Main menu

Background

ကျောက်ဆည်ခရိုင် ပဲမျိုးစုံ ဈေးနှုန်းဈေးကွက်

Mon, 03/04/2024 - 09:49 -- journal_editor

ဆောင်းပဲတီစိမ်း
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် ယခုနှစ် ဆောင်းပဲတီစိမ်းကို  ၅၁၉ဧက စိုက်ပျိုးထားကြောင်း ဆောင်းပဲတီစိမ်း ကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ လကုန်ပိုင်းတွင် အသီးများ  စတင်ကောက်ယူနေပြီဖြစ်ကြောင်း၊ တစ်ဧက  ကုန်ကျစရိတ်အနေဖြင့်  စိုက်ပျိုးမှု၊   သွင်းအားစု၊ လုပ်သားခ အပါအဝင်  ကျပ် ၃၀ဝ၀ဝ၀ ခန့်   ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ ကျောက်စိမ်းမျိုး၊ ရေဆင်း-၁၁ မျိုး များကို စိုက်ပျိုးကြကြောင်း သိရသည်။ ပဲတီစိမ်း  စိုက်ပျိုးမှုတွင် မိုးပဲတီစိမ်းမှာ အထွက်နှုန်း ပိုပြီးဆောင်းပဲတီစိမ်းက အထွက်နှုန်း နည်း၍ စိုက်ပျိုးမှုအနေဖြင့် အလွန်နည်းကြောင်း၊ ပဲတီစိမ်းဈေးနှုန်း အနေဖြင့် ယခင် မိုးပဲတီစိမ်းပေါ်ချိန်တွင် တစ်တင်းလျှင် ကျပ် ၄၀ဝ၀ဝ ဈေးနှုန်းရှိခဲ့ပြီး ယခုလက်ရှိ ပေါက်ဈေးအနေဖြင့် ကျပ် ၅၅၀ဝ၀ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ ဆောင်း ပဲတီစိမ်းပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ် ရရှိနိုင်ကြောင်း သိရသည်။
ပဲစင်းငုံ
ကျောက်ဆည်ခရိုင်တွင် ပဲစင်းငုံသီးနှံကို သီးသန့်စိုက်ပျိုးမှု များရှိသလို သီးထပ်သီးညှပ်အဖြစ်လည်းစိုက်ပျိုးကြသည်။စိုက် ပျိုးမှုအနေဖြင့် ပဲစင်းငုံ တစ်ဧကလျှင် လေးပြည်ကုန်ကျပြီး အချို့ တောင်သူများသည့် ပဲစင်းငုံများအား မိမိအိမ်တွင် သေချာစွာ သိမ်းဆည်းထားပြီး မျိုးအဖြစ် အသုံးပြုကြသလို ပွဲရုံများမှာ ဝယ်ယူ ၍ စိုက်ပျိုးကြကြောင်း သိရသည်။ တစ်ဧကကုန်ကျ စရိတ်အနေ ဖြင့် ကျပ် ၂၅၀ဝ၀ဝ  ဝန်းကျင်ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ရှစ် တင်းမှ ၁၀ တင်းခန့် ၊ ပဲစင်းငုံဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်တင်းလျှင် ကျပ် ၆၅၀ဝ၀ ယခုနှစ်တွင် တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် ကျပ် ခုနစ်သိန်းဝန်းကျင်ခန့် ရရှိကြောင်း  သိရသည်။
နှံစားပြောင်း
ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ ဖြစ်ထွန်းအောင်မြင် သော ဒေသတစ်ခုဖြစ်ပြီး ဆည်ရေသောက်  ဒေသဖြစ်သော ကြောင့် ပြောင်းသီးနှံကို ရာသီမရွေးစိုက်ပျိုးကြသည်။ စီးပွားလည်း ဖြစ် ဝင်ငွေတိုးပြီး ကျွဲ၊ နွားစာများပါဖူလုံသောကြောင့် ဖူးစားပြောင်း၊ နှံစားပြောင်း သီးနှံများအား အများဆုံးစိုက်ပျိုးကြသည်။ နှံစား ပြောင်းသီးနှံ  တစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ကျပ် ၂၀ဝ၀ဝ၀ ခန့်ကုန်ကျပြီး မျိုးအနေဖြင့် ထွက်တိုးဖြူ၊ ထွက်တိုးနီမျိုး များကို စိုက်ပျိုးကြကြောင်း သိရသည်။ တစ်ဧက အထွက်နှုန်းအနေ ဖြင့် တင်း ၂၀ ခန့်ထွက်ရှိကြောင်း၊ ယခင်နှစ် ပြောင်းတစ်တင်းလျှင် ကျပ် ၂၂၀ဝ၀  ဈေးနှုန်းများဖြင့် ရောင်းချခဲ့ရပြီး ယခုနှစ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၃၅၀ဝ၀ ဈေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိကြောင်း၊ ကျွဲ၊ နွားများ  