Main menu

Background

ရာသီစာ ပြည်မြို့၏ ဝါးရောင်းမှိုဈေးကွက်

Thu, 08/31/2023 - 10:18 -- journal_editor

ပြည်ဈေးကွက်၌ မိုးရာသီ ဝါတွင်းကာလတွင် ထွက် ပေါ်လေ့ရှိသော ဝါးရောင်းမှိုများ သြဂုတ်လ တတိယပတ်မှ စ၍ ဝင်ရောက်လာမှုရှိကြောင်း သိရသည်။ ပြည်အနီးတစ်ဝိုက် ဒေသများဖြစ်သော မှော်ဇာ၊ ကင်ပွန်းခြုံ၊ သဇင်လှ၊ ပျဉ်းပင် ကိုင်း စသည့်ဒေသများနှင့် ပြည်မြို့ အနောက်ဘက်ကမ်းရှိ ညောင်ပင်သာရွာ၊ မကျည်းစုရွာ၊ ရွှေဘုံသာရွာ စသည့်ရွာများ မှ  ရာသီဥတုမှာ မိုးရွာလိုက်၊  နေပူလိုက်နှင့် မှိုထွက်ရန် အကောင်းဆုံးရာသီ ဖြစ်နေသည့်အတွက် အဆိုပါဒေသများမှ မှိုများ ဈေးကွက်သို့ ဝင်ရောက်မှုရှိနေကြောင်း သိရသည်။ 
ဝါးရောင်းမှိုကို ပြည်ဒေသတွင် အဓိကအားဖြင့် မှိုချဉ် တည်၍ စားသုံးကြကြောင်း သိရပြီး မှိုချဉ်ထည့်ရာတွင် မှိုကို ရေစင်အောင်ဆေးပြီး  ဖန်ပုလင်း၊ မြေအိုးတို့တွင် ထည့်ပြီး ဆားအနည်းငယ်၊ ကောက်ညှင်းဆန် အသင့်အတင့်ထည့်ပြီး လေလုံအောင်ပိတ်ထား၍ ၁၀ ရက်ခန့်ကြာလျှင် မှိုချဉ်ဖြစ်ကာ စားသုံး၍ ရပြီဖြစ်သည့်အတွက် မှိုချဉ်ကို ကြက်သွန်နီ၊ ကြက် သွန်ဖြူ၊ ပုစွန်ခြောက်၊ ငါးပိတို့နှင့် ဆီသတ်၍ ချက်ပြုတ်စား သောက်ကြကြောင်း သိရသည်။ ဝါးရောင်းမှိုကို ကန်စွန်းရွက် နှင့်ရောကာ သက်သတ်လွတ်ဟင်းအဖြစ် စားသုံး၍လည်း ရ သည်။ ဝါးရောင်းမှိုကို  မှိုခြောက်အဖြစ် အခြောက်လှန်းပြီး ၎င်းမှိုခြောက်ကို ရေစိမ်ပြီး ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက် တို့ဖြင့် သေးသေးညှပ်ကာ စားသုံးကြသည်။ 
ပြည်ဈေးကွက်အတွင်း ရာသီစာဖြစ်သော ဝါးရောင်းမှို များမှာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရနေပြီး ၁၀ ကျပ်သားလျှင် ကျပ် ၈၀ဝ မှ ၁၀ဝ၀ အထိ ဈေးကောင်းရ၍ ရောင်းချကြောင်းသိရှိရသည်။

စိုစိုးနိုင်(ပြည်)