Main menu

Background

၂၀၂၇ ခုနှစ်အထိ မြန်မာ့ဆန် တန်ချိန် ၃ သိန်း ဘင်္ဂလားဒေ့ရှ်သို့နှစ်စဉ် တင်ပို့ရောင်းချမည်

Fri, 11/11/2022 - 15:36 -- journal_editor

၂၀၂၇ ခုနှစ်အထိ မြန်မာ့ဆန် တန်ချိန် သုံးသိန်း  ဘင်္ဂလားဒေ့ရှ်သို့ နှစ်စဉ်တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး ယင်းအတွက် နှစ်နိုင်ငံအစိုးရတို့အကြား  ဆန်စပါးကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ လတွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီးဌာနမှ သိရသည်။
MoU အရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်အများဆုံး ဆန်ဖြူ (White Rice) တန်ချိန် ၂ သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ၅ သောင်းအထိ  တင်ပို့ရောင်းချနိုင်မည်ဖြစ် သည်။
အဆိုပါ ဆန်များကို အစိုးရအချင်း ချင်း သဘောတူညီချက်နှင့် ဝယ်ယူမည်ဖြစ် ပြီး ကုန်ကျစရိတ်၊ အာမခံငွေကြေး၊ သယ်ယူ ပို့ဆောင်စရိတ်အပါအဝင် တစ်တန်ကို အမေ ရိကန်ဒေါ်လာ ၄၆၅ ဒသမ ၅၀ သတ်မှတ်ထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်က ဝယ်ယူမည့် မြန်မာ့ ဆန်ဖြူမှာ အမျိုးအစားအပေါ်  မူတည်၍ တစ်တန် (FOB-YGN)  ကို စက်တင်ဘာလ ၆ ရက်အထိ အမေရိကန်ဒေါ်လာ ၃၆၀ မှ ၃၉၀ အထိ ပေါက်ဈေးရှိကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှသိရသည်။
ပထမအကြိမ် ငါးနှစ်ဆက်တိုက် တင်ပို့မည့်အစီအစဉ်ကို လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က နှစ်ဖက်အစိုးရတို့ သဘောတူညီခဲ့ကြပြီး နှစ်စဉ် ဆန်ဖြူတန်ချိန် တစ်သိန်းခွဲနှင့် ပေါင်းဆန်တန်ချိန် ငါးသောင်းကို ယခု ၂၀၂၂ ခုနှစ်အထိ တင်ပို့ ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။
နောက်ဆုံးအသုတ် ၂၀၂၂ ခုနှစ် ခွဲတမ်းအတွက် ဧည့်မထ (၅) မတ်ဆန်တန် ချိန် နှစ်သိန်းထဲမှ တန်ချိန် နှစ်သောင်းကျော်ကို တင်ပို့ထားနိုင်ပြီး တန်  ၁၅၀ဝ၀ ကျော်ကို သင်္ဘောတင်နေဆဲဖြစ်ကာ  ကျန်ရှိသည့် တန်ချိန် ၁၀၅၀ဝ၀ ကိုတော့ သတ်မှတ်ကာလအတွင်း ပြည့်မီအောင် တင်ပို့နိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လက်ရှိတွင် ဗီယက်နမ်နှင့် အိန္ဒိယတို့မှ ဆန်တန်ချိန် သုံးသိန်းကျော်ကို ဝယ်ယူနေပြီး အရန်ဆန် နှင့် ပြည်တွင်းဈေး တည်ငြိမ်စေရန်အတွက် ဆန်တင်သွင်းနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီးဌာနက ပြောကြားထားသည်။
ပန်းဆု