Main menu

Background

ခရီးသွားတစ်သန်းအတွက် လိုအပ်တာတွေပြင်ဆင်မယ်

Mon, 01/18/2010 - 11:13 -- Anonymous (not verified)

မြန်မာနိုင်ငံဟာ သဘာဝအရင်းအမြစ်တွေနဲ့ပြည့်စုံနေပြီး ခရီးသွားဧည့်သည်များလာရောက်လည်ပတ်လေ့လာနိုင်စရာ သာယာ လှပတဲ့ရှုခင်းတွေနဲ့ရှေးဟောင်းအမွေအနှစ်တွေ ပေါများတဲ့ဒေသတစ်ခုဘဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းတွေ၊ ရိုးရာဝတ်စား ဆင်ယင်မှုတွေကလည်း ခရီးသွားဧည့်သည်တွေကို စိတ်ဝင်စားစေခဲ့ပါတယ်။ ဒေသတွင်းနိုင်ငံတွေထဲမှာဆိုရင် အခြားနိုင်ငံတွေ ထက် ခရီးသွားတွေလာရောက်လည်ပတ်ဖို့ ရေခံမြေခံတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းလေ့လာသူတွေကပြောပါတယ်။    မြန်မာနိုင်ငံရဲ့ဟိုတယ်နှင့်ခရီးသွား  လုပ်ငန်းကဏ္ဍဟာ Visit Myanmar Year နှစ်ကို ၁၉၉၆ခုနှစ်ကသတ်မှတ်ခဲ့ပြီး အရှိန်အဟုန် နဲ့ဆောင်ရွက်ခဲ့တာ အောင်မြင်မှုရရှိခဲ့ပါတယ်။အဲဒီ နောက်ပိုင်းမှာဖွံ့ဖြိုးမှုအရှိန်အဟုန်ကောင်းလာပြီး ၂၀၀၇ -၂၀၀၈ -၂၀၀၉ ခုနှစ် တွေမှာကျဆင်းသွားခဲ့ကြောင်းသိရပါတယ်။ ၂၀၀၈ခုနှစ်မှာ နာဂစ်မုန်တိုင်းဒဏ်ခံရခြင်း၊ ကမ္ဘာ့စီးပွားရေးပျက်ကပ် ဂယက်ရိုက်ခတ် ခံရခြင်းနဲ့သဘာ၀ ရေခံမြေခံကောင်းတွေကို ဖော်ထုတ်သတင်းပေးဆွဲဆောင်မှုနည်းနေခြင်းတို့ကြောင့်လို့ ခရီးသွားလုပ်ငန်း လေ့လာသူတွေကသုံးသပ်ထားပါတယ်။    ၂၀၀၇ခုနှစ်ကနေ ဆက်တိုက်ကျ ဆင်းလာတဲ့မြန်မာ့ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းကဏ္ဍဟာ ၂၀၁၀မှာ ပြန်လည်ဦးမော့လာပြီလို့ ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များကပြောပါတယ်။ ၂၀၀၉ခုနှစ်ပွင့်လင်းရာသီက စတင်လှုပ်ရှားလာခဲ့တဲ့ ဟိုတယ် နဲ့ခရီးသွားလုပ်ငန်းကဏ္ဍဟာ ၂၀၁၀နှစ်ဆန်းမှာတော့ လေကြောင်းလိုင်းတွေခရီးသည်ပြည့်နေသလို ရန်ကုန်မြို့ကနာမည်ကြီး ဟိုတယ်ကြီးတွေမှာလည်း အခန်းပြည့် ဧည့်သည်ရရှိခဲ့ပါတယ်။လက်ရှိအနေအထား    မြန်မာနိုင်ငံမှာ ဟိုတယ်အလုံး ပေါင်း၆၀၀ကျော်နဲ့ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ ၇၀၀ကျော်ရှိကြောင်း သက်ဆိုင်ရာဌာနတွေရဲ့ စာရင်းဇယား အရသိရပါတယ်။ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း ဝန်ကြီးဌာနရဲ့ ပံ့ပိုးမှု အောက်မှာ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်း၊ ခရီးသွားလုပ်ငန်းရှင်များအသင်း စားဖိုမှူးများအသင်း၊ မြန်မာနိုင်ငံဈေးကွက်မြှင့်တင်ရေးကော်မတီတွေ ပူးပေါင်း လုပ်ဆောင်နေကြပါတယ်။၂၀၀၈-၂၀၀၉နှိုင်းယှဉ်မှုနှင့် ၂၀၁၀ အလားအလာ    မြန်မာနိုင်ငံ လာရောက်လည်ပတ်တဲ့ခရီးသွားဧည့်သည်ဝင်ရောက်မှုဟာ ၂၀၀၈ ခုနှစ်ထက် ၂၀၀၉ ခုနှစ်မှာ ပိုမိုဝင်ရောက်လာခဲ့ ပါတယ်။၂၀၀၈ ခုနှစ်မှာ ရန်ကုန်ဝင်ပေါက် ကနေ ခရီးသည် ၁၇၇၀၁၈ ဦးဝင်ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ၂၂၇၄၂၄ ဦး ဝင်ရောက်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသင်းရဲ့စာရင်းအရသိရပါတယ်။    မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဌဦးသက်လွင်တိုးက ''အခုအချိန်ထိ ရန်ကုန်ဝင်ပေါက်ကဝင်တဲ့တိုးရစ် နှစ်သိန်းခွဲရှိနေပြီ။ လာမဲ့ ဧပြီဆိုသုံးသိန်းကျော်မယ်လို့ ခန့်မှန်းထားတယ်။ နယ်စပ်ဝင်ပေါက်တွေကဝင်တာလဲ ငါးသိန်းခြောက်သိန်း လောက်ဖြစ်လာနိုင်တယ်။ အခုဆို တာချီလိတ်၊ ကော့သောင်း၊ မူဆယ်ဝင် ပေါက်တွေအပြင် တရုတ်ဘက်က သုံးပေါက်ထပ် ဖွင့်ထားတယ်။ တာချီလိတ်၊ ကော့သောင်းကခွင့်ပြုချက်နဲ့ ဝင်လာတာတွေ အားလုံးပေါင်းရင်တော့မျှော်မှန်းထားတဲ့ ခရီးသည် တစ်သန်းရရှိ ရေးက 2010 Beyond 2011 လောက် မှာ ဖြစ်သွားနိုင်တယ်'' လို့ဆိုပါတယ်။ကြိုတင်ပြင်ဆင်မှုများလိုအပ်    ခရီးသွားဧည့်သည်တစ်သန်းရောက်ရှိလာပါက လေကြောင်းလိုင်း၊ ဟိုတယ်၊ ကား၊ မီးရထား၊ သင်္ဘော၊ စားသောက်ဆိုင်၊ ခရီးသွားကုမ္ပဏီ၊ ကျွမ်းကျင်ဧည့်လမ်းညွှန်စတဲ့ လိုအပ်ချက်တွေရှိလာနိုင်ကြောင်း၊ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေလုပ်သွားဖို့လို အပ်ကြောင်း ခရီးသွားလုပ်ငန်းလေ့လာသူများကပြောပါတယ်။   Myanmar VOYAGES International  TourismCo.,Ltd မှ တာဝန်ရှိသူတစ်ဦးက ''ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက ခရီးသည်သုံးသိန်းခွဲအထိ ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက ပုဂံမှာ ကားငှားစရာမရှိလို့ မြင်းလှည်း၊ Publica စတာ တွေနဲ့လည်ရတယ်။ ဟိုတယ်၊ ကား၊ လေယာဉ်တွေ အားလုံးပြည့်နေခဲ့တယ်။      ခရီးသည် တစ်သန်းဝင်လာမယ်ဆိုရင် ဝန်ဆောင်မှု စွမ်းအားက အဆင်သင့် မရှိသေးပါဘူး'' လို့ ဆိုပါ တယ်။    ခရီးသွားဧည့်သည်တစ်သန်းဝင် လာရင် ကြိုတင်ပြင်ဆင်ရမဲ့ အချက် တွေထဲမှာ ဧည့်လမ်းညွှန်တွေ မွေးထုတ် ဖို့လိုအပ်ကြောင်း သိရပါတယ်။ အပြည့်အ၀ ဝန်ဆောင်မှု ပေးနိုင်တဲ့ဧည့်လမ်း ညွှန်တွေ ၄၀၀၀ ကျော်ရှိပေမယ့် တကယ့်လိုင်းပေါ်မှာ သွားလာနေတာ ကနည်းတယ်။ ရှိတဲ့ ဧည့်လမ်းညွှန် တွေကလည်း ပြီးခဲ့တဲ့ ကာလက ပြည်ပ ထွက်သွားတာတွေ၊ လိုင်းပြောင်းသွားတာတွေ၊ အခြား အလုပ်ဝင်သွားတာ တွေနဲ့ သိပ်မရှိတော့ဘူး။ ဒါကြောင့် ထပ်ပြီး မွေးထုတ်ဖို့လိုတယ်လို့ ဦးသက်လွင်တိုးကပြောပါတယ်။အဆင့်မြင့်လူစီးယာဉ်တွေလိုအပ်    ဒါ့အပြင် မော်တော်ယာဉ်တွေ အလုံအလောက်ရှိဖို့လိုပါတယ်။ ခရီးသွားလုပ်ငန်းတွေမှာ တိုးရစ်တွေအတွက် သုံးသင့်တဲ့ကား တွေလိုတယ်၊ လှပတဲ့နေရာတွေ၊ စိတ်ဝင်စားဖွယ်နေရာတွေကိုလိုက်ပြဖို့ကားတွေလိုတယ်။ ဒါကြောင့် ဒီကဏ္ဍမှာလည်း ရင်းနှီး မြှုပ်နှံမှုတွေလိုအပ်ပါတယ်လို့ ၎င်းကဆိုပါတယ်။အဆင့်မီဟိုတယ်တွေလိုအပ်        ခရီးသွားကဏ္ဍမှာ အရေးပါလာတဲ့အချက်တစ်ချက်ကဟိုတယ်တွေပါပဲ။  အခုဆိုရင် ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံစတဲ့ ဒေသတွေမှာရှိတဲ့ ဟိုတယ်ကြီး တွေပြည့်လျှံနေပါတယ်။ ခရီးသွားကဏ္ဍတိုးတက်လာတာနဲ့အမျှ ဟိုတယ် တွေဖွံ့ဖြိုးမှု ရှိဖို့လဲ လိုအပ်လာပါတယ်။    အဆိုပါကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ''အသေးစားဟိုတယ်လေးတွေက FIT တွေအတွက်ပေ့ါ။ တကယ့် နိုင်ငံ တကာအဆင့်မီ Royal Rose Garden၊ Center Point စတာတွေ ရှေ့နှစ်ထဲမှာ ဖွင့်နိုင်မယ်ဆိုရင်ပိုကောင်းမယ်။ အခန်း ၄၀၀-၅၀၀ ရှိတဲ့ ဟိုတယ်ကြီးတွေလိုအပ်တယ်'' လို့ ပြောပါတယ်။အဆင့်မြင့်စားသောက်ဆိုင်တွေ လိုအပ်    ပြည်တွင်းမှာနိုင်ငံခြားသားတွေ စားသောက်နိုင်တဲ့ အဆင့်မြင့်စားသောက်ဆိုင်တွေ လိုအပ်ပါတယ်။ ၂၀၀၆ ခုနှစ်က ခရီးသည် သုံးသိန်းခွဲလောက်ဝင်ခဲ့စဉ်က စားသောက်ဆိုင်တွေ (အထူးသဖြင့် ပုဂံ၊ အင်းလေး၊ မန္တလေး) မှာနေရာမရှိဘူး စောင့်နေရတာ မျိုးတွေ ရှိခဲ့တယ်လို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုက ပြောပါတယ်။    ခရီးသွားလုပ်ငန်းဟာ လူအများနဲ့ သက်ဆိုင်တာကြောင့် ခရီးသွားလုပ်ငန်းဦးမော့လာစအချိန်မှာပရိုမိုးရှင်းတွေ လုပ်ဖို့ လိုအပ် လာပါတယ်။ဘယ်လိုဆွဲဆောင်မှုတွေလုပ်မလဲ    အခုခေတ်ကအင်တာနက်ခေတ်ဖြစ်နေတော့ မြန်မာနိုင်ငံရဲ့ သတင်းအချက်အလက်တွေက ဝက်ဘ်ဆိုက်တွေမှာ များများ စားစားဖောြ်ပပေးရင် ပိုကောင်းမယ်လို့ MMC က မခိုင်ဝေသွယ် က ပြောပါတယ်။    ကုန်သည်ကြီးများဟိုတယ်က မဝင်းပပအောင်ကတော့ Brand ကို ထိန်းထားဖို့လိုအပ်တယ်။ ဥပမာ ရှန်ဂရီလာအောက်က Group