Main menu

Background

၀ူဟန်ဗိုင်းရပ်စ်နှင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး

Thu, 02/06/2020 - 12:29 -- journal_editor

      ကမ္ဘာပေါ်တွင်   နိုင်ငံတိုင်းသည်     နိုင်ငံရေးဆိုင်ရာ အကျပ် အတည်းများ၊ စီးပွားရေးဆိုင်ရာအကျပ်အတည်းများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာအကြပ်အတည်း၊   စားနပ်ရိက္ခာဆိုင်ရာ  အကျပ် အတည်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအကျပ်အတည်း၊ ဘဏ္ဍာ ရေးဆိုင်ရာအကျပ်အတည်း၊ ကျန်းမာရေးဆိုင်ရာ   အကျပ်အတည်း၊ လုပ်သားဆိုင်ရာအကျပ်အတည်း စသည်ဖြင့် အကျပ်အတည်းများသည်ပုံစံအမျိုးမျိုးဖြင့်ရှိနေကြသည်။   ထိုသို့သောအကျပ်အတည်းများ တွင် တူညီမှုများလည်း ရှိကြသည်ကိုတွေ့နိုင်သည်။ တူညီတတ်မှုများ မှာ ပုံမှန်လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲ ရုတ်တရက် ကြိုတင်မမျှော်မှန်းနိုင် သောအခြေအနေများဖြစ်ပေါ်ခြင်း၊   နစ်နာဆုံးရှုံးမှုများပြားခြင်း၊ ဖြေရှင်းရန် အချိန်ရမှုနည်းပါးခြင်းတို့ဖြစ်သည်။ အဆိုပါကိစ္စများကို အကျပ်အတည်းဟုခေါ်ဆိုသကဲ့သို့အကျပ်အတည်းတစ်ခုကိုစီမံခန့် ခွဲ နိုင်သည့်နည်းလမ်းများလည်း ရှိနေပါသည်။ အဆိုပါစီမံခန့်ခွဲသည့်နည်းလမ်းကိုအကျပ်အတည်း  စီမံခန့်ခွဲမှုနည်းလမ်း ( Crisis Management) ဟု ခေါ်ဝေါ်ပါသည်။ အဆိုပါအကျပ်အတည်းကိစ္စများ တွင် နိုင်ငံရေးများ အရေးအခင်းအကြောင်းများကိုဦးတည်ဆွေးနွေး လိုခြင်းမဟုတ်ဘဲကုန်သွယ်မှုနှင့်ဆက်နွှယ်လာသည့်အိမ်နီးချင်းနိုင်ငံ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းကို ဆွေးနွေးလိုခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်ဆက်စပ်သည့်ကုန်သွယ်ရေး

        လက်ရှိကာလတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်သည့် ဝူဟန် အဆုတ်ရောင်ရောဂါခေါ် Coronavirus disease ကြောင့် တရုတ် နိုင်ငံတွင်    ကျန်းမာရေးဆိုင်ရာ  အကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး လွယ်ကူစွာကူးစက်နိုင်သဖြင့်  တရုတ်နိုင်ငံအတွင်းခရီးသွားလာရေး များရပ်ဆိုင်းခြင်း၊ လုပ်ငန်းများရပ်ဆိုင်းခြင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလုဖြစ်ခြင်း၊  ဆေးရုံများပင် ချက်ချင်းဆောက်လုပ်နေရခြင်း စသည့်အကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းနေရသည်ကိုသိရှိကြပြီးဖြစ်သည်။   ကူးစက်မြန်ရောဂါတစ်ခုဖြစ်နေသဖြင့်   ဖေဖော်ဝါရီ ၁ ရက်နံနက်ပိုင်းထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံပြင်ပ နိုင်ငံ ပေါင်း ၂၆ နိုင်ငံသို့ ရောက်ရှိကူးစက်မှုများရှိသည်ကို   တွေ့ရှိနေရ သည်။ အထူးသဖြင့် ကုသရန် ဆေးဝါးမည်မည်ရရမရှိခြင်းသည်လည်း အဓိက ကြောက်ရွံ့ဖွယ်ရာဖြစ်နေပါသည်။   အဆိုပါအခြေအနေတွင် မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်နေသကဲ့သို့ တရုတ်နိုင်ငံသည်မြန်မာနိုင်ငံ၏ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည်။ တရုတ်နိုင်ငံမှ ခရီးသွားများ၊ ကုန်သည်များလုပ်ငန်းရှင်များ၊ အလုပ်သမားများလည်း ကူးလူးသွားလာမှုရှိခြင်းကြောင့် အထူးသတိ ထားရမည့်အခြေအနေဖြစ်သည်။ တရုတ်နိုင်ငံနှင့်နယ်စပ်ကုန်သွယ် ရေးကိုအဓိကပြုလုပ်သော မူဆယ်နယ်စပ်ကုန်သွယ်မှု အခြေအနေသည် လက်ရှိတွင် ရပ်ထားရသည့်အနေအထားမျိုးဖြစ်ပေါ်နေပါသည်။  မူဆယ်နယ်စပ်ကုန်သွယ်ရေး၏ ယခင်ကပုံမှန်ကုန်သွယ်မှု အခြေ အနေကို လေ့လာကြည့်ခြင်းဖြင့်ရပ်တန့်လျက်ရှိသော အခြေအနေ ကြောင့် ကုန်သွယ်မှု ကျဆင်းနိုင်ခြေကိုခန့်မှန်းကြည့်ရန်လိုမည် ထင်ပါ သည်။ ထို့ပြင် အဆိုပါအခြေအနေကို မည်ကဲ့သို့ဖြေရှင်းနိုင်မည်ကို လည်း  စဉ်းစားသုံးသပ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။

