Main menu

Background

ပြည်ပဲစျေးကွက်အတွင်း မတ်ပဲသီးနှံ စျေးလျော့သွားပေမယ့် ပဲတီစိမ်းသစ်များ စျေးကွက်သို့၀င်ရောက်လာပြီး စျေးကောင်းရနေ

Wed, 11/11/2020 - 12:39 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်မျိုးစုံစျေးကွက်မှာ ဆောင်းပဲသစ်အချို့၀င်ရောက်မှု့ရှိခဲ့သလို လက်ကျန်ပဲများလည်းရှိနေကြတဲ့အတွက် ပဲမျိုးစုံရောင်း၀ယ်လျက်ရှိရာ ဆောင်းပဲတီစိမ်းသစ် ယခုတစ်ပတ်မှာ အရောင်းအ၀ယ်သွက်နေတယ်လို့ သိရပါတယ်။

မတ်ပဲ

       မတ်ပဲသီးနှံမှာ ပဲဟောင်းလက်ကျန်များဖြင့် နေ့စဉ်ရောင်း၀ယ်နေရပြီး ပဲစျေးနှုန်းမှာ စျေးလျော့သွားခဲ့လို့ တစ်တင်းကျပ် ၃၆၀၀၀ ဖြင့် ယခင်ပတ်ကစျေးထက် လျော့နည်းအရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။  မျိုးပဲအနေဖြင့် တော့ ၀ယ်လိုအားသိပ်မရှိသေးဘဲ နောက်လအတွင်းမျိုးပဲများအ၀ယ်လိုက်လာနိုင်ကြောင်း သိရပါတယ်။ ရန်ကုန်၀ယ်လက်၀ယ်ယူမှုဖြင့်သာ တစ်ရက်လျှင်အိတ် ၂၀၀ ကျော်ရောင်းချခဲ့ကြပြီး ပဲစျေးနှုန်းယခင်လကစျေးနှင့်ယှဉ်လျှင် လျော့နည်းသွားတယ်ဆိုသော်လည်း ယခင်နှစ်က ယခုချိန်စျေးနှင့်တော့ စျေးတူရ နေတယ် လို့သိရပါတယ်။

ပဲတီစိမ်း

     ပဲစျေးကွက်အတွင်း ယခုတစ်ပတ်မှာ အရောင်းအ၀ယ်သွက်နေတဲ့ပဲကတော့ ပဲတီစိမ်းသီးနှံဖြစ်ပြီး ဆောင်းပဲသစ်များ နေ့စဉ်ပြည်အနီးတဝိုက်နယ်စုံမှ ၀င်ရောက်လာခဲ့ကြောင်းသိရပါတယ်။ တစ်ရက်အိတ် ၃၀၀/၄၀၀ အထိ၀င်ရောက်ခဲ့သလို ၀ယ်လိုအားကလည်း မန္တလေးလိုင်းသမားအပြင် ရန်ကုန်၀ယ်လက်ကလည်း ၀ယ်ယူတယ်လို့သိရပြီး တစ်ရက်အိတ် ၄၀၀ ကျော်အထိ အရောင်းအ၀ယ်ဖြစ်နေခဲ့ပါတယ်။ ပဲစျေးမှာ တစ်တင်း ကျပ် ၄၁၇၀၀ ဖြင့်ရောင်း၀ယ်နေခဲ့တဲ့အတွက် ပဲစျေးကွက်အတွင်း ပြည်ပ၀ယ်လက် ပဲသီးနှံထဲမှာ ပဲတီစိမ်း သီးနှံစျေး အမြင့်ဆုံးရနေခဲ့ကြောင်းသိရပါတယ်။ ယခင်နှစ်ကဆောင်းပဲတီစိမ်းသီးနှံစျေးမှာ တစ်တင်း ကျပ် ၃၉၅၀၀ ဖြင့် နို၀င်ဘာလအတွင်း အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ပဲသစ်အထွက်လှိုင်ချိန်မှာလည်း စျေးအမြင့်အတိုင်း ဆက်လက်ရောင်း၀ယ်နေခဲ့တာကိုတွေ့ရပါတယ်။

ကုလားပဲ

        ကုလားပဲသီးနှံမှာ ပြည်ပဲစျေးကွက်အတွင်း နေ့စဉ်အရောင်းအ၀ယ်ဖြစ်လျက်ရှိတဲ့သီးနှံဖြစ်ခဲ့ပြီး ခွဲစက် သမားအဓိက၀ယ်ယူလျက်ရှိခဲ့ပါတယ်။ တစ်ရက်အိတ် ၂၀၀/၂၅၀ကျော် ပုံမှတ်အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ပဲစျေးမှာ (ဟော်လန်)တစ်တင်းကျပ် ၃၁၅၀၀ (မြကြေးမှုံ) တစ်တင်း ကျပ်  ၃၂၀၀၀ (V2) တစ်တင်းကျပ် ၃၀၅၀၀ တို့ဖြင့် အသီးသီးအရောင်းအ၀ယ်ဖြစ်နေခဲ့ပါတယ်။ ကုလားပဲသီးနှံမှာ ယခင်နှစ်က တစ်တင်းကျပ် သုံးသောင်း အောက် သာရှိခဲ့တဲ့အတွက် ယခုနှစ်စျေး စျေးကောင်းရနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။

ပဲကြီး

        ပဲကြီးသီးနှံကတော့ နေ့စဉ်ပဲကြော်ဖိုသမားများ ပုံမှန်၀ယ်ယူနေခဲ့လို့အိတ် ၂၀၀/၂၅၀ ကျော် ရောင်း၀ယ်မှုဖြစ်ကာပဲစျေးမှာ (ရွှေကျွန်း) တစ်တင်းကျပ် ၃၆၅၀၀၊ (ကမ်းနား) တစ်တင်းကျပ် ၃၃၀၀၀တို့ဖြင့် အသီးသီး ရောင်း၀ယ်လျက်ရှိခဲ့ပါတယ်။ ပဲသစ်များ၀င်ရောက်ခဲ့ခြင်းမရှိသေးပေမယ့် ပဲဟောင်းလက်ကျန်များရှိလို့ ၀ယ်လိုအားရှိသလောက် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲကြီးသီးနှံမှာ နှစ်စဉ်လိုလို စျေးကောင်းရတဲ့ သီးနှံဖြစ်ခဲ့လို့ ပဲတစ်တင်း ကျပ်သုံး​သောင်းအထက်ဖြင့်ရောင်း၀ယ်နေရတဲ့သီးနှံဖြစ်ခဲ့ပါတယ်။

  ခင်ဆွေဝင်း(ပြည်)