Main menu

Background

ထက်မင်းလှမြို့နယ် ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်းကြက်သွန်နီစိုက်ပျိုးပြီးစီးမှု အခြေအနေ

Mon, 01/01/2024 - 13:11 -- journal_editor

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ်ရှိ  ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ရွာတော်၊ ညောင်ပင်သာ  စသည့်ကျေးရွာများတွင် ကုလားပဲ၊ မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊ ပဲတီစီမ်း၊ ဝါ၊ ကြက်သွန်နီနှင့် အခြား စားဖိုဆောင်သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး ကုန်းကြီးအုပ်စုရှိ ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်း ကြက် သွန်နီ (ခေါ်)ပျိုးပင်စိုက်ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြောင်း သိရသည်။
ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ ဆောင်းကြက်သွန်စိုက်တောင်သူ ၁၅ ဦးခန့်ရှိပြီး စိုက်ဧကမှာ  ၂၀ နီးပါးရှိကြောင်း၊ မိမိအနေ ဖြင့် ဆောင်း ကြက်သွန်နီ ၂ ဧက စိုက်ပျိုးထားကြောင်း၊ မြေအောက်ရေကို အသုံးပြု၍ ပိုက်ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ မျိုးကို တောင်သူအချင်းချင်းမှ မျိုးတစ်ပြည်လျှင် ကျပ်၁၂၀ဝ၀ဝ ဖြင့်ဝယ်ယူကြောင်း၊ ယခင်နှစ်က မျိုးတစ်ပြည်လျှင် ကျပ် ၄၅၀ဝ၀ မှ ၅၀ဝ၀ဝ ဖြင့် ဝယ်ယူရကြောင်း၊ တစ်ဧကလျှင် မျိုးတစ်ပြည်ခွဲမှ နှစ်ပြည်ခွဲအထိ အသုံးပြုရကြောင်း၊ မျိုးစေ့ကို ပျိုးပင်အဖြစ် ပျိုးထောင်ကာ ပျိုးပင်၄၅ရက်သားတွင် စိုက်ခင်းထဲသို့ ပြောင်းရွှေ့စိုက်ပျိုးကြောင်း၊ နတ်တော်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး တပေါင်းလပြည့်ကျော်တွင် တူးဖော်ကြောင်း၊ ယခင်နှစ်က တစ်ဧကကုန်ကျစရိတ်မှာ ကျပ်သိန်း ၃၀ နီးပါးရှိသော်လည်း ယခုနှစ် တွင် စက်သုံးဆီစရိတ်မြင့်တက်လာမှု၊ လုပ်အားခကြီးမြင့်မှုနှင့် အခြားသွင်းအားစရိတ်များ မြင့်မားလာမှုနှင့်အတူ တစ်ဧကလျှင် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ် ၃၅သိန်းမှ သိန်း ၄၀ ကြား ကုန်ကျကြောင်း၊ အထွက်နှုန်းမှာ ယခင်နှစ်က ဆောင်းကြက်သွန်နီ စိုက်ခင်း တစ်ဧကလျှင် ပိဿာချိန် ၅၅၀ဝ နီးပါးထွက်ရှိခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်နှစ်ကအထွက်နှုန်းအတိုင်း ထွက်ရှိရန် မျှော်လင့်ပါကြောင်း၊ ထွက်ရှိသော ကြက်သွန်နီများကို ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခင် နှစ်က ဆောင်းကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးမှုစရိတ်မှာ ယခင်နှစ်ကထက် ပိုမို ကုန်ကျသောကြောင့်  ဆောင်းကြက်သွန်နီ ထွက်ရှိချိန်တွင်  တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ မှ ၃၀ဝ၀ ကြားရရှိမည်ဆိုပါက တောင်သူများအတွက် အဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း ဂျင်ရဲမြောင်(စံပြ)ကျေးရွာနေ ဆောင်းကြက်သွန်နီစိုက်  တောင်သူ ဦးတင်ဇော်ဌေးထံမှ သိရှိရသည်။                                                                                                                          

နှင်းလွင်ဦး