Main menu

Background

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ခြောက်သောင်းကျော်တင်ပို့

Fri, 12/04/2020 - 13:28 -- journal_editor

နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်များမှ  အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၄၈ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၅၄၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၃၄၆၀ ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၈၂၀ ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၁၀၆၀ ကျော်နှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၂၅  ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်ကုန်သွယ်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၉၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ မြဝတီ ကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၇၀ သန်းတန်ဖိုးရှိ ဆန်မှုန့်တန်ချိန် ၁၂၀၀ ကျော် တင်ပို့ နိုင်ခဲ့ပါသည်။

ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၅၉၀၀ ခန့်နှင့် မြဝတီကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၂၄၀ ခန့်စုစုပေါင်း ဆန်ကွဲတင်ပို့မှု တန်ချိန် ၆၁၄၀ ခန့်တန်ဖိုးအားဖြင့် ၂ ဒသမ ၁၃၈ ဒေါ်လာသန်းရှိသဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၁၃၀၀ ကျော် ပိုမိုခဲ့ပါသည်။

နိုဝင်ဘာ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၆၀ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၆၄၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၄၇၀ ခန့်၊ အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၂၇၆၀ ခန့်နှင့်အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၅၀၀ ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၃၀၀ ကျော်လျော့နည်းတင်ပို့ခဲ့ ကြောင်း သိရပါသည်။

ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၁၇၀၀ ခန့်နှင့် အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၆၄၀ ခန့် စုစုပေါင်း တန်ချိန် ၁၄၃၄၀ ခန့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၃၀ သန်း တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၁၂၅၀ ကျော် ပိုမိုခဲ့ပါသည်။

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲတင်ပို့မှုစုစုပေါင်းတန်ချိန် ၆၂၃၀၀ ကျော်ရှိသဖြင့် ယခင် တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၁၂၀၀ ကျော်ပိုမိုခဲ့ကြောင်း သိရပါသည်။

အေးအေးသန့်