Main menu

Background

၀န်ကြီးဌာနနှစ်ခုပေါင်းလိုက်ခြင်းက မြန်မာ့ စီးပွားရေးတိုးတက်စရာအကြောင်းရှိလာ

Thu, 11/28/2019 - 15:59 -- journal_editor

         ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းမည်ဆိုသည့် သတင်းထွက် ပေါ်လာသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းမည်ဟူသော သတင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက တာဝန်ပေးချက်အရ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ယင်းဝန်ကြီး ဌာနနှစ်ခုပူးပေါင်း ဖွဲ့စည်းမည်ကို ပြည်ထောင်စုလွှတ်တော်တွင် နိုဝင် ဘာ ၁၅ ရက်ပုံမှန်အစည်းအဝေးပဉ္စမနေ့တွင် ရှင်းလင်းတင်ပြခဲ့ သည်။ ရှင်းလင်းတင်ပြရာတွင် လက်ရှိစက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ သည် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကို စီမံကြီးကြပ်လည်ပတ်နိုင်ရေး ကို အဓိကဦးစားပေးထားသော ဖွဲ့စည်းပုံဖြစ်သည်။ ဗဟိုအုပ်ချုပ် သည့် စီးပွားရေးစနစ်အတွက် လိုအပ်သည့် အုပ်ချုပ်ရေးယန္တရားများ နှင့် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် အရေးပါသောလုပ်ငန်းစဉ်များကို ယခုဖွဲ့စည်းပုံတွင် ရောထွေးစွာ ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ လက်ရှိနိုင်ငံတော် စီးပွားရေးစနစ် သည် အမိန့်ပေးစီးပွားရေးစနစ် (Market Economy) မှ ဈေးကွက် စီးပွားရေးစနစ် (Command Economy)  သို့ ဦးတည်နေသည့်အတွက် ယင်းဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်နိုင်မည့် စက်မှုကဏ္ဍဆိုင်ရာ မူဝါဒများနှင့်ကြီးကြပ်ထိန်းကွပ်မှုများကို ဆောင်ရွက်နိုင်မည့် ဖွဲ့စည်းပုံအသစ်တစ်ခုသို့ အသွင်ကူးပြောင်းရေးသည် အရေးကြီးသည်။ ထို့ကြောင့် စက်မှုဝန်ကြီးဌာနနှင့်စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနတို့ နှစ်ခုပူးပေါင်းဖွဲ့စည်းခြင်းဖြင့် အသွင်ကူးပြောင်း ခြင်းဆိုင်ရာ လုပ်ငန်း စဉ်များကို ထိရောက်မြန်ဆန်စေမည်။ နိုင်ငံတကာတွင်လည်း စက်မှုဝန်ကြီးဌာနကို ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန၊ စီးပွားရေး၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနစသည်ဖြင့် စီးပွားရေးနှင့်ဆက်စပ်သော ဝန်ကြီးဌာနများ ဖြင့် ပူးတွဲ ဖွဲ့စည်းလေ့ရှိသည်။ မြန်မာနိုင်ငံ၏ အခြေအနေအရ မြန်မာ နိုင်ငံအတွက် မဟာဗျူဟာမြောက် စီးပွားရေးစီမံကိန်းများ (Strategic Economic Planning)  များ ရေးဆွဲအကောင်အထည်ဖော်လျက် ရှိသည်။ နိုင်ငံတော်ဘဏ္ဍာငွေများကို စနစ်တကျ စီမံခန့်ခွဲလျက်ရှိ သည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဖွဲ့စည်းရန် အသင့်လျော်ဆုံးဖြစ်သည်စသည်ဖြင့် ဒုတိယ ဝန်ကြီးဦးဆက်အောင်က ရှင်းလင်းတင်ပြသွားခဲ့သည်။

