Main menu

Background

ထိုင်းသို့ အစေ့ထုတ်ပြောင်း သင်္ဘောဖြင့်  တန်ချိန် ၆၀ဝ၀ဝ တိုက်ရိုက်တင်ပို့

Tue, 06/20/2023 - 15:52 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် အစေ့ထုတ်ပြောင်း တန်ချိန် ၆၀ဝ၀ဝကို ပုသိမ်ဆိပ်ကမ်းမှတစ်ဆင့် ထိုင်းသို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့ နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
ယင်းသို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့နိုင်ခြင်းကြောင့် ကုန်တင်တွဲကား ငှားရမ်းရခက်သည့် အခက်အခဲများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ကုန်သွယ်ရေး လမ်းကြောင်း အချိန်ကြန့်ကြာမှုအပြင် တန်ဆာခ စရိတ်များလည်း လျော့ကျ သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းဒုတိယဥက္ကဋ္ဌ  ဦးသန့်ဇင်ထွန်းက ဇွန် ၁၄ ရက်တွင် ပြောသည်။ 
“ဒီလို ရေလမ်းကနေသွားတာက တွဲကားတွေ အများကြီး မသုံးရတော့ဘူး။ တန်ဆာခတွေ လျော့ကျသွားတယ်။ ဧရာဝတီတိုင်းက ထွက်ကုန်တွေကို ဧရာဝတီဆိပ်ကမ်းကနေ တိုက်ရိုက်တင်တဲ့ အတွက်ကြောင့် စရိတ်စက အများကြီး သက်သာသွားတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ တိုင်းဒေသကြီးမှထွက်ရှိသည့် ပြောင်းများကိုယခင်က ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။ ယခုကဲ့သို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့ရာမှ ရရှိသည့်အကျိုးအမြတ်နှင့်ဈေးနှုန်းများသည် နယ်စပ်မှတစ်ဆင့် တင်ပို့ရာမှရရှိသည့်အကျိုးအမြတ်၊ ဈေးနှုန်းများနှင့် တူညီနေပါက ဧရာဝတီတိုင်းမှ ပြောင်းကုန်သည်များအနေဖြင့် ရေရှည်တွင် ပုသိမ်ဆိပ်ကမ်းမှသာ ပြောင်းလဲတင်ပို့ကြမည်ဖြစ်ကြောင်း ဦးသန့်ဇင်ထွန်းက ပြော သည်။
ပုသိမ်စက်မှုစီမံကိန်းဆိပ်ကမ်းသည် တန်ချိန်၂၀ဝ၀နှင့်တန်ချိန် ၃၀ဝ၀ သင်္ဘောများသာ ဆိုက်ကပ်နိုင်သည့်အတွက် ယခု ပထမဆုံးအကြိမ်အဖြစ် တင်ပို့လျက်ရှိသည့် ပြောင်းတန်ချိန် ၆၀ဝ၀ဝ ကို အခေါက်ရေ ၂၀ ခန့် တင်ပို့ရမည် ဖြစ်သော်လည်း လမ်းခရီးတိုတောင်းသည့်အတွက် ရက်ပိုင်းဖြင့် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပန်းဆု