Main menu

Background

နို့မှုန့်နှင့် ကလေးဖြည့်စွက်အစားအစာများ တင်သွင်းဖြန့်ဖြူးရောင်းချရာတွင် ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်ခြင်းမပြုသော ကုမ္ပဏီများကို အရေးယူရန် အချိန်တန်ပြီ

Tue, 04/07/2015 - 19:36 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၄)

မြန်မာနိုင်ငံတွင် နို့မှုန့်နှင့်ကလေး ဖြည့်စွက်အစားအစာ များ  တင်သွင်းဖြန့်ဖြူးရောင်းချရာတွင် မြန်မာနိုင်ငံအစား အသောက်ဥပဒေနှင့်အညီ  တင်သွင်းဖြန့်ဖြူးရောင်းချရန် ကျန်းမာရေးဝန်ကြီးဌာန   မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၄ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါကြေညာချက်တွင် နို့စို့ကလေးနှင့် ကလေးငယ် များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက် များ ဈေးကွက်တင်ခြင်းဆိုင် ရာအမိန့်အမှတ်၂၂/၂၀၁၄အရ မြန်မာနိုင်ငံတွင်းသို့  တင်သွင်းရောင်းချလျက်ရှိသည့် နို့မှုန့် များကို မြန်မာဘာသာဖြင့်ပြန်ဆို ရောင်းချရမည်ဟု ဖော်ပြပါရှိ ကြောင်း သိရသည်။
သို့သော်လည်း   အဆိုပါအမိန့်  ထုတ်ပြန်ပြီးသည်မှာ ကိုးလခန့်ကြာမြင့်နေပြီဖြစ်သော်လည်း နို့မှုန့်နှင့် ဖြည့်စွက် အစားအစာများတင်သွင်းနေသည့် ကုမ္ပဏီများသည် လိုက် နာမှုမရှိသည့်အပြင် မူရင်းကုမ္ပဏီမှ ရေးသားထားသည့် စာတမ်းများကို မင်ဖြင့် တမင်ဖျက်ထားပြီး ဈေး ကွက်အတွင်း ရောင်းချနေသည်ကို တွေ့ရှိနေရသည်။
ယင်းအချက်များသည် မြန်မာနိုင်ငံတွင်းရှိ နို့စို့ကလေး ငယ်များနှင့် ကလေးငယ်များအတွက် အန္တရာယ်များလှသည့်   အခြေအနေတစ်ရပ်ပင်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါအမိန့်ကို ထုတ်ပြန်စဉ်က  တင်သွင်းထားသည့် ပစ္စည်းများရှိနေသေးသဖြင့် အရေးယူမှုများ  မပြုလုပ်ခဲ့သော် လည်း ယခုအခါ ကိုးလမျှကြာမြင့်နေ ပြီဖြစ်သဖြင့် အရေးယူ ဆောင်ရွက်ရန် အချိန်တန်နေပြီဖြစ်သည်။ သို့သော် ဈေးကွက် အတွင်းတွင် ဥပဒေကိုဆန့်ကျင်လျက် ပြောင်ပြောင်တင်းတင်း ရောင်းချနေသည့် နို့မှုန့်နှင့် ကလေးဖြည့်စွက်အစားအစာများ ရောင်းချနေသည်ကိုလည်း တွေ့မြင်နေရပေသည်။
