Main menu

Background

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲကျင်းပ

Mon, 01/13/2020 - 14:02 -- journal_editor

      ပြည်တွင်း၌ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအကောင်အထည်ဖော်ရေးအတွက် သိကောင်းစ ရာ များနှင့် ပတ်သက် သည့် အကြောင်းအရာများ ဆွေးနွေးခြင်းကို ဇန်နဝါရီ ၂ ရက် တွင် ရန်ကုန်မြို့ရှိ UMFCCI၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ မူပိုင်ခွင့်ဌာနနှင့် ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မူပိုင်ခွင့် ဥပဒေ အကျိုးမသက်ရောက်မီ ကာလအတွင်း ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မူပိုင်ခွင့်ဌာနမှ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို အများပြည်သူ သိရှိစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

      ပညာရေးဝန်ကြီးဌာနမူပိုင်ခွင့်ဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့် ဥပဒေမှာတော့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့အခွင့်အရေးများကို ရရှိချင်တယ်ဆိုရင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအရ မှတ်ပုံတင် လျှောက်ထားကြရမှာဖြစ်ပါတယ်။ အရင်တုန်း ကတော့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေဆို ပြီးတော့ သီးသန့်မရှိပေမယ့် ကြေးတိုင် မြေစာရင်းမှာ မှတ်ပုံတင်ထား ကြတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံက အသုံး ပြုနေတာက First-to-use System ဖြစ်နေတာပေါ့၊ အဓိက ကတော့ ဈေးကွက်ထဲမှာ အမှန်တကယ် အသုံးပြုနေတဲ့ အမှတ်တံဆိပ်တွေကတော့ ပိုအားသာချက်ရှိတာပေါ့၊ အခု ထွက်ပေါ်လာတဲ့ ဥပဒေအရဆိုရင် ကုန်အမှတ်တံဆိပ်နဲ့ ပတ် သက်တဲ့ အရည်အသွေးများ ရှိ၊ မရှိကို စစ်ဆေးသွား မှာဖြစ်ပြီး ဒီအမှတ်တံဆိပ်အသုံးပြုနေတဲ့ ကာလပတ်လုံးမှာ ပိုင်ဆိုင် သွားနိုင်ဖို့အတွက်ရော၊ မျှတတဲ့ယှဉ်ပြိုင်မှုတွေ ဖြစ်နိုင်ဖို့ အတွက်ပါ ကျွန်မတို့ မူပိုင်ခွင့် စစ်ဆေးရေးအဖွဲ့ကနေ တာဝန် ယူဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့် လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေအရပ်ရပ်ကို အများသိရှိစေရန် အတွက် တင်ပြပေးခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်များကို အသိပေးရင်း ဟောပြော ဆွေးနွေးပေး တာ ဖြစ်ပါတယ်ဟု ပြောသည်။

      ယခင်က မြန်မာနိုင်ငံတွင် ပထမဆုံး ကုန်အမှတ်တံဆိပ်ကို အသုံးပြုသူအနေဖြင့် အားသာချက် များရှိခဲ့သော်လည်း ယခုပြဋ္ဌာန်းထားသည့် စနစ်သစ်တွင် မူပိုင်ခွင့်ပထမဆုံး မှတ်ပုံတင်ထားရှိသည့် အတွက် ပိုမိုအားသာချက်များရှိသောကြောင့် ပိုမိုသိရှိလာစေရန် ကျင်းပပေးခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်း ရှင်များအသင်းမှ သိရသည်။

 

ချောစု