Main menu

Background

အကောက်ခွန်မဲ့ အာဆီယံဒေသမှာအကျိုးရှိအောင် ဘယ်လိုကုန်သွယ်မလဲ

Wed, 01/13/2010 - 05:16 -- Anonymous (not verified)

အာဖတာ    အာဖတာ ASEAN Free Trade Area (AFTA) ဆိုတဲ့စကားက အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသလို့ တိုက်ရိုက် အဓိပ္ပာယ်ထွက်ပေမယ့် အာဆီယံ-၁၀ နိုင်ငံအသိုင်းအဝန်းလေးတစ်ခုနဲ့သာသက်ဆိုင်တာ မဟုတ်ဘဲ အာဆီယံရော၊ အာရှရော၊ ဥရောပရော၊ ဘင်းစတတ်အဖွဲ့ရောစတဲ့ ကုန်သွယ်စီးပွားဖက်နိုင်ငံတွေ အချင်းချင်း အပြန်အလှန်ကုန်သွယ်မှုပြုရာမှာ လွတ်လွတ် လပ်လပ်နဲ့ ပိုမိုဖွံ့ဖြိုးပြီး ကုန်ပစ္စည်းတွေရောင်းဝယ်ဖလှယ်နိုင်ဖို့ ယခင်ရှိခဲ့တဲ့ ကြီးမားတဲ့အကောက်ခွန်နှုန်းတွေရဲ့ အတားအဆီး တွေကို ရင်ဆိုင်ကျော်လွှားနိုင်ပြီး ကုန်စည်တွေ၊ ဝန်ဆောင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ လွတ်လွတ်လပ်လပ်နဲ့ စီးဆင်းဝင်ရောက်ဖို့ အတွက်တွေ့ကြုံရတဲ့ အကျပ်အတည်းအခက်အခဲတွေကို စုစည်းမှုအင်အားနဲ့ စူးစမ်းဖြေရှင်းပြီး အကောင်အထည်ဖော်တဲ့ စီးပွားရေး နယူးမော်ဒယ်လ်ပုံစံဖြစ်လို့ လေ့လာသိထားရပါတယ်။ အားလုံးသိကြတဲ့အတိုင်း မူလ အာဆီယံအဖွဲ့ဝင်နိုင်ငံဟာ ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ အာဖတာ AFTA လို့ ခေါ်နေကြတဲ့ အာဆီယံလွတ်လပ်တဲ့ကုန်သွယ်မှု ဒေသကို စတင်လုပ်ဆောင်နေ ကြပါပြီ။ ကျန်တဲ့လေးနိုင်ငံက ၂၀၁၅ မှာအကောင်အထည်ဖော်ကြရပါမယ်။  အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဒေသ (Asean Free Trade Area-AFTA) ကနေတစ်ဆင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (ASEAN Economic Community- AEC) ကို ထူထောင်သွားမှာဖြစ်ပါတယ်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များလည်း အာဖတာကိုအလေးထားလာ    အာဖတာကိုလက်တွေ့နယ်ပယ်မှာ ကျင့်သုံးဆောင်ရွက်ရာမှာတွေ့ရှိရမဲ့ အားသာချက်အားနည်းချက်အပေါ် ကုမ္ပဏီမှ စီမံခန့် ခွဲမှုဝန်ထမ်းများအနေနဲ့ ဘယ်လိုအလေးထားပြီး ဘယ်လို အခန်းကဏ္ဍကပါဝင်ဆောင်ရွက်ရမယ်ဆိုတာကို ကျွမ်းဝင်မှုရှိဖို့နဲ့လိုသလို လက်တွေ့  လုပ်ငန်းများဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေရန်နဲ့ ပကတိအခြေအနေနဲ့ ဆက်စပ်ဆောင်ရွက်နိုင်စေရန်ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ဒိုင်းမွန်းစတာကုမ္ပဏီက သူ့ကုမ္ပဏီဝန်ထမ်း များအတွက် သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူများကိုဖိတ် ခေါ်ပြီး အလုပ် ရုံဆွေးနွေးပွဲ တစ်ခုကို ဇန်နဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ ချပ်ထရီယံဟိုတယ်မှာကျင်းပခဲ့ပါတယ်။    ''နိုင်ငံတကာနဲ့ဆက်သွယ်ပြီး ကုန်သွယ်ရာမှာ ရသင့်ရထိုက်တဲ့ အခွင့် အရေးမဆုံးရှုံးနိုင်အောင် မိမိလုပ်ငန်းနဲ့ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက်ဆောင်ရွက်ရင်း တစ်ဖက်ကလည်း တိုင်းပြည်အတွက်ပါ ဆောင်ရွက်သွားကြရမှာ ဖစ်ပါတယ်။ ၁၉၉၂ ခုနှစ် ကတည်းက CEPT Scheme ကို စတင်ဆောင်ရွက်ခဲ့တယ်။အဲဒီကတည်းက ကုန်ပစ္စည်းတချို့ကိုအခွန်လျော့ပေါ့ ပေးခဲ့ပြီးဖြစ်ပါ တယ်။ ၂၀၁၅ မှာလိုက်နာရမဲ့ အခွန်ဆိုင်ရာဖြေလျော့ မှုတွေကိုလည်းတွေ့ကြုံရမယ်။     အာဖတာအခွင့်အရေးကို အရ ယူပြီး မိမိတို့တိုင်းပြည်က ထုတ်ကုန်တွေကို ပြည်တွင်းရောင်းအားတစ်ခုတည်းကိုသာမကြည့်ပဲ ပြည်ပ ဈေး ကွက်ကိုဘယ်လိုထိုးဖောက် ရောင်းဝယ်ရမလဲဆိုတာကို အာရုံစိုက်လေ့လာဖို့လိုတယ်။ပြည်တွင်းဈေးကွက် အဆင့်ကနေနိုင်ငံတကာတွေကို ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ဖို့အတွက် အိတ်စပို့ကို တွန်းအားပေးသင့်တဲ့ အချိန် ဖြစ်တယ်''လို့ ဒိုင်းမွန်းစတားကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ ကိုကိုကြီးကအာဖတာနဲ့ပတ်သက်ပြီး သူ့ရဲ့အဖွင့် အမှာ စကားမှာထည့်သွင်းမှာကြားသွားခဲ့ပါတယ်။    ဒီအလုပ်ရုံဆွေးနွေးပွဲဟာဆိုလျှင် ပုဂ္ဂလိကလုပ်ငန်းရှင်များရဲ့ AFTA အပေါ် စိတ်ဝင်စားအလေးထားမှု ပြယုဂ်တစ်ခု ဖြစ်သလို ကုမ္ပဏီဝန်ထမ်းအဆင့်ထိ အာဖတာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေလုပ်ဆောင်ခဲ့တာတွေကို အသိပေးတဲ့ ပထမဦးဆုံး လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်ဟုဆိုရမှာပါ။    ၆ နိုင်ငံက စနေပြီ    ''အာဆီယံ ၁၀ နိုင်ငံမှာ မူလရှေ့ပြေးနိုင်ငံကတော့ စင်ကာပူနိုင်ငံဖြစ်ပြီး သူတို့အနေနဲ့နိုင်ငံတွင်းဝင်လာတဲ့ မည်သည့် ကုန်ပစ္စည်းမဆို