Main menu

Background

မြောင်မြို့နယ်၏ ဆီထွက်သီးနှံ မြေပဲ(မိုး)အကြောင်း တစေ့တစောင်း

Fri, 12/09/2022 - 10:54 -- journal_editor

စစ်ကိုင်းခရိုင် မြောင်မြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ် မြစ်နှစ်ခုကြားတွင်တည်ရှိပြီး  မြစ်ရေဝင်ဒေသများဖြစ်၍ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးသော မြို့တစ်မြို့ဖြစ်သည်။ မြောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် မိုးနှင့် ဆောင်းသီးနှံစိုက်ဧက နှစ်သိန်းသုံးသောင်းကျော် စိုက်ပျိုးရာ မြေပဲ(မိုး+ဆောင်း) ၃၂၁၆၇ဧက စိုက်ပျိုးသည်။ 
မြောင်မြို့နယ်သည် မြေပဲသီးနှံကို မိုး၊ဆောင်း နှစ်ရာသီ စိုက်ပျိုးပြီး မိုးမြေပဲကို ဇူလိုင်လ တတိပတ်တွင် အများဆုံး စိုက်ပျိုးသည်။ မြေပဲပင်၏သက်တမ်းနှင့် အပင်ကြီးထွားမှုပေါ်မူတည်၍ မြေပဲပင်တန်းကြားများ၌(သံလုံးမှုန်းခြင်း၊ လေးသွားခွဲခြင်း)အဆင့်ဆင့် ထွန်ယက်ပြုပြင်ပြီးနောက် ပေါက်တူးပေါက်ရသည်။ 
သွင်းအားစုအနေဖြင့် ဂျစ်ဆန်ဓာတ်မြေသြဇာကို မြေခံအနေဖြင့် မြေယာပြုပြင်ချိန်တွင် ထည့်ပေးရသည်။ တစ်ဧကလျှင် မျိုး၂ဒသမ ၅တင်း အသုံးပြုပြီး ပိုးမွှားအန္တရာယ်ကာကွယ်ရန် အပင် ၁၅ရက်သားခန့်တွင် အပင်ဟော်မုန်းဆေး၊ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် အပွင့်အားဆေးနှင့်  ပိုးသတ်ဆေး၊ မြေပဲဥ စချိန်၌ အားဆေးနှင့် မှိုသတ်‌ဆေးတို့ကို စိုက်ခင်းပေါ်မူတည်၍ ၃/၄ကြိမ် ဖျန်းပေးရသည်။  မိုးမြေပဲသည် အောက်တိုဘာနှင့် နိုဝင်ဘာများတွင် စတင်ထွက်ပေါ်ပါသည်။ ထွက်ရှိလာသော မြေပဲများကို လှည်း/ထော်လာဂျီတို့ဖြင့် တလင်းသို့သယ်ယူ၍ အခြောက်ခံ နေလှန်းခြင်း၊ ခြောက်ပြီး မြေပဲများကိုခွဲရန် ခွဲစက် သို့ပို့၍လည်းကောင်း သို့မဟုတ် တလင်းသို့ ခွဲစက်များက လာ၍ကြိတ်ခွဲခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်ကြသည်။ 
ကြိတ်ခွဲခအနေဖြင့် မြေပဲဆန်(စက်ကျ)တစ်တင်း၁၇၀ဝ ကျပ် ပေးရသည်။ မြေပဲတစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး နှစ်တင်းခွဲ၊ ကုန်ကျစရိတ် ၂၁၂၅၀ဝကျပ်၊ နွားထယ်/ထွန် ၁၀ကြိမ်၁၅၀ဝ၀ဝကျပ်၊ ဂျစ်ဆန် မြေသြဇာဖိုး ၁၈၀ဝ၀ကျပ်၊ မြေဆွခ ၂၅၀ဝ၀ကျပ်၊ ပိုးသတ်ဆေး၊ အားဆေး၊ မှို ဆေးဖိုး ၇၅၀ဝ၀ကျပ်၊ မြေပဲနုတ်ဆွတ်ခ   ၁၈၀ဝ၀ဝကျပ်၊ သယ်ယူစရိတ်၊ နေလှန်းအခြောက်ခံ လုပ်အားခ ၁၅၀ဝ၀ကျပ်၊ မြေပဲကြိတ်ခွဲခ မြေပဲဆန် ရွေးခ ၃၁၂၀ဝကျပ် ကုန်ကျ၍ စုစု ပေါင်း ကုန်ကျစရိတ် ၇၀၆၇၀ဝကျပ် ကုန်ကျပါသည်။ တစ် ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့် မြေပဲအစို (အတောင့်) ၅၅ တင်းထွက်ရှိရာ အခြောက်လှန်းပါက  မြေပဲ‌(အတောင့်)  ၄၅ တင်း ထွက်ရှိပြီး ကြိတ်ခွဲပါက မြေပဲလုံး(အဆန်)  ၁၃တင်းခန့် ထွက်ရှိသည်။ 
ပျမ်းမျှမြေပဲလုံးဆန် တစ်တင်းလျှင် ၁၆ပိဿာရှိပြီး ၁၃ တင်းအတွက် ၂၀၈ ပိဿာထွက်ရှိသည်။ မြေပဲလုံးဆန် တစ်ပိဿာလျှင် ကျပ်၅၃၀ဝ ပေါက်ဈေးရှိသဖြင့် တစ်ဧကအတွက် ပျမ်းမျှဝင်ငွေမှာ ကျပ် ၁၁၀၂၄၀ဝ ခန့်ရရှိ၍  အသားတင်အမြတ် အနေဖြင့် ကျပ် ၃၉၅၇၀ဝ ရရှိမည်ဖြစ်သည်။ အချို့တောင်သူ များသည် မြေပဲသီးနှံစိုက်ခင်းတွင်   ပဲစင်းငုံသီးနှံကို သီးညှပ် အဖြစ် စိုက်ပျိုးသည်။ ပဲစင်းငုံသီးနှံသည် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းတွင် ထွက်ပေါ်မည်ဖြစ်ပြီး တစ်ဧက ခြောက်တင်း ခန့် ထွက်မည်ဟု ခန့်မှန်းထားသည်။ မြေပဲပေါ်ချိန်၌  မြေပဲ နုတ်ဆွတ်လုပ်သားတစ်ဦးအနေဖြင့်   တစ်ရက်လျှင် ဝင်ငွေ ၉၀ဝ၀ ကျပ်မှ ၁၂၀ဝ၀ကျပ်ကြား၊ မြေပဲရွေးလုပ်သားတစ်ဦး အနေဖြင့် တစ်ရက်လျှင်ဝင်ငွေ ၃၅၀ဝမှ ၄၅၀ဝကျပ်ကြား ရရှိ သည်။ 
မြေပဲ/ပဲစင်းငုံ   စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်သည် ယခင်နှစ်ထက် ကြီးမြင့်သော်လည်း သီးနှံထွက်ပေါ်ချိန်တွင် ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း တောင်သူများထံမှ သိရှိရသည်။              
အောင်လင်း(စစ်ကိုင်း)