Main menu

Background

အဆင်သင့်ပြင်ဆင်ထားကြပါစို့(၂)

Sat, 02/04/2023 - 23:18 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)

ယခင်တစ်ပတ်က ဥရောပသမဂ္ဂနိုင်ငံများကို တင်ပို့ရန် ပဲပင်ပေါက်ဖောက်မည့် ပဲတီစိမ်းထုတ်လုပ်မှုအဆင့်တွင် ဝယ်လက်နိုင်ငံမှ သတ်မှတ်ချက်များ(Criteria) နှင့်စပ်လျဉ်းပြီး “ဝယ်ယူခြင်းနှင့် ပဲအိတ်များလက်ခံခြင်း” အပိုင်းနှင့်    “ကုန်ကြမ်းနှင့်ကုန်ချောများ သိုလှောင်ရုံတွင်ထားရှိခြင်း” အပိုင်းများကို အသိပေးခဲ့ပြီးဖြစ်သည်။

ယခုဆက်လက်ပြီး ကျန်ရှိသောအပိုင်းလေးပိုင်းအတွက် ပြင်ဆင်ထားရမည့်အချက်များကို အသေးစိတ်အသိပေးသွားပါမည်-

(ဂ) ပဲတီစိမ်းကို သန့်စင်ခြင်း

စက်ရုံ၏ အခြေခံအဆောက်အအုံ လုံလောက်မှုဆိုရာမှာ ကြမ်းခင်း၊ အမိုး၊ တံခါး၊ ပြတင်းပေါက်၊ ဖျက်ပိုးနှင့် ကြွက်နှိမ်နင်းခြင်း၊ ငှက် မလာအောင်ထားခြင်း၊ လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ထားရန်။

-                   လုပ်ငန်းသုံးပစ္စည်း ကိရိယာများအား သန့်ရှင်းရေးဆောင်ရွက်ထားမှုဆိုရာမှာ စက်ရုံ/သိုလှောင်ရုံများအား သန့်ရှင်းရေးလုပ်ခြင်းနှင့် ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်းပြီး လုံလောက်မှု၊ ပုံစံ၊ အခြေအနေ၊ သန့်ရှင်းမှု၊ ထိန်းသိမ်းထားရှိမှု၊ ပြင်ဆင်မှုပြုလုပ်ခြင်း မှတ်တမ်းများထားရန်။

-                    ပဲကို ကိုင်တွယ်ကြရာမှာ အိတ်ဖွင့်ခြင်း၊ ချိန်တွယ်ခြင်း၊ အလုပ်လုပ်သည့်နေရာ ကြမ်းပြင်များအား တံမြက်စည်းလှည်းခြင်းနှင့် ပဲစေ့များ၊ ပဲပုံများအပေါ် ခြေဖြင့်နင်းခြင်းမပြုရန်၊ သန့်ရှင်းရေးပြုလုပ်သည့်မှတ်တမ်းထားရန်။

-                    ပဲသန့်စင်နေစဉ် နမူနာယူ၍ ဓာတ်ခွဲစမ်းသပ်ခြင်းဆိုရာမှာ လုပ်ဆောင်စမ်းသပ်ချက်၊ နမူနာယူခြင်း၊ ဓာတ်ခွဲခန်းပို့ စစ်ဆေးသည့်အစီအစဉ်၊ မှတ်တမ်းနှင့် ရလဒ်များ စနစ်တကျထားရန်။

-                    အိတ်ထည့်သွတ်ခြင်းနှင့်စပ်လျဉ်းပြီး အိတ်အခြေအနေ၊ ကိုင်တွယ်ပုံ၊ ခွဲခြားရွေးထုတ်နိုင်ရန်၊ လာရာနှင့်လားရာ ဖော်ဆောင်နိုင်ရေး မှတ်သားခွဲခြားထားရန်။

-                    စက်ရုံတွင် ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်းပြီး သန့်ရှင်းရေးဆောင်ရွက်မှုအပိုင်းတွင် သန့်ရှင်းရေးလုပ်ငန်းသုံးပစ္စည်းများအား နေရာသီးသန့်ထားရှိခြင်း၊ သန့်ရှင်းရေးလုပ်သည့် မှတ်တမ်းထိန်းသိမ်းခြင်း၊ ဖျက်ပိုးထိန်းချုပ်ခြင်းနှင့် အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများထားရှိခြင်းတို့ကို စိစစ်သွားမည်ဖြစ်၍ မှတ်တမ်းမှတ်ရာများကို စနစ်တကျထားရန်။

