁၈ ရက်နေ့က လုပ်ငန်းရှင် ၂၂ ဦးအတွက် ကျပ်သိန်း ၃၃၅ သိန်းနဲ့ ယွန်း လုပ်သား ၅၅ ဦးအတွက် ကျပ်သိန်း ၁၁၀ စုစုပေါင်း ကျပ် ၄၄၅ သိန်း ထုတ်ချေးပေးခဲ့ရာ လုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင် နိုင်ခဲ့တယ်လို့ လုပ်ငန်းရှင်များကပြောပါတယ်။
       ကျောက်ကာယွန်းထည်ရဲ့ ဈေးကွက်အားဖြင့် ပြည်တွင်းဈေး ကွက်အနေနဲ့ ကျောက်ကာရွှေဂူနီဘုရားကြီး ဈေးဆိုင်ခန်းများမှာ နှစ် ပေါက်ရောင်းချသလို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ၊ ရေး၊ မြိတ်၊ မော်လမြိုင်၊ သထုံ၊ ကျောက်မဲ၊ သီပေါ၊ သံတွဲ၊ နေပြည်တော်တို့ကိုဖြန့်ချိပြီး ပြည်ပဈေးကွက်အနေနဲ့ မြဝတီနယ်စပ် မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး၊ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဒေသသို့လာရောက် ဝယ်ယူမှုများလည်း အဆက်မပြတ်ရှိတယ်လို့ အဆိုပါလုပ်ငန်းရှင်များကပြောပါတယ်။ ဒီလိုပြည်တွင်းဈေးကွက်များသို့ တင်ပို့ရောင်းချမှုရှိသလို ကုန် သွယ်မှုမြှင့်တင်ရေးဦးစီးဌာနရဲ့ ချိတ်ဆက်မှုနဲ့ ဒေသထွက်ကုန်ပြပွဲများ အိန္ဒိယနိုင်ငံ ဆန်းရှိုင်းကုမ္ပဏီပြပွဲများသို့ပါ အခါအားလျော်စွာ ပြသ နိုင်ခြင်းဖြင့် ဈေးကွက် ဈေးနှုန်းပိုမိုကျယ်ပြန့်လာကာ အခွင့်အလမ်းနဲ့ ဒေသရဲ့တစ်ဦးချင်းဝင်ငွေတွေကို ပိုမိုတိုးတက်စေတဲ့ အသေးစား ကုန်ထုတ်လုပ်ငန်းတစ်ခုအဖြစ် အောင်မြင်စွာရပ်တည်လျက်ရှိပါ ကြောင်း ...။                                                  

    ထွန်းလှိုင်-မုံရွာ