Main menu

Background

နိုင်ငံတကာ သရက်သီးဈေးကွက်ဝင်ရောက်နိုင်ရေး ပြင်ဆင်ဖို့ဆွေးနွေး

Tue, 01/19/2010 - 08:04 -- Anonymous (not verified)

    မကြာခင်ထွက်တော့မယ့် သရက်သီးများကို Export တင်ပို့ရာမှာ ဈေးကောင်းရရှိဖို့နဲ့ စံချိန်စံညွှန်းမီသရက်သီးများဖြစ်စေဖို့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနဲ့ ဆွေးနွေးညှိနှိုင်းခြင်းကို မန္တလေးမြို့ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ သတင်းပြန်ကြားရေးဌာန (TPIS)  ခန်းမ မှာ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လည် ၂ နာရီက ပြုလုပ်ခဲ့ပါတယ်။    အသင်းဥက္ကဌ ဦးမင်းကြိုင်က သရက်သီးများ စိုက်ပျိုးမှုစနစ်တကျရှိစေရေး၊ ဝယ်ယူတဲ့ အနေအထားနဲ့ အခြေအနေ၊ သရက်သီး ခူးဆွတ်ရာမှာ လေလွင့်ဆုံးရှုံးမှုများမရှိစေရေး၊ ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေးနဲ့ သရက်သီးများပြည်ပတင်ပို့ရာ လမ်းတစ်လျှောက်မှာ တတ်နိုင်သမျှ စရိတ်လျော့နည်းစေရေးတို့အတွက် အသင်းသားများနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ မကြာမီဖြစ်ပေါ်လာမဲ့  Asean Free Trade Zone မှာ နိုင်ငံတကာစံချိန်စံညွှန်းရှိတဲ့ သရက်သီးများဖြစ်မှသာ တောင်သူများနဲ့ ခြံရှင်များအတွက် ထိုက်သင့်တဲ့ ဈေးနှုန်းရရှိမှာဖြစ်ကြောင်း၊ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ရောင်းချသင့်ကြောင်း ၊ ပြည်ပကို တင်ပို့ရာမှာ တိကျတဲ့ ဈေးနှုန်းများရရှိစေရေးအတွက် ထုပ်ပိုးမှုစနစ်များ ပြောင်းလဲသင့် ကြောင်း၊ ရောင်းချရာတွင်လည်း စံဈေးနှုန်းသတ်မှတ်လို့ အလုံးကို စံနမူနာသတ်မှတ်သင့်ကြောင်း၊ ဈေးကွက်အနေအထားမကောင်းလို့ လျော့ရောင်းရတာမျိုး မဖြစ်သင့်ကြောင်း ဆွေးနွေး ပြောကြား ခဲ့ပါတယ်။    ထုပ်ပိုးရာမှာ အဝေးဝယ် လက်များက အသီးမနာစေဖို့ နဲ့ ယင် ကျားအန္တရာယ် ကာကွယ်စေဖို့ အတွက် အိတ်စွပ်ပြီး ရောင်းချတဲ့ နည်းကို ကြိုက်နှစ်သက်ကြကြောင်း၊ သရက်သီး တင်ပို့ရာ လမ်းတစ်လျှောက် ဝန်ဆောင်မှုများ လျှော့ချနိုင်ဖို့ ဆောင်ရွက်သင့် ကြောင်းနဲ့ ပြည်ပမှဝယ်ယူနေကြ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာမက ကိုရီးယား၊ ဂျပန်မှလည်း အဝယ်လိုက် လာပြီဖြစ်တဲ့ အတွက် အခြားနိုင်ငံအားလုံး ဝယ်ယူမှုရှိစေရန် မိမိတို့ဘက်မှ အရည်အသွေးမီတဲ့ သရက်သီးများ ရောင်းချနိုင်ဖို့ ဆွေးနွေး ပြောကြားခဲ့ပါတယ်။ မြန်မာ့သရက်သီးမှာ ပိုးသတ်ဆေးအသုံးနည်းတဲ့အတွက် ကိုရီးယားနဲ့ ဂျပန်ဘက်မှ အဝယ်လိုက်လာခြင်း ဖြစ်တဲ့အပြင် Asean Free Trade Zone ဖြစ်လာတဲ့အခါမှာ မိမိတို့ဘက်မှ သစ်သီးများကို စံချိန်စံညွှန်းမီ ထုတ်လုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှသာ ဈေးကွက်ရနိုင်မှာ ဖြစ်ပါကြောင်း အရည်အသွေးမီတဲ့ သရက်သီးများကို ထုတ်လုပ်နိုင်မှသာ နိုင်ငံတကာဈေး ကွက်ကို ထိုးဖောက်နိုင်ပြီး သရက်စိုက်တောင်သူများအတွက် ဝင်ငွေတိုးသလို နိုင်ငံတော်အတွက်လည်း ပြည်ပဝင်ငွေ တိုးလာ စေမှာဖြစ်ကြောင်းကို ဆွေးနွေးသွားတယ်လို့ သိရပါတယ်။ ဇူးဇူး