Main menu

Background

ပခုက္ကူမြို့နယ်တွင် ပန်းမျိုးစုံစိုက်ပျိုးသည့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

Tue, 01/24/2023 - 11:04 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းသီးနှံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးကြသည့်အပြင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် ပန်းမျိုးစုံ စိုက်ပျိုးသည့် တောင်သူများလည်း မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပန်းမျိုးစုံ စိုက်ဧကပေါင်း တစ်ဧကနီးပါး စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးသည့်ပန်းများကတော့ ကိုရီးယား (ခရမ်း၊အဝါ)၊ သပြေ၊ လိပ်ပြာကြား၊ သရဖူ၊ ဂျူးစတား၊ ဂန္ဓာမာ စသည့် ရောင်စုံပန်းများ စိုက်ပျိုးထားကြောင်း၊ စတင်စိုက်ပျိုးချိန် ပျိုးပင်ဝယ်ယူခြင်း၊ လုပ်အားခ၊ ရေသွင်းခြင်း၊ မြေသြဇာထည့်ခြင်း၊ ရေဖျန်းပိုက်နှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့အတွက် စုစုပေါင်းခန့်မှန်းရင်းနှီးမှု ကုန်ကျငွေကျပ်ငါးသိန်းကျော်ရှိကြောင်း၊ မြို့ပေါ်ဈေးကွက်သို့ သွားရောက်ရောင်းချခြင်းမရှိဘဲ မိမိစိုက်ခင်းနေရာတွင်သာ ဖောက်သည်စနစ်ဖြင့်ရောင်းချကြောင်း၊ ဂန္ဓာမာပန်းကြိုက်သူများအနေဖြင့် ပန်းခင်းထဲအထိ လာရောက်ဝယ်ယူလျက်ရှိပြီး လေးကိုင်းစည်းတစ်စည်းကို ငွေကျပ် ၁၁၀ဝ နှုန်းဖြင့်လည်း ကောင်း၊ သပြေပန်းနှင့် အခြားပန်းများမှာ လက်တစ်ဆုပ်(တစ်စည်း)ကို ငွေကျပ် ၃၀ဝ နှုန်းဖြင့်လည်းကောင်း တစ်ရက်လျှင် အစည်း ၂၀ ကျော်ခန့် ရောင်းချရကြောင်း၊ ယခင်နှစ်တွင် စိုက်ပျိုးရင်းနှီးမှုများမပါ ရောင်းချရငွေ ကျပ် ၁၀ သိန်းကျော် အမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် မြို့ပေါ်များတွင်လည်း အခြားမြို့နယ်များမှ ပန်းများလာရောက်ရောင်းချကြသောကြောင့် ရောင်းအားနည်းလျက်ရှိကြောင်း၊ မိမိတို့ကျေးရွာတွင် ပန်းမျိုးစိုက်ပျိုးလုပ်ကိုင်သည့် အိမ်ထောင်စုခြောက်စုရှိကြောင်း ပခုက္ကူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ပန်းမျိုးစုံစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူတစ်ဦးက ပြောပြသည်။

ယခုနှစ်တွင် ပန်းမျိုးစုံစိုက်ပျိုးသည့်အပြင် ခရမ်းသီး၊ ငရုတ်သီး၊ ခရမ်းချဥ်သီးများကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)