        ဝန်ကြီးဌာနနှစ်ခုပူးပေါင်းပြီး ဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ဖွဲ့စည်းမည်ဆိုခြင်းကို ယခုလို နားလည်လိုက်သည်။ စက်မှုဝန်ကြီး ဌာနဟူသည် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများကိုသာ ကြီးကြပ်ကွပ်ကဲ စီမံခန့်ခွဲရသည်။ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံကုန် ထုတ်လုပ်ခြင်း၊ စီးပွား ရေးလုပ်ကိုင်ခြင်းဟူသည် နိုင်ငံတော်၏သွားနေသော စီးပွားရေးမူနှင့် မကိုက်ညီတော့။ မြန်မာနိုင်ငံဈေးကွက်စီးပွားရေးစနစ် လွတ်လပ်ပွင့် လင်းရှင်သန်အောင် ဆောင်ရွက်နေချိန် (အသွင်ကူးပြောင်းနေချိန်)တွင် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံ ကုန်ထုတ် လုပ်ငန်းများ၏ သဘောသဘာဝနှင့်ကိုက်ညီမှု မရှိတော့။ ထို့ပြင် ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ အစိုးရမှန်လျှင် စီးပွားရေးလုပ်ရသော အစိုးရမျိုး မလုပ်ကြတော့ဘဲ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကို ရှင်သန်အောင် အစိုးရပိုင်းက မူဝါဒပေါ်လစီ ချမှတ်ပေးကာ လွတ် လပ်စွာ စီးပွားရေး လုပ်ခွင့်သာအောင် ငွေကြေးအရင်းအနှီး ကူညီ ထောက်ပံ့ ချေးငှားပေးရခြင်းမျိုးသာ လုပ်ကြတော့ မည်။ အခြားသော ဒီမိုကရေစီနိုင်ငံများတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ယင်းဝန်ကြီးဌာနနှစ်ခု ပူးပေါင်းပြီး ဝန်ကြီး ဌာနတစ်ခုတည်းဖြစ်အောင် စီမံလိုက်ခြင်းဖြစ်မည်ဟု နားလည် လိုက်သည်။ ထို့ပြင် ဝန်ကြီးဌာနတစ်ခုတည်းဖြစ်သွား၍အစိုးရ အသုံး စရိတ် ဘတ်ဂျက်ကိုလည်း တစ်နည်းတစ်ဖုံ ချွေတာရာရောက်သည်။ ဖော်ဆောင်နေသော လွတ်လပ်ပွင့်လင်းသည့် ဈေးကွက်စီးပွားရေး စနစ်အား စီမံခန့်ခွဲအကောင်အထည်ဖော်ရာတွင်လည်း ထိထိမိမိ ရှိသွားမည်။ သည့်ပြင်လည်း ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်လိမ့်မည်။ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ       ပုဂ္ဂလိကသို့ လွှဲပြောင်းရေးလုပ်ငန်းများကိုလည်း ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်လိမ့်မည်။ ဝန်ကြီးဌာနနှစ်ခုပေါင်းစည်းရေးနှင့် စပ်လျဉ်းပြီး ဒုတိယ ဝန်ကြီး ဦးဆက်အောင်ကတော့ ယခုလို ဆက်လက်ရှင်းလင်းတင်ပြ သည်။ လွန်ခဲ့သည့် နှစ်နှစ်တာကာလကတည်းက စက်မှုဝန်ကြီး ဌာန၏ ရပ်ဆိုင်းထားရသည့် စက်ရုံ၊ အလုပ်ရုံများကို လေ့လာသုံးသပ် ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ]နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ}နှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်မည်။ စက်မှု ဝန်ထမ်းများအတွက်လည်း ၎င်းတို့၏ကျွမ်းကျင်မှုသဘောဆန္ဒများနှင့်ကိုက်ညီသည့်လုပ်ငန်းတာဝန်များကို ဝန်ကြီးဌာနအသစ်တွင် ပိုမိုလွယ်ကူအဆင်ပြေစွာ ကူးပြောင်းထမ်း ဆောင်နိုင်မည်ဖြစ်ကြောင်း လည်း ရှင်းလင်းတင်ပြခဲ့သည်။ ဒုတိယဝန်ကြီးတင်ပြချက်အရ စက်မှု ဝန်ကြီးဌာန လက်ရှိဖွဲ့စည်းပုံအရ ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းလေးခုရှိ ကြောင်း သိရသည်။ ဦးစီးဌာနသုံးခုမှာ ဝန်ကြီးရုံး၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနတို့ဖြစ်သည်။ လုပ်ငန်းလေးခုမှာ -အမှတ် (၁)အကြီးစားစက်မှု လုပ်ငန်း၊ အမှတ် (၂) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းတို့ဖြစ်သည်။

        ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စက်မှု ဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်စက်ရုံများကို အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုစနစ် PPP (Public- Private Partnership)  ဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းဆောင် ရွက်ခဲ့သည်။ စက်ရုံပေါင်း ၅၅ ရုံရှိသည်ဟုလည်း သိရသည်။ လက်ရှိ ရရှိထားသော သတင်းအချက်အလက်များအရ လုပ်ငန်းရပ်ဆိုင်း ထားရသည့် စက်ရုံများ၊ စာချုပ်ဖျက်သိမ်းရန်တင် ပြထားသည့် စက်ရုံ များ၊ စာချုပ်အတိုင်းအကောင် အထည်မဖော်နိုင်သည့် စက်ရုံများနှင့် အရှုံးဖြင့် လုပ်ငန်းလည်ပတ်နေသည့်စက်ရုံများ အရေ အတွက်သည် အမြတ်ရပြီးလုပ်ငန်းလည်ပတ်နေသည့် စက်ရုံအရေအတွက်ထက် ပိုမိုများပြားနေသည်ဟုလည်း ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြခြင်း တွင် ထည့်သွင်းပြောကြားသွားသည်။ ထို့ပြင် "စက်မှုဝန်ကြီးဌာန လက်ရှိအကောင်အထည် ဖော်နေတဲ့ မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းများ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်မှာ အဓိကအပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ ပထမအပိုင်းက စက်မှုဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ ပုံသေပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကဏ္ဍသို့လွှဲပြောင်းပေးဖို့ဖြစ်ပါ တယ်။ ဒုတိယအပိုင်းကတော့ မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေနဲ့အသေးစားအလတ်စားလုပ်ငန်းများ SMEs  အခန်းကဏ္ဍကို ထိရောက် စွာ ထိန်းကျောင်းမြှင့်တင်နိုင်ရေးအတွက် မူဝါဒချမှတ်ခြင်း၊ ကြီးကြပ် ထိန်းကျောင်းခြင်းတွေပြုလုပ်ဖို့၊ လူသား အရင်းအမြစ်များ ပျိုးထောင် ခြင်းလုပ်ငန်းစဉ်တွေကို ထိရောက်စွာ ဆောင်ရွက်နိုင်တဲ့ ဖွဲ့စည်းပုံကို အသွင်ကူးပြောင်းဖို့ဖြစ်ပါတယ်။ ယခုအဆိုပြုတဲ့အတိုင်း ဝန်ကြီးဌာန နှစ်ခု ပူးပေါင်းဖွဲ့စည်းခြင်းအားဖြင့် မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်း တွေ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာမှာ ပိုမိုမြန်ဆန်ထိရောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ အသွင်ကူးပြောင်း တဲ့ရလဒ် ရလာနိုင်မယ်ဖြစ်ပါတယ်"ဟုလည်း ပြောကြားခဲ့သည်။ ယင်းဝန်ကြီးဌာနနှစ်ခုပေါင်းခြင်းကိစ္စကိုတော့ ကြိုဆိုရမည့် သဘောရှိသည်။ ဒီမိုကရေစီနိုင်ငံတိုင်းသည် မိမိတို့နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရက စီးပွားရေးဝင်မလုပ်ဘဲ ပုဂ္ဂလိက ဦးဆောင်သည့် လွတ်လပ်သော ဈေးကွက် စီးပွားရေးကိုသာ အားကိုး ရသည်။ မှန်ကန်သော ယှဉ်ပြိုင်မှုဖြင့် လွတ်လပ်သည့် ဈေးကွက် စီးပွားရေးလုပ်ခွင့် ဖန်တီးပေးမည်ဆိုလျှင် ထိုနိုင်ငံ စီးပွားရေးကောင်း ကို ကောင်းလာပါမည်။ မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်မှုဥပဒေလည်း ပြဋ္ဌာန်းပြီးဖြစ်သည်။ ယှဉ်ပြိုင်မှုကော်မရှင်လည်း ဖွဲ့စည်းထားပြီး ဖြစ် သည်။

 

မောင်လွင်ပြင်