Main menu

Background

ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန် ငါးရှဉ့်ဈေးကွက်

Mon, 07/17/2023 - 10:56 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပဈေး ကွက်ဝယ်လိုအားရှိသော ငါးရှဉ့်များကို ပြည်ပသို့ တစ်နှစ်ပတ်လည် တင်ပို့ရောင်းချမှုရှိသော်လည်း ပွင့်လင်းရာသီထက် ယခုလို မိုးတွင်းကာလတွင် ငါးရှဉ့်များ ပိုမိုဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။ 
ငါးရှဉ့်မျိုးများကို ထိန်းသိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ ၅ စင်တီမီတာ လုံးပတ်အထက်သာ ဖမ်းဆီးတင်ပို့ ရောင်းချခွင့်ပြုပြီး ဇွန်လမှ နိုဝင်ဘာလအထိ ဈေးကွက်မှာတင်ပို့မှုများ၍  ဒီဇင်ဘာလနောက်ပိုင်း ငါးရှဉ့်အဝင်နည်းသွားကြောင်း ပုသိမ်ဈေးကွက်မှ  ပြည်ပတင်ပို့သော ငါးရှဉ့်များမှာ ပါးနီ၊ ပါးမွှား နှစ်မျိုးသာ Export  ဈေးကွက်သို့ တင်ပို့လျက်ရှိသည်။ 
ငါးရှဉ့်တွင် ကျန်းမာရေးအတွက် ပရိုတင်းဓာတ်ကြွယ်ဝလျက် အာရုံကြောကောင်းမွန်၍ သတ္တုဓာတ်နှင့် ဗီတာမင် ဓာတ်များလည်း ပါဝင်ပြီး သံဓာတ်များလည်း ပါဝင်ကြောင်း ငါးရှဉ့်ကို ပြည်တွင်းစားသောက်ဆိုင်များနှင့် ဟိုတယ်စာအဖြစ်  စားသုံးလျက်ရှိကြောင်း  ဈေးကွက်မှသိရသည်။
ပုသိမ်မြို့ပေါ်အဝယ်ဒိုင်သို့ ပုသိမ်မြို့နယ် ၊ သာပေါင်း မြို့နယ်နှင့်  ငပုတောမြို့နယ်များရှိ ကျေးရွာများမှ  အဓိက လာရောက် ရောင်းချလျက်ရှိပြီး အကောင် အကြီး၊ အသေး ပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ မှ ကျပ် ၈၀ဝ၀ ဈေးဖြင့် ဝယ်ယူလျက် ဝယ်ယူထားသော ငါးရှဉ့်များကို ရေနှစ်ထပ်၊ သုံးထပ်လဲလှယ်၍ ငါးရှဉ့်အသေးများကို ဖယ်ပြီးဖော့ပုံး၊  ပလတ်စတစ်ပုံးများတွင် ထည့်သွင်း၍ ရန်ကုန်မြို့ရှိ စံပြဈေး၊ လှိုင်သာယာဈေးနှင့် အင်းစိန်မြို့နယ် ကြို့ကုန်း ငါးရှဉ့် အဝယ်ဒိုင်ကြီးများသို့  တင်ပို့လျက်ရှိကြောင်း၊  ရန်ကုန်မှတစ်ဆင့် မူဆယ်-တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့ ငါးရှဉ့်လုပ်ငန်းရှင် ဦးစိုးနိုင်ထံမှ သိရသည်၊
မင်းမင်းဦး(ပသ)