Main menu

Background

နှမ်းဆီ၏ ဆေးဖက်ဝင်ပုံနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ

Tue, 03/28/2023 - 13:36 -- journal_editor

မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ နေ့စဉ်စားသောက်ရာတွင် ဆန်သည် အဓိကဖြစ်သလို ထမင်းဖြင့်တွဲဖက်စားသောက်ရာတွင် ဟင်းချက်ရာ၌လည်း အိမ်တိုင်းတွင် စားသုံးဆီမှာ မရှိမဖြစ် ဒုတိယအရေးကြီးဆုံးဖြစ်သည်။ ဆီအမျိုးမျိုးရှိသည့်အနက် မြေပဲဆီကို လူအတော်များများ အသုံးပြုကြပြီး နှမ်းဆီကို အသုံးပြုမှုနည်းကြသည်။ မြေပဲဆီနှင့် နှမ်းဆီကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နှမ်းဆီမှာ ဆေးဖက်ဝင်သော်လည်း ဟင်းချက်ရာတွင် ခါးသက်သက်အရသာရှိ၍ လူတို့စားသုံးမှု နည်းကြသည်။ နှမ်းဆီတွင် မပြည့်ဝဆီများစွာပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သောဆီ (Healthy Oil) တစ်မျိုးဖြစ်သည်။

ရှေးယခင်မြန်မာများသည် နှမ်းဆီကို ပိုမိုစားသုံးကြသဖြင့် ကျန်းမာရေးညီညွတ်ကြသည်။ ယခုနောက်ပိုင်းတွင် စီးပွားရေးအရ တွက်ခြေကိုက်ရာ ဆီအမျိုးမျိုးကို ဝယ်ယူစားသုံးလာကြသည့်အတွက် ကျန်းမာရေးအရလည်း ထိခိုက်လာကြသည်။ ယခင်ကဆိုလျှင် လူ့သက်တမ်းမှာ (၇၀-၈၀) အထိရှိကြပြီး နောက်ပိုင်းတွင် လူ့သက်တမ်းမှာ (၆၀-၇၀) လောက်သာရှိလာခဲ့သဖြင့် သက်တမ်းအရလည်း တိုလာကြသည်။ ကျန်းမာရေးချို့တဲ့ရခြင်း၏ အဓိကအကြောင်းရင်းမှာ အစားအသောက်ပဲဖြစ်သည်။ ထိုအစားအသောက်ထဲတွင် လူများနေ့စဉ်စားသုံးကြသည့် ဆီလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဆီအမျိုးအစား မျိုးစုံရှိသည့်အထဲတွင် နှမ်းဆီသည် ဆေးဖက်ဝင်သော ဆီတစ်မျိုးဖြစ်သည့်အတွက် နှမ်းဆီသုံးစွဲလျှင် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများကို တင်ပြလိုက်ရသည်။

နှမ်းဆီကို စားသုံးခြင်းဖြင့် သွေးတွင်းအဆီကို ကျစေပြီး နှလုံးကျန်းမာရေးလည်း ကောင်းစေသည်။ နှမ်းစေ့တွင် ပါဝင်သော ဓာတ်တစ်မျိုးမှာ အသည်း၏ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပြီး သွေးကြောများ၊ အရိုးများနှင့် အဆစ်များကို အားဖြည့်ပေးနိုင်သော ပရိုတိန်းဓာတ်တစ်မျိုးလည်း အပါအဝင်ဖြစ်သည်။ ထို့ကြောင့် အဆစ်အမြစ် ကိုက်ခဲနာကျင်လျှင် နှမ်းဆီကို လိမ်းပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေသည်။ နှမ်းဆီကို သောက်ပေးခြင်းဖြင့်လည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး သွေးတိုးကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကိုလည်း ကာကွယ်ပေးသည်။ နှမ်းဆီကို စားသုံးပေးလျှင် စိတ်ခံစားမှုကောင်းပြီး စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှု မဖြစ်အောင် ကာကွယ်ပေးသည်။ ခံတွင်းကျန်းမာရေးအတွက်လည်း နှမ်းဆီအနည်းငယ်ကို ငုံပေးထားလျှင် ခံတွင်းထဲရှိ ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပြီး သွားချေးများကိုလည်း ဖယ်ရှားပေးသည့်အပြင် သွားဖုံးများကိုလည်း ကျန်းမာစေသည်။ နှမ်းဆီကို မနက်အိပ်ရာထလျှင် လက်ဖက်စားဇွန်း တစ်ဇွန်း  သောက်ပေးပါက ကိုယ်တွင်းကအဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။ နှမ်းဆီကို စားသုံးပေးခြင်းဖြင့် အသားနှင့်အရိုးကိုအားကောင်းစေပြီး ဆံပင်၏ကောင်းခြင်းကိုလည်း ပေးစွမ်းနိုင်သည်။ နှမ်းဆီတွင် (ဇင့်)ဓာတ် ပါဝင်မှုများသဖြင့် အသားအရေ တင်းရင်းမှုအတွက် အထောက်အကူပြုပြီး ဇင့်ဓာတ်က အရိုးသိပ်သည်းဆကိုလည်း အားကောင်းစေသည်။ ထို့ပြင် နှမ်းဆီတွင် ဗီတာမင်ဘီ၊ အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နှင့် ဖော့စ်ဖရပ်စ်ပါဝင်မှုကြောင့် ဆံပင်နှင့်ဦးရေပြားကိုလည်း အားကောင်းစေသည်။ ဝမ်းချုပ်လျှင်လည်း နှမ်းဆီ ထမင်းစားဇွန်းတစ်ဇွန်း သောက်ပေးခြင်းဖြင့် ဝမ်းမှန်စေသည်။ နှမ်းဆီကို ညအိပ်ခါနီးတွင် ခြေဖဝါးတွင်လိမ်း၍ နှိပ်ပေးပါက အိပ်မောကျစွာ အိပ်ပျော်နိုင်သည်။ နှမ်းဆီစစ်စစ်သည် အလွန် ဆေးဖက်ဝင်သည့်အတွက် အိမ်တိုင်းတွင် ဆောင်ထားသင့်သော အိမ်တွင်းသမားတော်ဖြစ်သည်။  နှမ်းဆီသည် အစာချေအားကောင်းသဖြင့်  ကလေးငယ်များ အစာမကြေဖြစ်လျှင်  ဗိုက်ကို လိမ်းပေးသဖြင့် ရောဂါများသက်သာစေသည်။