နယ်စပ်ကုန်သွယ်မှုအခြေအနေ

မြန်မာနိုင်ငံ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်  ကုန်သွယ်မှု ပမာဏသည် ၃၅ ဒသမ ဝ၂၀ ဘီလီယံကျော်ရှိပါသည်။ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်သွယ်မှု ပမာဏသည်အမေရိကန်ဒေါ်လာသန်းပေါင်း ၄၉၁၇ ဒသမ ၉၇၆ ရှိပြီး ပို့ကုန်ပမာဏမှာ၃၁၅၆ ဒသမ ၄၁၉ရှိကာသွင်းကုန်ပမာဏမှာ ၁၇၆၁ ဒသမ ၅၅၇ ရှိသည်ကိုတွေ့ရသည်။ ဆိုလိုသည်မှာ  မူဆယ် စခန်း၏ ကုန်သွယ်မှုပမာဏသည်မြန်မာနိုင်ငံတစ်ခုလုံးကုန်သွယ်မှု ပမာဏ၏ ၁၄ရာခိုင်နှုန်းရှိသည်ကိုတွေ့ရသည်။ အခြားသော တရုတ် နှင့် ကုန်သွယ်မှုပြုသောနယ်စပ်ကုန်သွယ်မှုစခန်းများမှာလွယ်ဂျယ်၊ချင်းရွှေဟော်၊ ကန်ပိုက်တီတို့ဖြစ်ပြီး အဆိုပါစခန်းများတွင် လွယ်ဂျယ် မှာ  ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွက်  အမေရိကန်ဒေါ်လာ  ၁၄၄ ဒသမ ၈၉၃ သန်း၊ ချင်းရွှေဟော်မှာ ၅၄၁ ဒသမ ၅၉၃ သန်းနှင့်ကန်ပိုက် တီမှာ ၂၉၆ ဒသမ ၄၄၈ သန်းရှိကြသည်ကိုတွေ့ရသည်။  သို့ဖြစ်၍တရုတ်နှင့်နယ်စပ်ကုန်သွယ်မှုပြုလုပ်သောစခန်းလေးခု၏ စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ၅၉၀ဝ ဒသမ  ၉၁သန်းရှိပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏစုစုပေါင်းပေါ်တွင် ၁၆ရာခိုင်နှုန်း ရှိသည်။    အဆိုပါကိန်းဂဏန်းအရ တစ်လအတွက် တရုတ်နှင့် နယ်စပ် ကုန်သွယ်မှုပမာဏသည်ပျမ်းမျှအားဖြင့်အမေရိကန်ဒေါ်လာ ၄၉၁ ဒသမ ၇၄သန်းရှိပါသည်။ အဆိုပါပမာဏမှာမနည်းလှသော အခြေအနေဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ဆိုလိုသည်မှာ မူဆယ် အပါအဝင်    တရုတ်နှင့်နယ်စပ်ကုန်သွယ်မှုတစ်လမပြုလုပ်ပါက ပို့ကုန် သွင်းကုန်နှစ်ရပ်ပေါင်းသည် ဒေါ်လာသန်းပေါင်း ၄၉၀ကျော် လျော့နည်းသွားမည်ဖြစ်ပါသည်။အဆိုပါအခြေအနေသည်ခေတ္တ သာဖြစ်ပွားပါကကုန်သွယ်မှု ပမာဏကျဆင်းသည်ကိုထိန်းသိမ်းနိုင် မည်ဖြစ်သော်လည်း တစ်လနှစ်လတန်သည်နယ်စပ်ကိုဖြတ်၍ကုန်သွယ်မှုလျော့နည်းပါကမြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကိုထိခိုက် လာမည်ဖြစ်ပါသည်။အထူးသဖြင့် တရုတ်နယ်စပ်ကုန်သွယ်မှုကိုမှီခို နေသော ကုန်သည်လုပ်ငန်းရှင်များ၊ သစ်သီးဝလံတင်ပို့သူများအတွက် ထိခိုက်မှုများရှိလာနိုင်ပါသည်။သို့ဖြစ်၍ခေတ္တရပ်တန့်ခြင်းအတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သကဲ့သို့ကာလရှည်ကြာလာ လျှင် ကုန်သွယ်မှုပုံစံ၊ ကုန်သွယ်မှုဆက်ဆံရေး များကိုပါပြောင်းလဲရန် စီမံခန့်ခွဲမှုများလိုအပ်မည်ဖြစ်ပါသည်။