(ဃ) ကုန်သေတ္တာထဲ ထည့်သွင်းခြင်းနှင့် ပြည်ပပို့ခြင်း

-                    ကုန်သေတ္တာကိုစစ်ဆေးခြင်းဆိုင်ရာ မှတ်တမ်းများ၊ ကုန်သေတ္တာအခြေအနေ၊ သန့်ရှင်းမှု မှတ်တမ်းထားရှိရန်။

-                    ပိုးသတ်မှိုင်းတိုက် (Phyto Certificate) နှင့် ဥရောပသမဂ္ဂနိုင်ငံသို့ တင်ပို့ရာတွင် ပူးတွဲတင်ပြရမည့်လက်မှတ်များ လျှောက်ထားမှု မှတ်တမ်းထားရန်။

-                    ကုန်သေတ္တာသို့ ထည့်သွင်းခြင်းနှင့်စပ်လျဉ်းပြီး စံသတ်မှတ်ထားသောလုပ်ငန်း လုပ်ဆောင်မှုလုပ်ငန်းစဉ်(SOP) နှင့်နောက်ကြောင်းပြန်လိုက်ရန် (Traceability) မှတ်တမ်းများထားရှိရန်။

-                   ကုန်သေတ္တာအား အဆိပ်ငွေ့မှိုင်းတိုက်ခြင်းနှင့် စပ်လျဉ်းပြီး အသုံးပြုသည့် ဓာတုပစ္စည်း၊ သုံးစွဲသည့်ပမာဏ၊ လုပ်ဆောင်သည့်ရက်စွဲ၊  စံသတ်မှတ်ထားသော လုပ်ငန်းလုပ်ဆောင်မှုလုပ်ငန်းစဉ်(SOP)နှင့် မှတ်တမ်းများထားရှိရန်။

(င) အရည်အသွေးထိန်းချုပ်ခြင်း

-                    အဝင်ပဲနှင့်  အထွက်ပဲများ သန့်စင်နေစဉ် နမူနာယူသည့် လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ။

-                    အဝင်ပဲများ၊ အထွက်ပဲများ သန့်စင်နေစဉ် ဓာတ်ခွဲစမ်းသပ်သည့် အစီအစဉ်နှင့် မှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရန်။

-                    ပြင်ပပို့ စမ်းသပ်ခြင်းရှိလျှင် စမ်းသပ်တွေ့ရှိချက် မှတ်တမ်းထားရန်။

-                    အကယ်၍ ကုန်ဝယ်သူမှ တိုင်ကြားမှုတစ်စုံတစ်ရာရှိပါက စုံစမ်းဖော်ထုတ်ရန်နှင့် ပြုပြင်ဆောင်ရွက်/ကြိုတင်ပြင်ဆင်ထားမှု မှတ်တမ်းထားရန်။

(စ) လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး

-                    နေ့စားလုပ်သား၊ ရာသီချိန်ဝန်ထမ်းအပါအဝင် စက်ရုံတွင် အသုံးပြုသော လုပ်သားများ၏  ကျန်းမာရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသင်တန်းများ ပေးထားရန်၊ သင်တန်းပို့ချသူ/ အဖွဲ့၊ သင်တန်းပေးမှုမှတ်တမ်းများထားရှိရန်။

-                    လုပ်သားများအတွက် အဝတ်လဲခန်းများ ” တည်နေရာနှင့် နေရာလုံလောက်မှုရှိအောင် စီစဉ်ထားရန်။

-                    ပိုးမွှားကာကွယ်ရန်အတွက် လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူများ၏ သန့်ရှင်းစင်ကြယ်သော အဝတ်အစား၊ ခေါင်းဆောင်း၊ ခါးစည်း၊ ဖိနပ်၊ နှာခေါင်းစည်းများ ဝတ်ဆင်ပြီး လုပ်ဆောင်စေရန်။