ယင်းကိစ္စနှင့်ပတ်သက်၍တိုးတက် မျိုးဆက်ကုမ္ပဏီမှ ဦးအောင်ခင်က  ''အမိန့်ထုတ်ထားတာက ကိုးလနီးပါးလောက် ရှိနေပြီ။ ဥပဒေမှာပါတဲ့ လုပ်ကိုလုပ်ရမယ်ဆိုတဲ့အချက်တွေကို လိုက်နာပြီးလုပ်ဆောင်တဲ့ကုမ္ပဏီတွေက တော်တော်လေး ကို နည်းပါသေးတယ်။ အရင်တုန်းကတော့ ဒီနို့မှုန့်နဲ့ကလေး ဖြည့်စွက်စာကို တင်သွင်းတဲ့ကုမ္ပဏီက လေးငါးခုလောက်ပဲ ရှိတာ။ ခုချိန်မှာက  ပွင့်လင်းလာတဲ့အတွက်   တင်သွင်းတဲ့ ကုမ္ပဏီ တွေ တော်တော်လေးကို များနေတယ်။ ဒါကြောင့် ဒါ ကို စိစစ်ကြပ်မတ်ပေးဖို့လိုပါတယ်။ ဥပဒေအတိုင်း လိုက်နာပြီး လုပ်တဲ့သူက လုပ်၊ မလိုက်နာဘဲ မလုပ်တဲ့သူကမလုပ်ဆိုရင် လိုက် နာတဲ့သူက ဒါကိုလုပ်တဲ့အတွက် ငွေကုန်ကြေးကျတွေ များပြီး မလိုအပ်ဘဲ ပစ္စည်းပေါ်မှာ စရိတ်တွေတက်သွားတာ မျိုးတွေရှိတယ်။ မျှတမှုရှိဖို့တော့လိုပါတယ်။ အဲဒီလိုလုပ်ရင် မလိုလားအပ်တဲ့နောက်ဆက်တွဲအကျိုးဆက်တွေဖြစ်  လာနိုင် ပါတယ်"ဟု ပြောကြားခဲ့သည်။
ပထမဂရု(ပ်)ကုမ္ပဏီလီမီတက်မှ   တင်သွင်းလာသည့် နို့မှုန့်တစ်မျိုးတွင် တိုက်ကျွေးရမည့်အသက်အပိုင်းအခြား ကို မူရင်းဖော်ပြထားသည့်နေရာ၌ အသက်တစ်နှစ်မှ ၁၀နှစ်အထိ တိုက်ကျွေးရန်ဟု ဖော်ပြထားသည်ကို စတစ်ကာနှင့် အုပ်၊ ဖျက်ဆေးနှင့်ဖျက်ပြီး အသက်နှစ်နှစ်နှင့်အထက် တိုက်ကျွေး ရန်၊ မှန်ကန်စွာ ဖျော်စပ်မှုမရှိပါက ကျန်းမာရေးဘေးအန္တရာယ် ရှိနိုင်သည်ဟူသော စာတမ်းကပ်ထားတဲ့အတွက် စားသုံးသူ မိဘပြည်သူများအကြားတွင်  သံသယစိတ်များ  ဖြစ်ပွားခဲ့ရ ကြောင်း ၎င်းင်းက ထပ်မံပြောကြားခဲ့သည်။
အခန်းခုနစ်ခန်းပါဝင်သော နို့နှင့် နို့ထွက်ပစ္စည်းများ ဆိုင်ရာ  အမိန့်သည် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပြီးဖြစ် သည့်အမျိုးသားအစားအသောက်ဥပဒေ၏ နောက်ဆက်တွဲ အဖြစ် ထုတ်ပြန်ခြင်းဖြစ်ပြီး သတင်းစာများတွင်လည်း အများ ပြည်သူသိရှိစေရန် ဆက်လက်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း မည်သည့်အချိန်တွင် ထုတ်ပြန်မည်ကို မပြော နိုင်သေးကြောင်းဖြင့် အာဟာရ ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထင်လင်းက ပြောကြားခဲ့သည်ဟု ၂၀၁၄ခုနှစ်၊ အောက်တိုဘာ လ ၃ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြထားသည်ကိုတွေ့ရှိရသည်။
နို့နှင့်နို့ထွက်ပစ္စည်းများဆိုင်ရာ အမိန့်အား ပြည်သူများ က သိရှိမှုအားနည်းနေခြင်းကို တင်သွင်းသည့်ကုမ္ပဏီများက အခွင့်ကောင်းယူကာ  မြန်မာဘာသာပြန်ဆို၍ ဖော်ပြရမည့် အစား ဘူးခွံပေါ်တွင်ပါရှိသည့်  စာသားများကို ဖျက်ဆေး  (သို့မဟုတ်)မင်အနက်ဖြင့် ဖျက်ခြင်း၊ ဘူးခွံပေါ်တွင်ပါရှိသည့် စာသားများပေါ်မှ မြန်မာစာဖြင့်ကပ်၍ လိမ်လည်ရောင်းချ နေခြင်းများအား နို့နှင့်နို့ထွက်ပစ္စည်းဆိုင်ရာဥပဒေဖြင့် အရေး ယူရန် အချိန်တန်နေပြီဖြစ်ပါသည်။                

   မယ်သီတာ