Main menu

Background

မအူပင်မြို့နယ်တွင် ဆန်စပါးဈေးကွက်တည်ငြိမ်လျှက်ရှိပြီး တက်ရိပ်ပြလျှက် အရောင်းအဝယ်သွက်

Tue, 12/07/2021 - 11:56 -- journal_editor

           မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းတစ်ချို့သည် ယခုဒီဇင်ဘာပထမပတ်အတွင်း မအူပင်မြို့နယ်၊ ရေလဲလမ်းတစ်လျှောက်ရှိဆန်စက်များဖြစ်သော ဝင်းသိင်္ဂီ၊ စိန်သီဟ၊ နိုင်းဝမ်းတူး၊ ကျော်ပဒေသာနှင့် ထိန်ထိန် လင်းဆန်စက်များသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့သည်။

          အဆိုပါကွင်းဆင်းလေ့လာမှုတွင် စက်ပိုင်တစ်ဦး၏ ပြောပြချက်အရ ယခုအခါ မအူပင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၇၆ အုပ်စုမှ စပါးများပြိုင်တူပေါ်ချိန်ဖြစ်သဖြင့် ရိတ်သိမ်းနယ်လှေ့ပြီး စပါးများရောင်းချမှုများသောကာလ ဖြစ်သောကြောင့် ယခုကာလတွင် ရိတ်သိမ်းနယ်လှေ့ ရောင်းချမှုများသော စပါးများမှာ ဆင်းသုခစပါးနှင့် ကရင်မစပါးများဖြစ်ပြီး စက်အရောက်ဈေးမှာ စပါးတင်းတစ်ရာလျှင် ကျပ် ခုနှစ်သိန်း ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နှံကားစပါးမျိုးမှာ အခုရက်အနည်းငယ်မှစတင်၍ ဈေးကွက်အတွင်းရောက်ရှိလာပြီး စပါးတင်းတစ်ရာလျှင် ခြောက်သိန်းနှစ်သောင်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရှိခဲ့ရပါသည်။

          ရေလဲလမ်းရှိ ဆန်စက်များသို့ ကွင်းဆင်းရောက်ရှိချိန်တွင် ဆန်စက်ပိုင်ရှင်များ၏ ပြောပြချက်အရ ဆင်းသုခနှင့် ကရင်မဆန်ဈေးမှာ တစ်အိတ်လျှင် ကျပ်၂၄၀၀၀ဈေး ရရှိနေပြီး နှံကားဆန် တစ်အိတ်လျှင် ကျပ် ၂၂၅၀၀ ဖြင့် ရောင်းအားရရှိနေပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ဝယ်လိုအားရရှိလျှက်ရှိကြောင်းနှင့် မအူပင်မြို့နယ်မှ ထွက်ရှိသောစပါးများကို ရေလဲရွာတွင် မြောင်းမြမြို့နယ်ရှိ ကုန်သည်များမှလည်းကောင်း၊ ကျုံစုတ်မြစ်ကမ်းတွင် ကျိုလတ်မြို့နယ်ရှိ ကုန်သည်များမှလည်းကောင်း၊ ကရင်ချောင်းတွင် တွံတေးမြို့နယ်ရှိ ကုန်သည်များမှလည်းကောင်း အရောင်းအဝယ် တွင်ကျယ်လျှက်ရှိပြီး ဆန်စပါးဈေးနှုန်းတည်ငြိမ်လျှက် နောင်တွင်တက်ရိပ်ပြလျှက်ရှိကြောင်း စက်ပိုင်များ၏ ပြောပြချက်အရသိရှိရသည်။