စားသုံးရန်ကျန်ရှိသော ပြောင်းရိုး များကို ဧကပြတ် လာရောက်ဝယ်ယူသူများရှိရာ တစ်ဧကလျှင် ထွက်ရှိသမျှ ပြောင်းရိုးများကို ကျပ် ၁၀ဝ၀ဝ၀-၁၂၀ဝ၀ဝ အထိ ရောင်းချရကြောင်း၊ နှံစားပြောင်းစိုက်ပျိုးမှုတွင် အကျိုးအမြတ် အနေဖြင့် စိုက်ပျိုးစရိတ်များ နုတ်ပြီးပါက ကျပ် ၆၀ဝ၀ဝ၀ ခန့် မြတ်သောကြောင့်  ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များ ပိုမိုရရှိသဖြင့် နှံစားပြောင်းသီးနှံကိုတောင်သူများ တိုးချဲ့စိုက်ပျိုး သင့်ပေသည်။ 
ဆောင်းကုလားပဲ
ကျောက်ဆည်ခရိုင်အတွင်းရှိ စဉ့်ကိုင်မြို့နယ်သည် စပါးကို အဓိကထားစိုက်ပျိုးပြီး မိုးစပါးများ ရိတ်သိမ်းပြီးချိန်တွင် ဆောင်း ကုလားပဲကို စိုက်ပျိုးကြရာ စဉ့်ကိုင်မြို့နယ်တွင် ဆောင်း ကုလားပဲ စိုက်ဧက ၁၆၃၀၄ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ ဆောင်း ကုလားပဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက် ပျိုးကြပြီး ရိုးရိုးကုလားပဲမျိုးနှင့် ဠ၂ ကုလားပဲအဖြူလုံးကြီး မျိုးများ ကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ လုပ်သားခ၊ စုစုပေါင်း  ကျပ် ၂၅၀ဝ၀ဝ ခန့်ကုန်ကျကြောင်း ၊ တစ်ဧက ပျမ်းမျှအထွက်နှုန်း အနေဖြင့် ခုနစ်တင်းမှ ရှစ်တင်းခန့်ထွက်ရှိကြောင်းသိရှိရသည်။
ယခုအချိန်တွင် ဆောင်းကုလားပဲများ ဖြိုင်ဖြိုင်ရိတ်သိမ်း လျက်ရှိပြီး ကုလားပဲဈေးနှုန်းအနေဖြင့် ယခင်နှစ်က ကုလားပဲရိုးရိုး တစ်တင်းလျှင် ကျပ် ၅၈၀ဝ၀၊ ကုလားပဲ ဠ၂ တစ်တင်းလျှင် ကျပ် ၆၂၀ဝ၀ ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ်တွင် ကုလားပဲရိုးရိုးတစ်တင်း လျှင် ကျပ် ၈၀ဝ၀ဝ၊ ကုလားပဲ ဠ၂ တစ်တင်းလျှင် ကျပ် ၈၇၀ဝ၀ ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း၊ အကျိုးအမြတ် အနေဖြင့် ကျပ် ၄၅၀ဝ၀ဝ-၅၀ဝ၀ဝ၀ ခန့်ရရှိကြောင်း သိရသည်။ 
ပဲကြီးအစို
ကျောက်ဆည်ခရိုင်တွင် ပဲကြီးသီးနှံကို ယခင်က လယ်ကန် သင်းရိုးများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် ယာမြေ ၊ လယ်မြေနှင့်ကိုင်းကျွန်းမြေများတွင်လည်း အများအပြား စိုက်ပျိုးလာကြသည်။  ကျောက်ဆည်ခရိုင်တွင်  ပဲကြီးစိုက်ဧက ၁၄၃၅ ဧက စိုက်ပျိုးထားကြောင်း ပဲကြီးကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီနှင့် မတ်လများတွင် စတင်ရိတ် သိမ်းလျက်ရှိကြောင်း သိရသည်။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ်  ၅၀ဝ၀ဝ၀ ခန့်ကုန်ကျပြီး ပဲကြီးသီးနှံမှာ စိုက်ပျိုးသည်မှ ရိတ် သိမ်းပြီးသည်အထိ ကြာချိန် ငါးလမှ ခြောက်လအတွင်းရှိသည်။ စိုက်ပျိုးပြီး သုံးလကြာလျှင် အဖူးအပွင့်များ စတင်ဖူးပွင့်ပြီး အသီး တောင့်များ ရင့်မှည့်လာချိန်တွင် တောင်သူအများစုမှာ ပဲကြီးအစို များကိုသာ ခူးဆွတ်၍ရောင်းချကြကြောင်း၊ ယခု ပေါ်ဦးပေါ်စ အချိန်တွင်ဈေးကွက်အတွင်း၌ ပဲကြီးအစို တစ်ပြည်လျှင် ကျပ် ၄၀ဝ၀ ဈေးရရှိပြီး  ပဲကြီးအခြောက် တစ်တင်းလျှင် ကျပ် ၁၁၀ဝ၀ဝ ဈေးရှိကြောင်း ယခင်နှစ် ပဲကြီးအခြောက် တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ သာရကြောင်း သိရသည်။    

စိုးမင်းထွန်း၊ သန်းသန်းမိုး၊ မော်မော်အောင်၊ စိုးလွင်