Main menu

Background

အလုပ်နေရာ ၁၈၀ဝ၀ ကျော် အမေဇုန်ကုမ္ပဏီလျှော့ချ

Thu, 01/19/2023 - 12:40 -- journal_editor

အွန်လိုင်း လက်လီရောင်းချမှု လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Amazon  သည် အလုပ်နေရာ စုစုပေါင်း ၁၈၀ဝ၀ ကျော်လျှော့ချမည်ဖြစ်ကြောင်း ၎င်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အင်န်ဒီဂျက်စီက ပြောသည်။
Amazon  ၏ ဝန်ထမ်းလျှော့ချမှုတွင် အဓိကအားဖြင့် အီလက်ထရွန်နစ် ကုန်သွယ်စီးပွားနှင့် လူသားအရင်းအမြစ် အဖွဲ့အစည်းများကို ရိုက်ခတ်လာမည် ဖြစ်ကြောင်း အင်န်ဒီဂျက်စီက ဆက်လက်ပြောဆိုသည်။
"အခုလို  အလုပ်နေရာလျှော့ချမှုက အမြဲတမ်းလုပ်သားအင်အား ၃၀ဝ၀ဝ၀ ရှိတဲ့ ကုမ္ပဏီကြီးရဲ့ လုပ်သားအင်အား ၆ ရာခိုင်နှုန်းကို ကိုယ်စားပြု ပါတယ်။ ဒါ့ပြင် ပိုပြီးထက်မြက်တဲ့လူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် မကြာခင် ကာလမှာ ဝန်ထမ်းတွေရဲ့အခြေခံလစာကို  နှစ်ဆတိုးမြှင့်မှာပါ။ ဒါဟာ ကျွန်တော်တို့ကုမ္ပဏီရဲ့ မြန်ဆန်တဲ့ အလှည့်အပြောင်းတစ်ခုလည်း ဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။
အွန်လိုင်း လက်လီရောင်းချမှု လုပ်ငန်းကြီးတစ်ခုဖြစ်သည့် Amazon သည် ဂိုဒေါင်ဝန်ထမ်းများ အပါအဝင် လူပေါင်း တစ်သန်းခွဲကို အလုပ်ပေးထားပြီး အမေရိကန်နိုင်ငံမှ Walmart Inc ပြီးလျှင် ဒုတိယ အလုပ်အပေးနိုင်ဆုံး ကုမ္ပဏီလည်းဖြစ်သည်။
Amazon  အနေဖြင့် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းကပင် ဝန်ထမ်းပေါင်း မြောက်မြားစွာကို ခေါ်ယူပြီး အလုပ်ခန့်ထားပေးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုများနှင့်အတူ ကုမ္ပဏီအတွက်လည်း အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်လာရကြောင်း၊ သို့သော် မိမိတို့ ကုမ္ပဏီအနေဖြင့် ဝန်ထမ်းများနှင့် စားသုံးသူဖောက်သည်များအတွက် အဓိက ထားပြီး အစဉ်အမြဲ ဦးစားပေးစဉ်းစားကြောင်း၊ အလုပ်နေရာ လျှော့ချမှုမှာ မလွဲမသွေသည့် အကြောင်းတရားများကြောင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အင်န်ဒီဂျက်စီက ထပ်မံပြောဆိုခဲ့သည်။
Amazon  သည် လတ်တလောကာလတွင် အလုပ်သမား ဒါဇင်ပေါင်း များစွာကို အလုပ်ခန့်ထားသည့် အင်္ဂလန်ရှိ ပို့ဆောင်ရေးစခန်း ခုနစ်ခုကိုလည်း ပိတ်သိမ်းရန် စီစဉ်နေကြောင်း သိရသည်။
ထို့ပြင် ပို့ဆောင်မှုအတွက် အမှာစာများ ပြင်ဆင်ထားသည့် ဘာမင်ဂမ်၊Hemel Hempstead, Huntingdon, Horley နှင့် Newcastle တို့တွင်လည်း ပိတ် သိမ်းသွားမည်ဖြစ်သည်။                                                          

Source: Reuters

စိုင်းဗညား