Main menu

Background

ခလောက်ဆွဲရာကနေ နားကပ်ပန်သွားနေတဲ့ ပြည်ပပို့ကုန်ကျွဲ၊ နွား(အရှင်)

Thu, 11/28/2019 - 16:08 -- journal_editor

       ဂလောင်ဂလင်ဆိုတဲ့ ခလောက်သံလေးနဲ့ အတူ ယခင်ကတောင်ပေါ်လမ်းကနေ တရားမဝင် သွားနေတဲ့ ကျွဲ၊ နွား (အရှင်)တွေဟာ လယ်ယာမြေ တွေစိုက်ပျိုးထွန်ယက်ရာမှာ လိုအပ်မှုအခြေအနေ တွေအရ တားမြစ်ပိတ်ပင်ထားခဲ့တော့ အဲဒီအခွင့် အရေးကိုအရယူပြီး ဈေးကွက်ရှိရာ တစ်ဖက်နိုင်ငံ သို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက မှောင်ခို တင်ပို့ရင်း အကျိုးအမြတ်တွေရ၊ တစ်ဖက်နိုင်ငံက လည်း ဈေးကွက်နှိမ်ဝယ်ရင်း အကျိုးတွေဖြစ်ထွန်း နေလိုက်တာ စားကွက်တစ်ခုလို အချိန်အတော် ကြာခဲ့သည်။ ဒီလိုအခြေအနေတွေ  ပြောင်းလဲပြီး ယခု အစိုးရ သက်တမ်းကာလမှာ နိုင်ငံတော်က ရသင့် သည့် အခွန်အခ များရရှိစေရန်၊ နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရန်၊ ပြည်သူများ အနေဖြင့် ကျွဲ၊ နွားများ ပြည်ပတင်ပို့မှုမှရရှိသော ဝင်ငွေဖြင့် မိသားစုစားဝတ်နေရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်နှင့် ကျွဲ၊ နွား များ ပြည်ပသို့တရားမဝင်တင်ပို့မှုများ ပပျောက် စေပြီး နိုင်ငံ၏ပို့ကုန်ဝင်ငွေ  တိုးမြှင့်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၇ ခုနှစ် အောက်တို ဘာ ၉ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၄၉/ ၂၀၁၉) ဖြင့် ကျွဲ၊ နွား ပြည်ပတင်ပို့ ရောင်းချခွင့်ကို ခွင့်ပြုပေးခဲ့သည်။

      ဒါကြောင့် ယခင်က တရားမဝင်တောင်ပေါ် လမ်းကနေ ခြေလျင်သွားနေတဲ့ ကျွဲ၊ နွား (အရှင်) တွေဟာ ယခုတော့ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနရဲ့ ကျန်းမာရေးစစ်ဆေးချက်၊ မော်တော်ယာဉ် ဖြတ်သန်းသယ်ဆောင်ခွင့်တွေနဲ့အတူ ြွေမလိမ် ြွေမကောက်တောင်တန်းကြီးတွေကို ကားစီးကျော် ဖြတ်ပြီး မူဆယ်နယ်စပ်ကနေတစ်ဆင့် တစ်ဖက် နိုင်ငံကို တရားဝင် တင်ပို့လာနိုင်ခဲ့တာဟာဆိုရင် ၂၀၁၇-၂၀၁၈ဘဏ္ဍာ နှစ်တွင် ကျွဲ၊ နွား ကောင်ရေ နှစ်သောင်းခြောက်ထောင်ကျော် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၂ ဒသမ ၃၇၂ သန်း၊ ၂၀၁၈ ခုနှစ်  Mini Budget မှာ ကောင်ရေ တစ်သိန်းသုံးထောင် ကျော် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၂ ဒသမ ၇၈၆ သန်း၊  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကောင် ရေ နှစ်သိန်းကိုသောင်းကျော်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၅၀ ဒသမ ၁၂၄ သန်းနဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ သုံးနှစ်တာကာလအတွင်း ကောင်ရေ စုစုပေါင်း လေးသိန်းခြောက်သောင်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ  ၅၈၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံတော်အနေနဲ့လည်း အခွန် ဝင်ငွေတွေတိုး၊ မွေးမြူနေတဲ့ တောင်သူတွေလည်း ထိုက်သင့်တဲ့ တန်ကြေးတွေရခဲ့ပါတယ်။

