Main menu

Background

ပို့ကုန်မြှင့်တင်မယ့် အလားအလာကြောင့် မလေးရှား စားအုန်းဆီဈေး ဒုတိယနေ့အဖြစ် မြင့်တက်

Wed, 08/31/2016 - 14:38 -- journal_editor

        မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးက သြဂုတ် ၂၄ ရက်မှာ ဒုတိယနေ့အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။ အဓိကအားဖြင့် ရောင်းလိုအား ကျဆင်းလာခြင်းနဲ့ ပို့ကုန်မြင့် တက်လာမယ့် အခြေအနေကို အကြောင်း ပြု ပြီး မြင့်တက်လာ ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivative Exchange) မှာ နိုဝင်ဘာအတွက် စာချုပ် ချုပ်ဆို ရောင်းချတဲ့ စားအုန်းဆီ  အခြေခံ စံ ထားဈေးနှုန်းက ညနေ ဘက်ဈေးပိတ်ချိန်မှာ သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး  တစ်တန်ကို ရင်းဂစ် ၂၆၀၀ ( အမေရိကန်ဒေါ်လာ ၆၄၄ ) ရှိပါ တယ်။ တစ်ရက်အတွင်း အမြင့်ဆုံးဈေးနှုန်းက ၂၆၂၃ ရင်းဂစ် ဖြစ်ပြီး သြဂုတ် ၁၉ ရက် နောက်ပိုင်းအမြင့်ဆုံး ဈေးဖြစ်ပါတယ်။ ကုန်သွယ်မှုပမာဏက သြဂုတ် ၂၅ ရက် ညနေပိုင်းမှာ ၂၅ တန်ရှိအတွဲ ၃၈၀၃၅ တွဲရှိတဲ့အတွက် ၂၀၁၅ ခုနှစ်က ရှိတဲ့ ပျမ်းမျှ အတွဲ ၄၄၆၀၀ အောက်မှာရှိနေပါတယ်။
        ရောင်းလိုအား ကျဆင်းလာတဲ့အတွက် ဈေးကွက်က မှန်မှန်  တိုးတက်နေပါတယ်လို့ ကွာလာလမ်ပူအခြေစိုက် အရောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။ "ပို့ကုန်အခြေအနေကလည်းကောင်းနေတော့ ဈေးကွက် က အခြေ အနေ ကောင်းနေပါတယ်"လို့ ကုန်စည်စစ်တမ်း ကောက်ယူရေးအဖွဲ့နှစ်ခုဖြစ်တဲ့ Intertek Testing Service နဲ့ Societe Generale de Surveillance တို့ရဲ့ အစီရင်ခံစာများကိုကိုးကားပြီး သူကပြောပါတယ်။ ထိပ်တန်း  ဆီစားသုံးနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ဝယ်လိုအားကြောင့် ၂၀၁၅ ခုနှစ် ကာလ တူနဲ့နှိုင်းယှဉ်ရင် ယခုနှစ်သြဂုတ် ၁ ရက်မှ ၂၅ ရက်အထိ  သင်္ဘောတင်ပို့မှု က မြင့်တက်ခဲ့တယ်လို့ အရောင်းတာဝန်ခံ တွေ က ပြေကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှ ဝယ်လိုအား မြင့်မားလာတဲ့အတွက် သြဂုတ် ၁ ရက်မှ ၂၀ ရက်အထိ စားအုန်း ဆီတင်ပို့မှုက ဇူလိုင်ကာလတူနဲ့ နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်းမှ ၂၇ ရာခိုင်နှုန်း ဝန်းကျင် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
         စားအုန်းဆီထုတ်လုပ်မှုက  လအလိုက်  နှိုင်းယှဉ်ရင် မြင့်တက်ပေမယ့် အယ်လ်နီညို အကျိုးသက်ရောက်မှုက တည် ရှိနေဆဲ ဖြစ်တဲ့အတွက် နှစ်အလိုက်နှိုင်းယှဉ်ရင် ထုတ်လုပ်မှု ကျဆင်းနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင် အာရှတစ်လွှားမှာ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဒဏ်ခံရလို့ စားအုန်းဆီထုတ် လုပ်မှုမှာ ထိပ်တန်းနှစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေမှာ စားအုန်းဆီအထွက်နှုန်း ကျဆင်းခဲ့ပါတယ်။ စားအုန်းဆီဈေး က အမြင့် ဆုံးဈေးနှုန်းလို့ သတ်မှတ် ထားတဲ့ ၂၆၀၇ ရင်းဂစ်နှုန်းကို   ကျော်တက်ပြီး တစ်တန်ကို ၂၆၆၈ ရင်းဂစ်အထိ  မြင့်တက်သွားနိုင်တယ်လို့   ရိုက်တာ သတင်းဌာနမှ ကုန်စည်နဲ့ စွမ်းအင် စာရင်းဇယား ပြုစုရေးဌာန မှ ဈေးကွက် ဆန်းစစ်ရေးမှူး ဝမ်တောင်းက ပြောပါတယ်။ အခြားဟင်းရွက်ဆီ ဈေးကွက်တွေဖြစ်တဲ့ အမေရိကန် နိုင်ငံ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့မှာ ဒီဇင်ဘာအတွက် ပဲပုပ်ဆီဈေးက သုညဒသမ ၀၃ ရာခိုင်နှုန်းမြင့်တက်ပြီး တရုတ် နိုင်ငံ ဒါလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီအတွက် ပဲပုပ်ဆီဈေးက သုညဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

 

ဉာဏ်တင်