လွတ်လပ်စွာ ရောင်းဝယ်နိုင်အောင် အကောက်ခွန်နှုန်း သုညနဲ့ စတင်မိတ်ဆက်လမ်းဖွင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် စင်ကာပူ ပြီးရင် ထိုင်း၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့အနေနဲ့ ကနဦးတုန်းက သဘောတူထားတဲ့ အတိုင်း အခွန်ကောက်ခံပြီးမှတင်သွင်းခဲ့တဲ့ပစ္စည်းအုပ်စုတွေထဲက ၂၀၀၇ ခုနှစ်ထုတ် အိပ်အက်စ်ကုတ် (HS Code) ပါစာအုပ်အရ ဖွဲ့စည်း ထားတဲ့ ကုန်ပစ္စည်းလိုင်း ၈၃၀၀ ထဲက ၉၉ ဒသမ ၆၅ ရာခိုင်နှုန်းကို အခွန်သုညနဲ့ ၂၀၁၀ ဇန်နဝါရီ ၁ ရက်ကစပြီး သူတို့ နိုင်ငံတွင်း လွတ်လပ်စွာကုန်သွယ်မှုပြု နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီမူလ ၆ နိုင်ငံက ပစ္စည်းတင်သွင်းမှုအပေါ် သုညအထိ ချဘို့ နည်းနည်းလေးတော့ ကျန်သေးပါတယ်။ ဥပမာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်ဆိုရင် ဆန်နဲ့ ဆန်ကွဲ အုပ်စုဝင် ပစ္စည်းတွေ သူတို့နိုင်ငံထဲ တင်သွင်းလာ ရင် မိမိတို့ရဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေ အတွက် အခွင့်အရေး ပေးတဲ့အနေနဲ့ ဆန်နဲ့ ဆန်ကွဲအုပ်စုကိုချန်မှသာဖြစ် မယ်လို့ ဆွေးနွေးချက်တွေရှိခဲ့တဲ့ အတွက် ၂၀၁၀ မှာ ခေတ္တ ချန်ထားတဲ့ သဘောဖြစ်ပါတယ်။  ဒါ့အပြင် ဘရူနိုင်းက ကုန်စည် ၇၇ မျိုး၊ အင်ဒိုက ၉၆ မျိုး၊ မလေးက ၉၆ မျိုး၊ ဖိလစ်ပိုင်က ၂၇ မျိုး စုစု ပေါင်း ၂၉၆ မျိုးကိုလည်း (G.E.L) General Exclusion List အရ မဖြစ်မနေ နောက်ဆုံးမှသာ လွတ်လွတ် လပ်လပ်ခွင့်ပြုပေးသင့် တယ်ဆိုပြီး ၂၉၆ မျိုးကိုချန်ပါတယ်။ (S.L) Sensitive List အရ အင်ဒိုက အမယ် ၉ မျိုး၊ ဖိလစ်ပိုင်က အမယ် ၁၉ မျိုး ပေါင်း အမယ် ၂၈ ခုကို ချန်ပါတယ်။ ဒီလိုပုံစံ နဲ့အာဆီယံ ၁၀ နိုင်ငံထဲက မူလ ၆ နိုင်ငံက ၂၀၁၀ ဇန်နဝါရီလမှာ စတင် အကောင်အထည်ဖော်နေပါတယ်။ အာဖတာကိစ္စတွေမှာ ကိုယ်တိုင်ပါဝင် ဆွေးနွေးခဲ့တဲ့ ဆရာဦးမောင်မောင်ရီ (ဘောဂဗေဒ) က ရှင်းပြပါတယ်။ လုပ် ငန်းရှင်တချို့ ဆိုရင်အာဖတာအကျိုး ခံစားခွင့်စတင်မဲ့ ကာလမှတင်ပို့ဖို့ကို ကုန်ပစ္စည်းကိုအသင့်ပြင်ဆင်စုဆောင်း ထားပြီး ဒီဇန်နဝါရီလကျမှ တင်ပို့မယ် လို့စီစဉ်ထားကြတာကို အင်တာနက် သတင်းတွေတွေ့နေရပါတယ်။ ဂုဏ်ယူရမဲ့ပွဲ    