Main menu

Background

တိုးချဲ့စိုက်ပျိုးသင့်သည့် ဝင်ငွေကောင်းသော အစေ့ထုတ်ပြောင်း

Fri, 11/11/2022 - 14:49 -- journal_editor

အစေ့ထုတ်ပြောင်းသီးနှံသည်  ပြည်တွင်း မွေးမြူရေးအစားအစာနှင့်ပြည်ပသို့ တင်ပို့ရောင်း ချရန်အတွက် အရေးပါသော  သီးနှံတစ်မျိုးဖြစ် သည်။ အစေ့ထုတ်ပြောင်းသီးနှံကို  တောင်ပေါ် ဒေသများတွင် ဧကရီ၊  ရေဆင်းစပ်မျိုး(၃)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အများဆုံးစိုက်ပျိုးကြပြီး မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊စူဝမ်(၃)၊ရေဆင်း စပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၄)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို   အဓိကထားပျိုးကြ သည်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ရေစိမ့် ဝင်မှုကောင်း၍ ရေမဝပ်သောမြေ၊ နုန်းမြေ၊စနယ် မြေ၊ သဲနုန်းမြေ၊ မြေနီနှင့်  စနယ်မြေနက်တို့တွင် အများဆုံး စိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် မိုး ရာ သီ တစ်ဧက  အပင်အရေအတွက် ၂၃၀ဝ၀ မှ ၂၅၀ဝ၀၊ မိုးနှောင်း /ဆောင်းရာသီ  တစ်ဧက  အပင်အရေအတွက် ၁၇၀ဝ၀ မှ ၂၀ဝ၀ဝ ထိ ရရှိ အောင်   စိုက်ပျိုးရန်လိုအပ်သည်။  တစ်ဧကတွင် ရှိသင့်သည့်  အပင်အရေအတွက် မပြည့်ပါက   အထွက်နှုန်း   ကျဆင်းနိုင်သည်။ အပင်ပေါက်စုံပြီး ၁၄ ရက်သားတွင်  မဖြစ်မနေ သားခွဲပြီး ပင်ခြေကို မြေဆွပေးရန် လိုအပ်ပြီး အပင်ပေါက်စုံပြီး ၃၅ မှ ၄၀ ရက်သားတွင် ဘောင်တင်ပေးရန် လိုအပ် သည်။ မြေအစိုဓာတ်ပေါ် မူတည်၍ မျိုးစေ့အတိမ် အနက်ကို  နှစ်လက်မမှ နှစ်လက်မခွဲထား၍ စိုက်ပျိုးသင့်သည်။
သွင်းအားစုအနေဖြင့် နွားချေး သို့မဟုတ် သစ်ဆွေးမြေသြဇာနှင့် ဓာတ်မြေသြဇာများကို မြေမပြုပြင်မီ ညီညာစွာ ထည့်သွင်းရန် လိုအပ်ပါသည်။ အပင်တစ်လသားအရွယ်တွင် ကျရောက်တတ်သော ရွက်စားပိုးနှင့် ပျပိုး၊  ပန်းပွင့်ချိန်တွင် မိုးပြတ်ပါက ကျရောက်တတ်သော ပျပိုးများကို ထိသေ ပိုးသတ်ဆေးများဖြင့်  အချိန်မီ နှိမ်နင်းရန်လိုအပ်သည်။ အစေ့ထုတ်ပြောင်းတွင် ကျရောက်တတ်သောရောဂါများကို ကာကွယ်ရန်အတွက် အပင်ပေါက်စုံသည်မှ လေးပတ်သားအထိ ပေါင်းလုံးဝ ကင်းစင်စေရန်  ကြားပေါင်းလိုက်ပေးရန်လိုသည်။ အစေ့ထုတ်ပြောင်းစေ့အား နို့ရည်တည်ချိန်မှ စတင်၍ ဖျက်ဆီးတတ်သော   ကြွက်၊ ခွေး၊ ကြက် တူးရွေးနှင့်ရှဉ့်တို့၏အန္တရာယ်အား ကာကွယ်ရန် လည်း လိုအပ်သည်။