ပုပ်သိုးပျက်စီးလွယ်သည့်သစ်သီးဝလံနှင့်ရေထွက်ကုန်ပစ္စည်းများ

လက်ရှိကာလတွင်  ပုပ်သိုးပျက်စီးလွယ်သောဖရဲသခွားမွှေးသီးများ တင်ပို့သည့်ကာလဖြစ်ခြင်း၊ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ နေခြင်းများနှင့်ပတ်သက်ပြီး အရေးတယူဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။ ဖရဲသခွားမွှေးသီးများတွင် ဖရဲသီးမှာတစ်နှစ်လျှင် အမေ ရိကန်ဒေါ်လာသန်းပေါင်း ၆၀ခန့်တင်ပို့မှုရှိသဖြင့်တစ်လလျှင် တင်ပို့ သည့်ပျမ်းမျှတန်ဖိုးမှာအမေရိကန်ဒေါ်လာ ၅ သန်းကျော်ရှိမည်ဖြစ်ပါ သည်။  အဆိုပါတန်ဖိုးသည် လျော့နည်းသွားနိုင်သည့်ကိန်းဂဏန်း ဖြစ်သည့်အပြင် မူလကပင် ဖရဲစိုက်ပျိုးသူများသည် တရုတ်ဈေးကွက် အတွက်သာရည်ရွယ်စိုက်ပျိုးကြခြင်းဖြစ်သဖြင့် ပြည်တွင်းဈေးကွက် တစ်ခုတည်းဖြင့်  ထိန်းနိုင်မည့်အခြေအနေဖြစ်ရန်  မလွယ်ကူပါ။သို့ဖြစ်၍ ယခုကာလအတွင်း ထွက်ပေါ်နိုင်သည့်ဖရဲသီး အခြေအနေ များကိုတွက်ချက်စာရင်းကောက်ယူပြီး   မည်သို့ဆောင်ရွက်မည်ကို သက်ဆိုင်သည့်အစိုးရဌာနများ၊ ဖရဲသခွားမွှေးအသင်း၊ သစ်သီးဝလံ ဟင်းသီးဟင်းရွက်နှင့်ပန်းမန်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်း၊ တောင်သူများနှင့်ပူးပေါင်း၍    ဆောင်ရွက်သွားရန် လိုအပ်ပါမည်။ ပြည်တွင်းဈေးကွက်တွင်ဖြန့်ဖြူးနိုင်ရေး အခြားအိမ်နီးချင်းဈေးကွက်များသို့တင်ပို့နိုင်ရန်ပူးပေါင်းညှိနှိုင်းပေးခြင်း စသည် တို့ကိုဆောင်ရွက်ပေးရန်  လိုအပ်မည်ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ရက်အထိမူဆယ်နယ်စပ်စခန်း၏ ကာလတူ (၁-၁၀-၂၀၁၉မှ ၁၇-၁-၂၀၂၀ထိ နှင့် ၁-၁၀-၂၀၁၈ မှ ၁၇-၁-၂၀၁၉ ထိ ) နှိုင်းယှဉ်ကုန်သွယ်မှုပမာဏကိုစီးပွားရေးနှင့််ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှလေ့လာကြည့်ရာ အမေရိကန်ဒေါ်လာ သန်းပေါင်း ပမာဏဖြင့်ဆိုလျှင်အောက်ပါအတိုင်းတွေ့ရှိရပါသည်- ယခုနှစ်အခြေအနေမှာ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ရက်ထိ ယခင်နှစ်ကာလတူပမာဏထက်  ကောင်းမွန်နေသော်လည်း ယခု လက်ရှိတွင် တရုတ်နှစ်သစ်ကူးချိန်မှစတင်ပြီး နယ်စပ်ကုန်သွယ်မှု သည် ခေတ္တရပ်တန့်နေသည်မှာ ယခုထိဆိုလျှင် တစ်ပတ်ခန့်ရှိလာပြီ ဖြစ်သဖြင့် တရုတ်ကုန်သွယ်မှု   ကျဆင်းမသွားရေးအတွက်အပြင် မြန်မာကုန်သည်များ၊ အထူးသဖြင့်ပုပ်သိုးပျက်စီးလွယ်သောအသား ငါးများနှင့်   သစ်သီးဝလံဟင်းသီးဟင်းရွက်ရောင်းချမည့်သူများ အတွက်စဉ်းစားသုံးသပ်ပေးရန်လိုအပ်လျက်ရှိပြီဖြစ်ပါသည်။