ဝင်ဖြစ် တဲ့အတွက် ဟိုတယ်တစ်လုံးနာမည်ပျက်ရင် ကျန်တဲ့အလုံးတွေပါ နာမည် ပျက်သွားနိုင်တယ်။ ဒါကြောင့် ဧည့်ဝတ် ကျေပွန်မှုနဲ့ ဝန်ဆောင်မှုအပြည့်ပေးနိုင်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။    ပြည်တွင်းမှာရှိတဲ့ သယံဇာတ အလှအပတွေကို လူတွေပိုစိတ်ဝင်စားလာအောင် ဘယ်လိုဆွဲဆောင်အောင်လုပ်မလဲ။ ဒါက အရေးကြီးတဲ့ကဏ္ဍလို့ ခရီးသွားလုပ်ငန်းလေ့လာသူတွေကဆိုပါတယ်။    နာဂစ်အပြီးကာလမှာ နိုင်ငံတကာက မီဒီယာတွေဖော်ပြခဲ့လို့ ယခင်ကထက် ပြည်ပခရီးသွားတွေ စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါ့အပြင် ဗီဇာကိုယခင်ကလိုစောင့်မနေရခြင်း၊ ဖားကန့်ဒေသကို ၁၄ ရက်ကြိုတင်ခွင့် ပြုချက်နဲ့ လည်ပတ်နိုင်ခြင်းတို့ကြောင့် ရန်ကုန် ဝင်ပေါက်အပြင် Entry Visa နဲ့ ဝင်လာသူတွေလည်းများလာပါတယ်။    မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်းကလည်း နာဂစ်အပြီးမှာ  မီဒီယာတွေ၊ Traveller Writer တွေ၊ Agent တွေကို စရိတ်အကုန်ခံခေါ်ပြီး ဖိတ်ခေါ်ခဲ့တယ်။ သူတို့တွေကြောင့် ဒီနှစ်မှာတော်တော်ကောင်းလာတယ်။ အသင်း အဖွဲ့အနေနဲ့ရော တစ်ဦးချင်းကရော လုပ်ခဲ့ကြတဲ့ ရလဒ်က ဒီနှစ်မှာ အသီး အပွင့်တွေတွေ ခံစားနေကြရတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတိုးတက်မှု ပိုင်း မှာ ၅၀ ရာခိုင်နှုန်းလောက်က FIT တွေ ဖြစ်လာတယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။    ခရီးသွားလုပ်ငန်းနဲ့ဆက်နွယ်နေတဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ ရိုးရာပစ္စည်းအရောင်းဆိုင်၊ လက်မှုပစ္စည်းအရောင်းဆိုင် တွေလဲ အရောင်း အဝယ်ပါးနေရာကနေ အရောင်းသွက်လာလို့အဆင်ပြေလာပါတယ်။ ဗိုလ်ချုပ်ဈေးက လက်မှုပစ္စည်းအရောင်း ဆိုင်တစ်ဆိုင်က ''အရောင်းအဝယ်ပါးလို့ ရှိတဲ့ပစ္စည်းပဲ ထိန်းရောင်းနေတာ။ အခုလို အရောင်းသွက်လာတော့ ကုန် တွေထပ်မှာ နေရတယ်'' လို့ ဆိုပါတယ်။    လတ်တလောအနေအထားအရ မြန်မာ့ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဟာတိုးတက်လာပြီဖြစ်ပြီး မကြာခင်မှာ ဒီထက်ပိုမို တိုးတက်လာတော့မှာ ဖြစ် ပါတယ်။ ပိုမိုဖွံ့ဖြိုးလာဖို့အတွက် ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်နေသူတွေ အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် မျှော်မှန်းထားတဲ့ ခရီးသည်တစ်သန်းရရှိရေးကိုရောက်ရှိလာမှာဖြစ်ပါတယ်။ လွင်လွင်မိုး