Main menu

Background

နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်

Mon, 07/31/2023 - 11:38 -- journal_editor

မြန်မာနိုင်ငံတွင် နေကြာသီးနှံကို စားသုံးဆီ လိုအပ် ချက် ဖြည့်တင်းနိုင်ရန်အတွက်  ဧကပြတ် စိုက်ပျိုးကြသကဲ့သို့ အခြားသီးနှံများကြားတွင်လည်း  သီးညှပ်စိုက်ပျိုးကြသည်။ နေကြာသီးနှံ၏ မူရင်းဒေသမှာ မြောက်အမေရိက တောင်ပိုင်း မှ စတင်ဖြစ်ထွန်းလာခဲ့ပြီး ထိုမှတစ်ဆင့် အာရှနိုင်ငံများသို့ မျိုးပွားရောက်ရှိလာကြောင်း  သိရသည်။  ပြည်ခရိုင်တွင် ယခင်က ဆောင်းနေကြာ တစ်မျိုးသာရှိပြီး နောက်ပိုင်းတွင် စားသုံးဆီ ဖူလှုံရန်အတွက် မိုးနေကြာကို စမ်းသပ် စိုက်ပျိုးလာ ကြသည်။
အမျိုးအစားနှင့် သက်တမ်းကာလ 
နေကြာမျိုးများတွင် အယဉ်မျိုးနှင့် အရိုင်းမျိုးဟူ၍ နှစ်မျိုးရှိပြီး အယဉ်မျိုးမှာ တစ်နှစ်ခံပင်ဖြစ်ပြီး  အရိုင်းမျိုးမှာ နှစ်ရှည်ခံပင်ဖြစ်သည်။ တစ်နှစ်ခံပင်နေကြာကို ဆီစားနေကြာ နှင့် အစေ့စားနေကြာဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ အစေ့စား နေကြာမှာ သက်လျင်မျိုး နှင့် သက်ကြီးမျိုးဟူ၍ရှိသည်။ သက် လျင်မျိုး၏ သက်တမ်းမှာ သုံးလခွဲခန့်ရှိပြီး အစေ့ခွံမှာ အသင့် အတင့်ထူ၍   အဆန်ပြည့်ဝပြီး   အရောင်မှာ အညိုကျား အရောင်ရှိသည်။   အစေ့စားသက်ကြီးမျိုး၏   အရောင်မှာ အနက်ရောင်နှင့် အညိုရောင်ရှိပြီး အစေ့မှာ အလွန်သေးငယ် ၍ အခွံပါးပြီး အဆန်ပြည့်ဝသည်ဟု သိရသည်။ နေကြာကို စိုက်ပျိုးမည်ဆိုပါက မျိုးကောင်းမျိုးသန့်များဖြစ်သော ရေဆင်း စပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ-၂ တို့ကို ရွေးခြယ်၍ စိုက်ပျိုး သင့်သည်။
စိုက်ပျိုးချိန်
နေကြာသီးနှံကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက် ပျိုးကြပြီး မိုးစပါးအပြီးတွင် နေကြာကို စိုက်ပျိုးကြသလို ပဲမျိုးစုံ စိုက်ပျိုးသည့် ကြားထဲတွင်လည်း သီးညှပ်အဖြစ် စိုက်ပျိုးကြ သည်။ နေကြာသီးနှံသည် ရေဝပ်ခြင်းကို  လုံးဝမကြိုက်ဘဲ မြေဆီလွှာ ကောင်းမွန်မှုရှိသော နုန်းမြေ၊ သဲနုန်းမြေနှင့် နုန်း မြေစေးတို့တွင် ကောင်းမွန်ဖြစ်ထွန်းသည်။ သဲမြေဆန်သည့်  ရွှံ့စေးမြေနှင့် မြေနီကျောက်စရစ်မြေမျိုးတွင် နေကြာပင်ကို မစိုက်ပျိုးသင့်ပါ။ နေကြာကို စက်တင်ဘာလနှင့် အောက်တို ဘာလတို့တွင် စိုက်ပျိုးကြသလို မြေအစိုဓာတ်ရရှိသော နိုဝင် ဘာလနှင့် ဒီဇင်ဘာလတို့တွင်လည်း စိုက်ပျိုးကြသည်။ ပြည်  ခရိုင်အနေဖြင့် ယခုအချိန်သည် မိုးနေကြာများ စိုက်ပျိုးချိန်ဖြစ် ပြီး စီမံကိန်း စိုက်ဧကမှာ ၂၈၂ ဧကရှိကြောင်း သိရသည်။
မြေပြင်ဆင်ခြင်း 