        ဒါပေမဲ့    ယခင်က တရားမဝင်   တင်ပို့မှုနဲ့ စားကွက်ရထားတဲ့ တရားမဝင် လက်နက်ကိုင်အဖွဲ့ တွေဟာ ကျွဲ၊ နွားတွေ ယခုလို တရားဝင် ကားစီးပြီး သွားနေတာတွေ့ရတော့ သူတို့ စားကွက်လည်း ပျောက်၊ စီးပွားရေးလည်း ထိခိုက်လာတော့ မရှု ဆိတ်နိုင်တော့ဘဲ ကျောက်မဲကနေ မူဆယ်ကြားမှာ ကျွဲ၊ နွား (အရှင်) တင်ပို့နေတဲ့ကားတွေကို လိုင်စင် တစ်စောင် (အကောင် ၁၀ဝ) အတွက် ဆက်ကြေး (ဘီးလိမ့်ကြေး)အဖြစ်  ကျပ်သိန်း ၆၀ လောက် ကောက်ခံတယ်လို့ ကြားသိရပြီး မပေးဘဲ သွားတဲ့ သူတွေကတော့    နာပြီသာမှတ်ဆိုသလို   ကားရော၊ လူရော နွားတွေကိုပါ ချောင်းမြောင်းပစ်ခတ်မှုတွေ လုပ်လာကြတော့ ကျွဲ၊ နွားတင်ပို့တဲ့ လူတွေအနေ နဲ့လည်း သူတို့ရဲ့  အကျိုးအမြတ် တွက်ချက်မှုမှာ လက်နက်ကိုင်   သောင်းကျန်းသူတွေရဲ့  ကုန်ကျ စရိတ်ပါ ထည့်တွက်ချက်စရာတွေ ဖြစ်လာရကြောင်း ကို သိရပါတယ်။ ဒါတင်ပဲလားဆိုတော့ မကသေး ပါဘူး။ မိမိဘက်က   တရားဝင်တင်ပို့ခွင့် ပြုထားပေ မယ့် တစ်ဖက်နိုင်ငံကလည်း ဈေးကွက်ဝယ်လိုအား ရှိပေမယ့် ဈေးနှုန်းကို ထိန်းထားချင်တာကြောင့် သားသတ်စက်ရုံတွေ တည်ထားတာတောင် တရား ဝင်ဝယ်တာမျိုးမဟုတ်ဘဲ သြ့ ထိုးပြီးမှ တရားဝင် ဝယ်မယ်ဆိုပြီး အချိန်တွေဆွဲထားသည့် သဘော တွေလည်းရှိတော့  တင်ပို့တဲ့လူက တွက်ရေးအရ ကိုက်တယ်ဆိုပေမယ့် တကယ်  ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ရတယ်လို့  ပြောလို့ မရဘူးဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံက တိရစ္ဆာန် (အရှင်) တင်ပို့မှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ MoU ရေးထိုးနိုင် ရေးအတွက် ရောဂါ ကြီးကြပ်စစ်ဆေးရေး သဘော တူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရန် နှစ်နိုင်ငံ JBTCC  (Joint Border Trade Cooperationg and Coor-dinating Committee)  အစည်းအဝေးများတွင် စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းလျက် ရှိပါတယ်။ ပြည်မမှ နယ်စပ်သို့သယ်ယူရာ လမ်းကြောင်း တစ် လျှောက်မှာ လုံခြုံရေး အခြေအနေတွေ ဒီထက်ပို ပြီး ကောင်းမွန်မယ်၊ တစ်ဖက်နိုင်ငံကလည်း တရား ဝင် ဝယ်ယူမယ်ဆိုရင်တော့ ကျွဲ၊ နွား (အရှင်) တင်ပို့ မှုဟာ ယခုထက်ပိုပြီး တိုးတက်လာနိုင်သလို တင်ပို့ သူတွေ၊ မွေးမြူတဲ့သူတွေလည်း ယခုထက် ပိုပြီး အကျိုးအမြတ်ရရှိပြီး နိုင်ငံတော်အနေနဲ့လည်း အခွန်ငွေတွေ ပိုမို တိုးတက်ရရှိလာမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 

ကျော်သူဝင်း (မာတာ)