Main menu

Background

ကလေးမြို့နယ်တောင်သူများ စပါးအထွက်ကောင်းလို့ ပြုံးပျော်နိုင်

Fri, 02/06/2015 - 19:08 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၁၆၆ ရွာရှိပြီးယခုနှစ်မိုးစပါး ရိတ်သိမ်းပြီးချိန်မိုးစပါး အမှန်တကယ်ထွက်ရှိမှုအခြေအနေကိုသိရှိဖို့ ကလေးမြို့နယ်အတွင်းရှိ ကံကြီး၊ စခန်းကြီး၊ ရာဇဂြိုလ်ကျေးရွာများရှိ တောင်သူများနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။တောင်သူများကလည်း ယခုနှစ် မိုးစပါး မိုးလေဝသညီညွတ်လို့ စပါးအထွက်နှုန်းကောင်းကြောင်း၊ စိုက်ပျိုးတဲ့ စပါး မျိုးတွေကလည်း ပေါ်ဆန်း၊ ရွှေတိုး၊ ပါကြဲဆန်း၊ ငရဲဆန်း၊ဝင်းကိုဆန်း၊နတ်ပြည်မွှေး၊နမိတ်သလေး၊ဧရာမင်း၊ဆင်းရွှေသွယ်စတဲ့ဒေသစပါးမျိုးများအများဆုံးစိုက်ပျိုးကြပြီး ပုလဲသွယ်နဲ့ ဗီယက်နမ်စပ်စပါးများကိုလည်း  စမ်းသပ်  စိုက်ပျိုး အောင်မြင်တဲ့အကြောင်းပြောပြကြပါတယ်။   စခန်းကြီးရွာမှ တောင်သူဦးကျော်လှက   မိမိလယ်ကွင်းမှာ ဆင်းရွှေသွယ်စပါးစိုက်ပျိုးကြောင်းနဲ့ တစ်ဧကတင်း ၁၀၀ ကျော်ထွက်ကြောင်း၊ မိမိတို့လယ်မှာဘာဓာတ်မြေသြဇာမှ မသုံးရကြောင်း၊ တစ်နှစ်ကျော် တစ်ခါလောက်သာ သဘာဝဓာတ်မြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေးများထည့်ကြကြောင်း၊ မိုးလေဝသကောင်းမွန်ပါက မြေသြဇာမထည့်လည်းစပါးအထွက်ကောင်းကြောင်း၊ စပါးဈေးအနေဖြင့် တင်း ၁၀၀ ကို ကျပ် ၄ သိန်းရောင်းရကြောင်း၊ ဒါကြောင့် တောင်သူများ စပါးအထွက်ကောင်းပြီး ဈေးနှုန်းမဆိုးလှသဖြင့် အဆင်ပြေကြကြောင်းပြောပါတယ်။
ကံကြီးရွာ တောင်သူ ဦးထွန်းရီကလည်း မိမိလယ်မှာ  ပေါ်ဆန်း (ငစိန်) မျိုးစိုက်ပျိုးပြီး၊ ယခုနှစ်တစ်ဧကတင်း  ၁၀၀ မှ ၁၁၀ ကျော်ထွက်ရှိကြောင်း၊ ပုလဲသွယ်စပ်မျိုးစပါးလည်း စမ်းစိုက်ပျိုးရာ  တင်း ၁၅၀ ကျော်ထွက်ရှိတာကြောင့် ဒီနှစ် အတွက်ကလေးမြို့နယ် တောင်သူတွေဟာ စပါးအထွက်ကောင်းဈေးနှုန်းသင့်တင့်တဲ့အတွက်ဝင်ငွေကောင်းပြီးလူမှုစီးပွားဘဝများအဆင်ပြေချောမွေ့လျက်ရှိကြောင်းကလေးမြို့နယ်တွငိ ကျေးရွာများမှတောင်သူများက ဆိုပါတယ်။
သက်နိုင်-ဟုမ္မလင်း