စဉ်းစားရန်အချက်

         တောင်သူများ၊ ကုန်သည်များအနေဖြင့် မူဆယ် နယ်စပ်ကုန် သွယ်မှုသည်   ယခင်ကအဆင်ပြေချောမွေ့ခဲ့မည်ဖြစ်သော်လည်း ၂၀၁၈ ခုနှစ်မှစတင်ပြီး ဆန်၊ ပြောင်းများ တင်ပို့မှုခက်ခဲခြင်း၊ ကျိန်စမ်း ကြော့ဂိတ်ပိတ်သဖြင့်  ဖရဲတင်ပို့သူများ  အခက်အခဲဖြစ်ခြင်း၊  ဂုတ် တွင်းတံတား ဖျက်ဆီးခံရသဖြင့်  ခေတ္တကုန်သွယ်မှုတုန့်ဆိုင်းခဲ့ခြင်း စသည့်အခက်အခဲများကိုဆက်တိုက်ကြုံတွေ့လာရသည်ကို တွေ့မြင် နေရသည်။ နိုင်ငံတော်အနေဖြင့်နိုင်ငံတော်အတိုင်းအတာဖြင့် ဆန်၊ ပြောင်းနှင့် သစ်သီးဝလံများ တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေး၊ အသား စားနွား၊ ငါး၊ ပုစွန်၊ ခရုများ ပိုမိုတင်ပို့နိုင်ရေးတို့ကို    စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ တစ်ဖက်တွင်လည်း အသင်းအဖွဲ့များဖြင့် ပူးပေါင်းကာပုံမှန်ကုန်သွယ်နိုင်ရေးကိုဆောင်ရွက်ပေးလျက်ရှိသည်။ သို့ရာတွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များနှင့် တောင်သူများအနေဖြင့် မမျှော်လင့်သောအခက်အခဲများကိုဖြေရှင်းနိုင်ရေးအတွက်ကြိုတင် ပြင်ဆင်ထားသင့်သည်များကိုလည်း စဉ်းစားထားရန်   လိုအပ်မည် ဖြစ်သည်။ ထို့ပြင် တောင်သူများအတွက် ယခုကဲ့သို့မမျှော်မှန်းနိုင် သောအခြေအနေမျိုး ကြုံတွေ့လာပါက  အရင်းအနှီးမဆုံးရှုံးရေး အတွက်သီးနှံများကိုအာမခံထားသည့်စနစ်မျိုးကိုဘဏ်များ၊ငွေကြေး ဆိုင်ရာ အာမခံဌာနများမှဆောင်ရွက်ပေးသင့်သောအခြေအနေလည်း ဖြစ်ပါသည်။ပြည်တွင်းဈေးကွက်တွင် ရောင်းချနိုင်ရေးကိုလည်း စဉ်း စားဆောင်ရွက်ရန်နှင့်စားသုံးသူပြည်သူများကလည်း တောင်သူ များ ၏ အခက်အခဲကိုကိုယ်ချင်းစာသောအားဖြင့် ပိုမိုဝယ်ယူအားပေးရေး ကိုလည်း ဆောင်ရွက်ပေးရန်  လိုအပ်မည်ဖြစ်သည်။ပြည်တွင်း ဈေးကွက်တွင် သယ်ယူပို့ဆောင်မှုစရိတ်သက်သာရေး၊ လွယ်ကူစွာ ရောင်းချနိုင်ရေးများကိုပါ  စီစဉ်ဆောင်ရွက်ပေးခြင်းများကိုအစိုးရ၊ အသင်းအဖွဲ့နှင့်တောင်သူများ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့်  ပုပ်သိုးပျက်စီးလွယ်သောသီးနှံများ၊ ရေထွက်ကုန်များအတွက်အခက်အခဲရှိလာမှုကို  အမြန်ဆုံးပူးပေါင်းအဖြေရှာရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။

 

မျိုးသူ (ကုန်သွယ်မြှင့်)