ထို့ကြောင့် နှမ်းဆီကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုသလို နှမ်းဆီကို ကြိတ်ခွဲ၍ ရောင်းချသူများအနေဖြင့် နှမ်းတစ်တင်းကို ဆီကြိတ်လျှင် ခြောက်ပိဿာခန့် ထွက်ရှိသည်။ ဆီစက်များတွင် နှမ်းဆီကြိတ်ခွဲရာ၌ နှမ်းနီကိုသာ ဦးစားပေး၍ ကြိတ်ခွဲကြပြီး နှမ်းနီမရှိလျှင် နှမ်းနက်ကို ကြိတ်ခွဲကြသည်။ နှမ်းနီမှာ ဆီကြိတ်နှမ်းနီဖြစ်သည့်အတွက် ဆီကြိတ်ရာတွင် ဆီအထွက်နှုန်းကောင်းမွန်သည်။ မိုးနှမ်းနီမှာ ဆီထွက်နှုန်းကောင်းခြင်း၊ နှမ်းလှောင်လျှင်လည်း သင့်လျော်သဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့် ပွဲရုံလုပ်ငန်းရှင်များက မိုးနှမ်းကို ကြိုက်နှစ်သက်ကြသည်။ နှမ်းနက်မှာ ဆီကြိတ်ရာတွင် ဆီအထွက်နှုန်းနည်းသဖြင့် ဆီစက်လုပ်ငန်းရှင်များက ကြိုက်နှစ်သက်မှုရှိ၍ နှမ်းနီမရှိမှ နှမ်းနက်ကို ဆီကြိတ်ကြသည်။ နှမ်းနက်ကို ကြိတ်သော နှမ်းနက်ဆီမှာ ဆေးဖော်ရာတွင် အသုံးပြုကြသည်။

ဆီစက်များတွင် သန့်စင်ပြီးသော နှမ်းများကို ဆီကြိတ်ခွဲရာ ပထမဦးစွာ ထွက်ရှိလာသော ဆီအကြည်များအား နှမ်းဦးဆီဟုခေါ်ပြီး နှမ်းဦးရေထွက်ပြီးသား နှမ်းဖတ်များကို ထပ်မံကြိတ်၍ စစ်ယူပြီးရရှိသော နှမ်းဆီကို (ရိုးရိုး)နှမ်းဆီဟုခေါ်ပြီး ဈေးကွက်အတွင်းသို့ ပိဿာဝင်ဘူးများဖြင့်လည်းကောင်း၊ ပေပါများတွင် ထည့်သွင်း၍ ပိဿာချိန်ဖြင့် ရောင်းချကြသည်။ ထို့အပြင် နှမ်းဆီ (ရိုးရိုး)အား စားအုန်းဆီနှင့်ရောနှောကာ နှမ်းဆီ(အရော) အဖြစ် ဈေးကွက်တွင် ရောင်းချကြသည်။ နှမ်းဆီဈေးနှုန်းများမှာ နှမ်းဦးဆီ တစ်ပိဿာလျှင် ကျပ် ၁၂၄၀ဝ၊ နှမ်းဆီ(ရိုးရိုး) တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀၊ နှမ်းရောဆီ တစ်ပိဿာလျှင် ကျပ် ၁၀၅၀ဝ ဖြင့် ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။        

ဝေဝေမင်း (ပြည်)