နေကြာစိုက်ပျိုးမည့်မြေကို ထယ်ဖြင့် နက်နက်ထိုးပေး ပြီးနောက် ထွန်ဖြင့် နှံ့နှံ့စပ်စပ် မွှေပေးရသည်။ မျိုးစေ့ချရာတွင် အခြောက်ချခြင်းနှင့် အညှောက်ဖောက်ချခြင်းတို့ကို စိုက် မြောင်း၏ အစိုဓာတ်အခြေအနေကို ချင့်ချိန်၍ လုပ်ကိုင်ရ သည်။ နေကြာမျိုးစေ့ကို စိုက်ပျိုးသည့် မြောင်းအတွင်း မျိုးစေ့ ချရာတွင် မတိမ်လွန်း၊ မနက်လွန်းတွင် ချပြီး မြေပြန်ဖုံးရာတွင် မထူးလွန်း၊ မပါးလွန်းအောင် သတိထား၍ စိုက်ပျိုးရသည်။ နေကြာစိုက်ပျိုးရန် အကောင်းဆုံး မြေအနက်မှာ နှစ်လက်မ ထက် မပိုစေရ။ နေကြာပင်များ စိုက်ပျိုးပြီး ၁၀/၁၅ ရက် အကြာတွင် အပင်ခွဲရ၍ အပင်ခွဲရာတွင် အသန်ဆုံအပင်များ ကို ချန်၍ အမြစ်မနာစေရန် ဂရုစိုက်ရသည်။ အပင်အကွာ အဝေးမှာ တစ်တန်းနှင့် တစ်တန်းနှစ်ပေခွာပြီး တစ်ပင်နှင့် တစ်ပင် ခြောက်လက်မခွာ၍ စိုက်ပျိုးရသည်။ အပင်သားခွဲချိန် တွင် ပေါင်းသတ်ပြီး ရေသွင်းရန်လိုအပ်ပါက ရေသွင်းမြောင်း လေးများပါ ဖော်ထားပေးရမည်။ မြေမထွန်ယက်မီ တစ်ဧက လျှင်  နွားချေးလှည်း ငါးစီးတိုက်ခန့် ချထားပေးရသည်။ နေကြာပင်များ ပေါက်ပြီး ရက် ၄၀ ခန့်အကြာတွင် သွင်းအားစု များ ထည့်သွင်းပေးရမည်။ နေကြာပင် နှစ်လသားတွင် ပန်း များပွင့်ပြီး ရက် ၉၀/၁၀ဝ အကြာတွင် အစေ့များ ရင့်မှည့် လာသည်။
ရိတ်သိမ်းခြင်းနှင့်  သိုလှောင်ထိန်းသိမ်းခြင်း
နေကြာပင်၏ သက်တမ်းမှာစိုက်ပျိုးပြီး ရက် ၉၀ မှ ရက် ၁၀ဝ အထိရှိပြီး ပန်းပွင့်ပုံ အညိုရောင် ပြောင်းသွားသည့်အခါ အစေ့ အောင်မြင်လာပြီဖြစ်သဖြင့်  ပန်းပွင့်အုံအောက် လေး လက်မခွာ၍ ရိတ်သိမ်းရသည်။ ရိတ်သိမ်းပြီးသော နေကြာပွင့် များကို တလင်းထဲတွင် တစ်ပွင့်ချင်း ဖြန့်ခင်း၍ နေလှန်းရ သည်။ ငါးရက်ခန့်နေလှန်းပြီး ခြောက်သွေ့လာသော နေကြာ ပွင့်ကို အစြွေေ့ခရာတွင် ပန်းပွင့်နှစ်ပွင့်ကို မျက်နှာချင်းဆိုင် ပွတ်တိုက်ပေးခြင်းဖြင့် အစေ့များကို ရယူရသည်။ ထိုမှတစ် ဆင့်ရရှိလာသော နေကြာစေ့များကို နှစ်ရက်မှ လေးရက်အထိ နေလှန်းပြီး အစိုဓာတ် ၁၂ရာခိုင်နှုန်းသာ ရရှိရမည်ဖြစ်သည်။ နေကြာတစ်ဧကလျှင် အထွက်နှုန်းမှာ ၁၁ တင်းကျော် ထွက်ရှိ ကြောင်း  သိရသည်။ ထွက်ရှိလာသော နေကြာစေ့များကို မရောင်းချမီ နေလှန်း အအေးခံ၍ နေကြာ သုံးတင်းလျှင် တစ် အိတ်ဖြင့် လေလုံအောင်ထည့်သို၍ သိုလှောင်ရသည်။
စားသုံးခြင်းနှင့်  အသုံးပြုပုံ
နေကြာကို ဆီကြိတ်၍ စားသုံးကြသလို အစေ့ကိုလှော် ၍ စားသုံးကြသည်။ နေကြာစေ့ကို နေကြာဆီအဖြစ် ဆီကြိတ် ရာတွင် အခွံကိုမချွတ်ဘဲ  ရောနှော၍ ဆီကြိတ်ကြသည်။ နေကြာစေ့ ၁၀ ပိဿာကို ဆီကြိတ်လျှင် နေကြဆီ (၅/၆) ပိဿာအထိ ထွက်ရှိကြောင်းသိရသည်။ ထို့ပြင် ဘေးထွက် ပစ္စည်းဖြစ်သော နေကြာကြိတ်ဖတ် ငါးပိဿာခန့် ထွက်ရှိ သည်။ ယင်းနေကြာ ကြိတ်ဖတ်ကို တိရစ္ဆာန် အစားအစာအဖြစ် လည်းကောင်း၊ ငါးစာအဖြစ်လည်းကောင်း အသုံးပြုကြသည်။ နေကြာကြိတ်ဖတ် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ဈေး အထိ ရှိပြီး နေကြာဆီစစ်စစ် တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ ထိ ဈေးနှုန်းရှိကြောင်း သိရသည်။ နေကြာဆီကို သွေးတိုး၊ ဆီးချို သမားများနှင့် အချို့သော ကျန်းမာရေးလိုက်စားသူများက ဝယ်ယူစားသုံးကြသည်။ နေကြာဆီများကို ပြည်ခရိုင်တွင် အနည်းငယ်သာ ကြိတ်ခွဲပြီး အခြားတိုင်းဒေသကြီးဖြစ်သော မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ဘက်မှ မှာယူတင်သွင်း ရောင်းချကြောင်း သိရသည်။