မိမိတို့နိုင်ငံအသီးသီးရဲ့ အကျိုးစီး ပွားအတွက် အရေးကြီးတဲ့ကုန်စည်အချို့ကိုသာချန်လှပ်ပြီး အချင်းချင်းအပြန်အလှန်အကျေ အလည် ဆွေးနွေး ကာလက်ခံနိုင်ဖွယ်ကုန်စည်တွေကို လွတ်လပ်စွာရောင်းဝယ်နိုင်ကြတော့ မှာမို့ ဂုဏ်ယူစရာကောင်းတဲ့ စုစည်းညီ ညွှတ်တဲ့ လုပ်ဆောင်မှုပါ။ အရေးကြီးတဲ့ ကုန်ပစ္စည်းတွေကို ဒီလိုချန်လှပ်မှုဟာလည်း ကာလရှည်မဟုတ်ပဲ အခြေအနေအချိန် အခါနဲ့ လိုအပ်သလို ပြန်လည်သုံးသပ်ပြီး အားလုံးအကျိုးအတွက်ထပ်မံဖြေလျော့သွားကြဦးမှာပါလို့ ဆရာဦးမောင်မောင်ရီက ထပ်လောင်းဆိုပါတယ်။CLMV ကဘယ်လိုပြင်ဆင်မလဲ    အာဆီယံရှေ့ပြေးအဖွဲ့ဝင် ၆ နိုင်ငံက ဒီလိုဖြေလျော့မှုတွေစပြီဆိုရင် ကျန်တဲ့ CLMV လို့ လူသိများတဲ့ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် တို့က ဘာတွေပြင်ဆင်ဆောင်ရွက်နေ ကြပြီလဲ မေးစရာရှိလာပါပြီ။ ၂၀၁၀ မှာ စုစု ပေါင်းကုန်စည်အုပ်စုရဲ့ ၄၆ ဒသမ ၄၄ ရာခိုင်နှုန်းကို အခွန်သုညကိုလျော့ပေးပြီးပါပြီ။ ၂၀၁၅ ရောက်မှသာ အာဆီယံ ရှေ့ပြေးနိုင်ငံကြီးတွေကို ကုန် ပစ္စည်းလိုင်း အမယ် ၈၃၀၀ အပေါ်မှာ သုည ရာနှုန်းအထိ အခွန်လျှော့ချသွား ကြရမှာပါ။ အဲဒီတော့ ကျန်ရှိတဲ့ ၅ နှစ်တာ ကာလအတွင်း အချိန်မီအခွင့် အလမ်းတွေ ဖော်ဆောင်နိုင်လေလေ မိမိတို့အတွက် အကျိုးရှိလေလေလို့ ပြောရမှာပါ။ ''ဒီတော့ မိမိတို့နိုင်ငံက လုပ်ငန်းရှင်တွေ ဒီအချိန်မှာ စက်မှုပို့ကုန်တွေအမယ်တွေရှာပြီးတင်ပို့မှုတွေတိုးမြှင့်သင့်တယ်။ ဘာလို့လဲဆိုတော့ အာဆီယံ ကုန်သွယ်ဖက်နိုင်ငံတွေက ကိုယ်ပို့လိုက်တဲ့အမယ်တွေအတွက် အကောက်ခွန်နှုန်းကသုညလေ။ ဒီတော့ အာဆီယံပြင်ပနိုင်ငံတွေနဲ့ ဈေးယှဉ်ရောင်းနိုင်ပြီး မျက်နှာပန်းလှပြီပေါ့။ အာဆီယံတင်မကပါဘူး၊ တရုတ်ကလည်း တရုတ်-အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်မှု ဒေသ သဘောတူညီချက် အရ ဖွင့်ပေးနေပြီ၊ ဒီတော့ ကိုယ့်ပြည် တွင်းကို ကုန်ကြမ်းပစ္စည်းတင်သွင်းပြီးမှ စက်မှု ထွက်ကုန်တွေ ထုတ်မယ်ဆိုရင် မိမိတို့ ပြည်တွင်းမှာက အကောက်ခွန် လုံးလုံးမဖြေလျော့သေးတော့တင်သွင်း လာတဲ့ ပစ္စည်းက ဈေးကြီးကြီးနဲ့ ဝင်လာမယ်။ ပြန်ထုတ်ပြီးမှ ပြန်ပို့ရမယ်ဆိုမကိုက်ဘူး၊ ဒီတော့ FDI လို့ခေါ်တဲ့ နိုင်ငံရပ်ခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ဒီမှာလာပြီး ပွင့်ပွင့်လင်းလင်း တိုးချဲ့လုပ်၊ ထွက်ကုန်တွေ တင်ပို့၊ ဒါဆိုရင် ဒီ အာဖတာခရီး ကာလတို ၅ နှစ်အတွင်း ဈေးနှုန်းအားသာမယ်။ ပြည်တွင်း ထုတ်ကုန်တိုးမယ်။ အလုပ်အကိုင် ဖွံ့ဖြိုးမယ်။ ဒါတွေကို အလေးထားဆောင်ရွက်ရင်း လူတစ်ဦးချင်း ဝင်ငွေတိုးပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ ဒီလက်တွေ့ဒိဌ အခွင့်အရေးကို လက်မလွတ်တမ်းအရယူပြီး ကုန်သွယ်မှုကဏ္ဍတိုးမြင့် သင့်ပါတယ်'' လို့ ဆရာ ဦးမောင်မောင်ရီက အကြံပြုပါတယ်။ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုဟာ ခေါင်းနဲ့ပန်း    ထရိတ်ဆိုတဲ့ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာခေါင်းနဲ့ပန်းလိုခွဲမရပါဘူး။ ကုန်ထုတ်လုပ်မှုတွေဖွံ့ဖြိုးပြီး ပြည်တွင်း ပိုပိုလျှံလျှံထုတ် လုပ်လာနိုင်လေ ဆက်စပ်နေတဲ့ပို့ကုန်တွေတိုးလာသလို၊ လူတစ်ဦးချင်ဝင်ငွေတွေလည်း တိုးလား မှာပါ။ ဒီအခါမှာ ရင်းနှီးမြှုပ်နှံဖို့ လိုလာပါ တယ်။ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုက အပြန်အလှန်အကျိုးရှိနေလို့ ခွဲမရဘဲ တစ်သားတည်းထား စဉ်းစားပြီး လွတ် လွတ် လပ်လပ်ပွင့်ပွင့်လင်းလင်းရင်းနှီး မြှုပ်နှံလာနိုင်ဖို့ ဝိုင်းဝန်းအားပေးဖို့လိုပါ တယ်။ Trade in goods, Trade in services နဲ့ Trade and Investment သုံးခုစလုံး အချက်ကျကျတိုး တက်နေဖို့ လိုတယ်လို့ ဆရာကအကြံပြုပြောဆို ပါတယ်။    ၂၀၁၀ မှာ ဘာဖြစ်မလဲ၊ ၂၀၁၅ မှာ ဘာဖြစ်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြရာမှာ အာဖတာကိစ္စတွေမှာ ဦးဆောင်ပြီး ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့တဲ့ ဆရာမကြီး ဒေါက်တာဒေါ်ခင်အုံးသန်းက ''အကောက်ခွန်ကို သုညချလိုက်ရုံနဲ့ ဘာမှ ကြီးကြီးကျယ်ကျယ်ဖြစ်စရာ မရှိပါ ဘူး။ ဘာလို့လည်းဆိုတော့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်မှုတွေသိပ်ထွန်းကား လာပြီဆိုလျှင် တော့ အာဖတာဆိုတာ အပြိုင်အဆိုင်ထုတ်လုပ် ရောင်းဝယ်ကြရာမှာ စိုးရိမ်ဖို့လိုလာမှာပါ။ မြန်မာနိုင်ငံ မှာက လောလောဆယ်မှာ စီးပွားရေးပိတ်ဆို့မှုတွေရှိနေတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပို့ကုန်သွင်းကုန် တရားဝင်ကုန်သွယ်မှုတွေဟာ တိုးတက် ထွန်းကားမှုလိုနေသေးတဲ့အတွက် စိုးရိမ်စရာအများကြီးမရှိဘူးလို့ ပြော ချင်တာပါ''လို့ ဆိုပါတယ်။    ''အခွန်ကောက်တယ်ဆိုတာက လည်း တရားဝင် ကုန်သွယ်မှုပြုလုပ်တဲ့ အပေါ်မှာသာ စည်းကြပ်ရတာဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုတွေရှိနေရင် အခွန်စည်းကြပ်မှုတွေလွတ်နေမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ တရားဝင်ကုန်သွယ်မှုတွေနဲ့သာ ကုန်သွယ်ကြ ဖို့ ဌာနဆိုင်ရာ အသင်းအဖွဲ့ကုန်သည်တွေအားလုံးက အသိရှိရှိနဲ့ ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုနေသေးတယ်''လို့ ဆရာမကြီးက ထောက်ပြပြောဆိုပါတယ်။အေးအေးဆေးဆေးတော့နေလို့မဖြစ်        စိုးရိမ်စရာတွေအများကြီးမရှိဘူးဆိုပေယ့် အေးအေးဆေးဆေး ဖာသိဖာသာတော့နေလို့တော့မရပါဘူး။ ဘာကြောင့်လည်းဆို တော့ အခြေအနေဟာ အချိန်မရွေးပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးသွားတဲ့အခါ အခြေအနေပြောင်း လဲ သွားပြီး ကုန်သွယ်မှုတွေ သိသိသာသာတိုးတက်လာပြီဆိုလျှင်တော့ အကောက်ခွန်နှုန်းလျှော့ချမှုဟာထိ ရောက်လာမှာဖြစ်ပါ တယ်။ ဆက်ပြီးပြောချင်တာကတော့ မိမိတို့ရဲ့ကုန်စည် တွေရဲ့ ၆၄ ရာခိုင်နှုန်းခန့်ဟာ AFTA အသင်းစတင်ဝင်စဉ်ကပဲ အကောက် ခွန်နှုန်း သုညကနေ ၅ ရာခိုင်နှုန်းပဲရှိတဲ့အတွက် အကောက်ခွန်နှုန်းတွေကနည်းတဲ့အပြင် ကုန်သွယ်မှုပမာဏကလည်း နည်းတဲ့ အတွက် အကောက်ခွန်သက်သာခွင့် Form D လျှောက်ထားဖို့ကိုလည်း ကုန်သည်တွေက စိတ်မဝင်စားခဲ့ကြဘူးလို့ ဆရာမကြီးက သုံးသပ်ပါတယ်။ကိုယ့်ဆီပို့တာ သူ့နိုင်ငံကပစ္စည်းဟုတ်ရဲ့လား    ''အာဖတာကိုကုန်ပစ္စည်းကျဉ်း ကျဉ်းလေးနဲ့ ကုန်သွယ်တာတစ်ခုတည်းကိုစဉ်းစားလို့မရဘူး။ ဝန်ဆောင်မှု တွေ၊ ရင်းနှီးမြှုပ်နှံမှု တွေလဲ အားလုံးအကျုံးဝင်တယ်။ တိုးတက်တဲ့နိုင်ငံတွေမှာ ကိုယ့်လယ်သမား အကျိုးစီးပွားအတွက်ကာကွယ်မှုတွေကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံကုန်သွယ်မှုမှာ မချောမွေ့မှုတွေဖြစ်ခဲ့တယ်။ အာဖတာ ရဲ့ အကျိုးခံစားခွင့်အရ ကုန်သွယ်ရာမှာ အကောက်ခွန် နှုန်း သုညအထိကုန်ပစ္စည်းအတော်များများကို အကောက် ခွန်လျော့ချခဲ့ပေမဲ့ အချို့ပစ္စည်းတွေကတော့ အခြားသောနည်းတွေနဲ့ ချန်ထားတာတွေရှိတယ်။ ဒီတော့မိမိတို့နိုင်ငံရဲ့ အခွင့်အရေးရတဲ့ကြားကာလမှာ လက်ရှိရနေတဲ့ဈေးကွက်မပျောက်ပျက်ရဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။ လုပ်ငန်းရှင် တွေအနေနဲ့ ပို့ကုန်သွင်းကုန်အပေါ် အာဖတာအသိုက်အဝန်းမှာပါတဲ့ နိုင်ငံတွေအတွင်း ကထုတ်ထားတဲ့ သွင်းကုန်ပစ္စည်းဟုတ်မဟုတ်ကို ပင်ရင်းနိုင်ငံ ထောက်ခံချက်တွေနဲ့ မှန်မမှန်စိစစ်ဖို့လို နေပါပြီ။ ကန့်ကွက်တတ်ဖို့ လိုနေပြီ။ အခြားနိုင်ငံတွေကိုပို့ရင်လည်း ပင်ရင်းဒေသထောက်ခံချက်နဲ့ တင်ပို့မှသာ ကုန်သွယ်ဖက်နိုင်ငံတွေအနေနဲ့ အထောက် အပံ့ဖြစ်မှာမို့လို့၊  ဒါတွေကို လက်တွေ့အသုံးချတတ်ဖို့လိုနေပြီ''လို့ ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူးက ပြောပါတယ်။ကုန်သွယ်ဖက်တွေဘာလုပ်နေသလဲ    သွင်းကုန်တွေအပေါ်မှာ အကောက်ခွန်စီးကြပ်မှုတွေ လျှော့ချပေး ရလို့ နိုင်ငံဝင်ငွေကျသွားတဲ့အပေါ် ကုန်သွယ်ဖက်နိုင်ငံတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေလည်း စိတ်ဝင်စားစရာပါ။ မလေးရှားတို့ ဘရူနိုင်းတို့က သွင်းကုန်ခွန်လျှော့ချကောက်ခံတာနဲ့ အခြား အခွန်အမျိုးအစားတွေကို တိုးမြှင့်သတ်မှတ်တာကို တစ်ပြိုင်တည်းလုပ်ပါတယ်။ ဒီလိုဆောင်ရွက်တာကိုလည်း ကုန်သွယ်ဖက် တွေသိအောင်လုပ်ပါတယ်။ တချို့ကတော့ သူတို့နိုင်ငံက အသေးစား နဲ့အလတ်စားစီးပွားရေးလုပ်ငန်း SME တွေကို မြှင့်တင်ပေးဖို့ SME နဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနနဲ့ ဌာနတွေသီးခြားထူထောင်ပေးပြီး နည်းပညာသတင်းအချက်အလက်တွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ အတွက လိုအပ်တဲ့ငွေလုံး ငွေရင်းတွေကိုပံ့ပိုးပေးနေကြပါတယ်။    ဒီတော့ အာဖတာခရီးကတော့စပါပြီ။ အကောက်အခွန်ကင်းမဲ့တဲ့ အာဆီယံဒေသတွင်းမှာ မိမိကုမ္ပဏီရဲ့ အကျိုးစီးပွား၊ မိမိနိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဘယ်လိုရင်းနှီးမြှုပ်နှံ ထုတ် လုပ် ကုန်သွယ်ကြမလဲဆိုတာကို မြန်မာ့ လုပ်ငန်းရှင်များသာမကပဲ မြန်မာပြည် သူတစ်ရပ်လုံးက ကြိုတင်သိရှိပြင်ဆင်ဆောင်ရွက်ဖို့နေကြရပြီ ဆိုတာကတော့သေချာနေကြောင်းပါ။