-                    လုပ်သားအရေအတွက်နှင့် လုံလောက်သော အိမ်သာထားရှိရန်၊ အိမ်သာအမျိုးအစား၊ တည်ဆောက်ထားမှု၊ အသုံးပြုနိုင်မှုအခြေအနေ၊ ရေရရှိမှု၊ ပဲစေ့များကို ညစ်ညမ်းစေနိုင်ခြင်း မရှိစေရေး ဆောင်ရွက်ထားရန်။

-                   ပဲကို တိုက်ရိုက်ကိုင်တွယ်သည့် လုပ်သားများအနေဖြင့် အစာနှင့်ပတ်သက်သော ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်စေသည့် ရောဂါ ကင်း/မကင်းနှင့် ရောဂါဖြစ်လျှင် သတင်းပေးပို့ခြင်း ရှိ/မရှိနှင့် အကယ်၍ ရောဂါဖြစ်လျှင် စီမံထားရှိမှု။

-                    ပဲကို တိုက်ရိုက်ကိုင်တွယ်သော လုပ်သားများအား အဝတ်သန့် ဝတ်ဆင်စေခြင်း၊ ပဲကို မကိုင်တွယ်မီ လက်ဆေးခြင်းပြုလုပ်စေရန်နှင့် ပဲစေ့များအပေါ် ခြေဖြင့်နင်းခြင်း မပြုလုပ်ရန် တားမြစ်ထားမှုနှင့် စစ်ဆေးမှုများ   လုပ်ဆောင်ထားသည့် အခြေအနေမှတ်တမ်းများ ထားရှိရန်။

မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်အနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့၏ တာဝန်ပေးအပ်ချက်အရ တတိယအဖွဲ့အစည်း (3rd Party) အဖြစ် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန် တင်ပို့မည့် ပဲတီစိမ်း သန့်စင်မှုလုပ်ငန်းစဉ် (Processor Level) ကို ဝယ်လက်နိုင်ငံ၏ သတ်မှတ်ချက်(Criteria) များနှင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးပေးလျက်ရှိသကဲ့သို့ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဆန်ကြိတ်ခွဲသည့် ဆန်စက်များနှင့် ပြောင်းစက်များ၊ အခြောက်လှန်းကွင်း၊ အခြောက်ခံစက်များကိုလည်း စစ်ဆေးပေးလျက်ရှိသော စစ်ဆေးရေးအဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။

MITS မှ စစ်ဆေးတွေ့ရှိချက်အပေါ် လုပ်ငန်းကြီးကြပ်ကော်မတီများက စိစစ်ပြီး ဝယ်လက်နိုင်ငံများသို့ ရွေးချယ်ပေးပို့သော စက်များအား ငြင်းဆိုခံရခြင်းမရှိဘဲ ဝယ်လက်နိုင်ငံများက လက်ခံပေးလျက်ရှိသည်။၊ ပထမဆုံးအကြိမ် ဆန်စက်များစာရင်းကို ပေးပို့စဉ်က MITS ကို တာဝန်ပေးထားခြင်းမရှိခဲ့ပါ။ ထိုစဉ်က တရုတ်နိုင်ငံစစ်ဆေးရေးအဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း MITS မှ စစ်ဆေးပေးသည့်အကြိမ်များတွင် ကမ္ဘာ မှာ ကိုဗစ်ရောဂါ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်ချိန်ဖြစ်ရာ တရုတ်စစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးခြင်းမပြုတော့ဘဲ MITS ၏ စစ်ဆေးတွေ့ရှိချက်ကို လက်ခံအတည်ပြုပေးလျက်ရှိသည်။ ဝယ်လက်များသည် ပစ္စည်းအရည်အသွေးသာမက ထုတ်လုပ်မှုအဆင့် အရည်အသွေးများကိုပါ စိစစ်နေပြီဖြစ်သည့်အတွက် အနာဂတ်ကာလများတွင်လည်း MITS နှင့် ပို့ကုန်တင်ပို့သူများ ထုတ်လုပ်မှုပိုင်းမှာ စစ်ဆေးရေးလုပ်ငန်းများကို ကြည်ဖြူစွာ လက်တွဲလုပ်ဆောင်ကြပါစို့ဟု တိုက်တွန်းလိုက်ပါရစေ။

ပန်းချယ်ရီ(MITS)