ဈေးနှုန်းနှင့်  ကုန်စည်စီးဆင်းမှု 
ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှထွက်ရှိသော နေကြာ စေ့များကို ပြည်မြို့ရှိ  ပွဲရုံများသို့လည်းကောင်း၊  နီးစပ်ရာ ဆီစက်များသို့လည်းကောင်း ရောင်းချသည်။ နေကြာတစ် တင်းလျှင် ယခင်က ကျပ် ၂၅၀ဝ၀ ဈေးဖြစ်ခဲ့ပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ ဖြင့် တစ်တင်းလျှင် ကျပ် ၂၀ဝ၀ ခန့်ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ ပြည်ခရိုင်မှထွက်ရှိသော နေကြာစေ့များကို အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးဘဲ မိမိခရိုင်အတွင်း သာ စားသုံးသူများ ဆီဖူလုံမှု ရရှိစေရေးအတွက်သာ ဆီကြိတ်ခွဲ၍ ရောင်းချကြောင်း သိရသည်။ သရေစာအဖြစ် စားသုံးသော နေကြာ စေ့လှော်ကို ရှမ်းပြည်နယ်ဘက်မှ မှာယူ တင်သွင်းပြီး ၁၀ ကျပ်သား တစ်ထုပ်လျှင် ကျပ် ၁၅၀ဝ ဖြင့် ဈေးများတွင် ရောင်းချကြောင်း သိရ သည်။ 
နေကြာထုတ်လုပ် ရောင်းချသူများအနေဖြင့် ရာသီဥတု ရေ/ မြေ သဘာဝနှင့် အထူးသင့်လျော်ပြီး စိုက်ပျိုးထုတ်လုပ် ကုန်ကျ စရိတ် နည်းပါး၍  အထွက်နှုန်း  ကောင်းမွန်ခြင်းတို့အပြင် ဆီထွက်နှုန်းလည်း ကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီ ဖူလုံခြင်းအတွက် အထောက်အကူပြုသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ ယခင်က စားသုံးသူများအနေ ဖြင့် ပြည်ပမှတင်သွင်းလာသော စားအုန်းဆီကို ဈေးသက်သာစွာဖြင့် ဝယ်ယူစားသုံးကြ၍ နေကြာစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ နည်းသွားခဲ့သည်။ နောက်ပိုင်းတွင် စားအုန်းဆီဈေး များ ပြန်လည်မြင့်တက်လာသဖြင့် နေကြာဆီများ ကြိတ်ခွဲထုတ်လုပ် ရောင်းချလာကြသည်။
ယခုအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည် ကြီးပူးပေါင်း၍ စားအုန်းဆီကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိသည်။ နေကြာဆီသည် ကျန်းမာရေးအတွက် အကောင်း ဆုံး ဆီဖြစ်၍ ငွေကြေးတက်နိုင်သူအချို့မှာ နေကြာဆီကို ဝယ်ယူစား သုံးကြသည်။ ဒေသတွင်းတွင် ဆီလုံလောက်မှုမရှိပါက အခြားတိုင်း များမှ မှာယူတင်သွင်း ရောင်းချကြသည်။ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်လည်း ထွက်ရှိလာသော နေကြာသီးနှံများကို အစုအဖွဲ့များ ဖွဲ့၍ ဆီစက်လုပ်ငန်းရှင်များနှင့် ကုန်သည်များထံသို့ ပေါက်ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဝေမင်း (ပြည်)