ပြောင်းဖူးဖက်သည်  အဝါရောင်သန်းပြီး အစေ့ထုတ်ပြောင်းရိုးညှာတွင် အညိုရောင်ကွင်း ကို တွေ့ရချိန်တွင် ရိတ်သိမ်းရန်  လိုအပ်ပြီး ရိတ် သိမ်းပြီး ချက်ချင်း ဖက်ခွာ၍ နေလှန်းရန်၊ ဖက်ခွာ ပြီး အဖူးများကို စုံပြုံထားခြင်း မပြုရ။ စုပုံထားသော အဖူးများတွင် မှိုအလွယ်တကူ တက်၍ အစေ့ထွက်နှင့် အရည်အသွေးပါ   ကျဆင်းစေသည်။ ဖက်ခွာနေလှန်းခြင်းကို   ငါးရက်မှ ခုနစ် ရက်ခန့်ပြုလုပ်ပြီး အစေ့ခြွေရန်နှင့် အစေ့များကို ထပ်မံနေလှန်းရန် လိုအပ်သည်။   အစေ့များကို အစေ့တွင်း အစိုဓာတ် ၁၅ ရာခိုင်နှုန်းအောက် ကျစေရန် နေလှန်းရန် လိုအပ်ပြီး နေလှန်းရာတွင် အထူ နှစ်လက်မခွဲမှ  သုံးလက်မအထိ   ညီညာစွာ နေလှန်းရန် လိုအပ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင်   တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မိုးစိုက်ဧက၂၁၀၆၀၈ ဧက နှင့် ဆောင်းစိုက်ဧက   ၂၅၀၂၅ ဧက၊  စုစုပေါင်း ၂၃၅၆၃၃ စိုက်ပျိုးခဲ့ကြောင်း၊    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စက်တင်ဘာလကုန်အထိ မိုးစိုက် ဧက ၁၅၇၆၂၃ ဧကစိုက်ပျိုးကြောင်း၊ ကန့်ဘလူခရိုင်၊ ကလေးခရိုင်၊ ရွှေဘိုခရိုင်နှင့် စစ်ကိုင်းခရိုင် တို့တွင် အများဆုံး စိုက်ပျိုးပြီး ယခုနှစ်တွင် လုပ်အားခ များပြားခြင်း၊    လုပ်သား ရှားပါးခြင်းနှင့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး     အစေ့ ထုတ်ပြောင်း(CP)ကို ပိုမို စိုက်ပျိုးလာကြကြောင်း၊ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု   ကုန်ကျစရိတ်မှာ ကျပ်လေးသိန်းခန့် ကုန်ကျကြောင်း၊   ပေါက်ဈေး အနေဖြင့် ယခင်နှစ် အောက်တိုဘာလက တစ်တင်းလျှင်  ကျပ် ၁၀၅၀ဝ ၊ ယခုနှစ် တစ်တင်းလျှင် ကျပ် ၁၇၈၀ဝ ရရှိပါသဖြင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ကျပ် ၇၃၀ဝပိုမိုရရှိကြောင်း၊ တစ် ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့် တင်း ၇၀ ထွက်ရှိပါသဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ် ၁၂  သိန်းကျော်ခန့် ရရှိပါသဖြင့်   တစ်ဧက  အကျိုး အမြတ်အနေဖြင့်  ကျပ်ရှစ်သိန်းခန့်  ရရှိကြောင်း၊ ပဲတီစိမ်းသီးနှံကဲ့သို့  လုပ်သားအင်အား အသုံး မပြုရသည့်အပြင်    ပြည်တွင်း မွေးမြူရေးအစားအစာနှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်သည့်အတွက် အစေ့ထုတ်ပြောင်းသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။                   

တင်မာဝေ(မုံရွာ)