Main menu

Background

သနပ်ခါးစိုက်ပျိုးမှု ၄၀ရာခိုင်နှုန်းခန့် ကျဆင်း

Tue, 11/05/2019 - 12:34 -- journal_editor

       ပြည်တွင်း၌ သနပ်ခါးအသုံးပြုမှု နည်းလာခြင်းနှင့်အတူ ဈေးကွက်လိုအပ်ချက် နည်းပါးလာခြင်းကြောင့် သနပ်ခါး စိုက် ပျိုးမှု ၄၀ ရာခိုင်နှုန်းခန့်  ကျဆင်းသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ  သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းမှ သိရသည်။ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးသော သနပ်ခါးများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် မထုတ်လုပ်နိုင်ခြင်းနှင့်အလှကုန်ပစ္စည်း များတွင် အသုံးပြုမှုနည်းပါးလာသောကြောင့် ဈေးကွက်လိုအပ်ချက် နည်းပါးလာကာ စိုက်ပျိုးသူ တဖြည်းဖြည်း ရှားပါးလာခြင်း ဖြစ်ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးကျော်မိုးက အောက်တိုဘာ ၂၄ ရက်တွင် ပြောသည်။ “အခု သနပ်ခါးကို အဆင့်မြင့်ထုတ်ကုန်တွေဖြစ်တဲ့ အလှကုန်ပစ္စည်းတွေမှာပါတယ်ဆိုပြီး  ရောင်းကြတယ်။ ဒါပေမဲ့ အဲဒီထဲမှာ တကယ်မပါဝင်ဘူး။ ဒါကို ထိန်းချုပ်မှုလည်း မလုပ်နိုင်သေးတော့  တဖြည်းဖြည်းနဲ့ ဈေးကွက်ပမာဏက ကျဉ်းမြောင်း လာတယ်။ အဲဒီအခါမှာ စိုက်ပျိုးသူတွေကလည်း သနပ်ပင်တွေကိုဖျက်ပြီး လျှော်ဖြူတွေကို အစားထိုးစိုက်ပျိုးလာကြတဲ့အတွက် အခုဆိုရင် ၆၀ ရာခိုင်နှုန်းလောက်ပဲရှိတော့မယ်”ဟု ၎င်းက ပြောသည်။

        အဆိုပါဈေးကွက် ပိုမိုကျယ်ပြန့်လာစေရေးအတွက် သနပ်ခါးပါဝင်သည်ဟုဆိုကာ ရောင်းချနေသည့် မိတ်ကပ်နှင့်အလှ ကုန်ပစ္စည်းများကို ထိန်းသိမ်းကြပ်မတ်ကြရန် လိုအပ်ပြီး ကြပ်မတ်မှုများကိုပြုလုပ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ အသင်း အနေဖြင့် တိုင်ကြားထားပြီးဖြစ်သည်ဟု ဆိုသည်။ “လက်ရှိမှာ သနပ်ခါး ပါဝင်တယ်ဆိုပြီး ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အလှကုန်တွေရဲ့ ဓာတ်ခွဲစစ်ဆေးပြီးတဲ့ ရလဒ်တွေ ကို စားသုံးသူရေးရာဦးစီးဌာနကို တင်ပြထားပြီးဖြစ်ပါတယ်။ စားသုံးသူရေးရာဥပဒေမှာ ပါဝင်တဲ့အချက်အလက်အတိုင်း လိုက် နာဖို့အတွက် အသိပညာတွေ  ပေးနေတယ်။ မကြာမီမှာ အသိပညာပေးကာလက  ကုန်တော့မှာဖြစ်ပါတယ်။ အရေးယူမှုတွေ ပြုလုပ်တော့မယ်လို့လည်းသိရတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ သနပ်ခါးဈေးကွက် တိုးတက်မှုမရှိခြင်းအပြင် ရေရှည်စိုက်ပျိုးရသော အပင်အမျိုးအစားဖြစ်သောကြောင့်  စိုက်ပျိုးသူများ အနေဖြင့် အလျင်အမြန် ထုတ်ယူရောင်းချနိုင်ရန်အတွက်   လက်ရှိ၌ အပင်ကြီးမြန်ဆေးများ အသုံးပြုလာကြကြောင်း ၎င်းက ပြော သည်။ ထို့ကြောင့် သနပ်ခါးများမှာ အမွှေးနံ့သာများ ကြာရှည်မခံခြင်း၊ ပိုးကိုက်မှု များလာခြင်း၊ သက်တမ်းတွက်ချက်ရန် မလွယ် ကူတော့ခြင်းများလည်း ဖြစ်လာသောကြောင့်  ဆေးများအသုံးပြု၍ စိုက်ပျိုးမှုမပြုကြရန် လိုအပ်ကြောင်း ၎င်းက  ပြောသည်။သို့ဖြစ်၍ မုံရွာမြို့တွင် ပြုလုပ်မည့် သနပ်ခါးညီလာခံ၌ အဆိုပါကိစ္စရပ်များအပြင် အခြားသနပ်ခါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေးအတွက် လိုအပ်သည့် အချက်အလက်များကိုဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။                  

 

ပန်းဆု