Main menu

Background

ဟက်စ်အမျိုးအစား ထောပတ်သီး စိုက်ဧက ၃၀ဝ အတွက် Global GAP လက်မှတ်ရရှိရန် လုပ်ဆောင်နေ

Mon, 02/06/2023 - 13:38 -- journal_editor

ဥရောပသမဂ္ဂအပါအဝင် ပြည်ပပို့မည့် Hass အမျိုးအစား ထောပတ်သီး စိုက်ဧက ၃၀ဝ အတွက် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများစနစ် (Global GAP) လက်မှတ်ရရှိရန် နမူနာအသီးများ ပေးပို့ကာ ဓာတ်ခွဲစစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

ပြင်ဦးလွင်မြို့၌ စီးပွားဖြစ်စိုက်ပျိုးနေသည့် Hass အမျိုးအစား ထောပတ်သီးများမှာ ၂၀၁၈ ခုနှစ်မှစတင်၍ စီးပွားဖြစ်စိုက်ပျိုးလာခြင်းဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် တိုးချဲ့လာရာ လက်ရှိတွင် စုစုပေါင်းဧက ၁၅၀ဝ ခန့်အထိ ရှိလာပြီဖြစ်ကာ ယင်း စိုက်ဧကများအနက်မှ ဧက ၃၀ဝ ကို Global GAP လက်မှတ်ရရှိရန် Control Union နှင့်ချိတ်ဆက်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းလက်မှတ်သည် ထောပတ်သီးအတွက် တစ်ရာသီသာလျှောက်ခွင့်ပေးပြီး ယခု ဧက ၃၀ဝ သာ လျှောက်ထားနိုင်ခြင်းမှာ စိုက်ပျိုးချိန် အနည်းငယ် နောက်ကျသွားသည့်အတွက် အသီးထွက်နှုန်း နည်းခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာ့ထောပတ်သီးများကို ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချ နေရသော်လည်း ကိုဗစ်(၁၉)အခြေအနေအရ ပြည်တွင်း၊ ပြည်ပခရီးသွားများ ရပ်တန့်ထားမှုကြောင့် စားသုံးမှုနှုန်း ကျဆင်းနေသည့်အတွက် ကိုဗစ် အလွန်ကာလတွင် မြန်မာ့ထောပတ်သီးကို ထုတ်ကုန်အသွင်သစ်တစ်မျိုးဖြင့် ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် ကိုဗစ်(၁၉) အလွန်တွင် ထောပတ်သီး စိုက်ပျိုးသူများအတွက် GAP စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်နိုင်ရန် နည်းပညာရပ်များ၊ တန်ဖိုးမြင့် ထုတ်ကုန်များမှ ထောပတ်သီးနှင့် ဟင်းပွဲပြင်သည့် နည်းပညာများ၊ ထောပတ်သီးအဆီမှ အလှကုန်ပစ္စည်းများ ထုတ်လုပ်မည့်နည်းပညာများကို သင်တန်းများပေးနေကြောင်း သိရသည်။

ပြည်တွင်း၌ ထောပတ်သီးများကို မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် စသည့်ဒေသများတွင် စိုက်ပျိုးလျက်ရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်က ရှမ်းပြည်(တောင်ပိုင်း) တောင်ကြီး၊ ဟိုပုံး၊ ကျောက်တစ်လုံး၊ ဖယ်ခုံ စသည့် မြို့နယ်များတွင် ထောပတ်သီးစိုက်ပျိုးသူ ၃၆ ဦး၏ ထောပတ်ခြံဧက ၅၀ဝခန့် Global GAP လက်မှတ်ရရှိထားပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း သိရသည်။ 

ပြည်ပဈေးကွက်အနေဖြင့် မြန်မာ့ထောပတ်သီး သုံးမျိုးကို ဒေသတွင်းနိုင်ငံအချို့နှင့် ဥရောပနိုင်ငံအချို့သို့ ၂၀၂၀ ခုနှစ်အတွင်းက စတင်ရောင်းချထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံသို့ ပုံမှန်တင်ပို့ရောင်းချလျက်ရှိသည်။

ဈေးကွက်အတွင်း လက်ရှိ၌ မြန်မာ့ထောပတ်သီးကို အမျိုးအစားအလိုက် ကျပ် ၈၀ဝ မှ ၁၀ဝ၀အထိ ရောင်းချလျက်ရှိပြီး ပြည်တွင်း၌ ထောပတ်သီး တန်ချိန် ၃၀ဝ၀ကို နှစ်စဉ်စားသုံးလျက်ရှိကာ ခရီးသွားရာသီ၌ ထောပတ်သီးစားသုံးမှု ပိုမိုများပြားကြောင်း သိရသည်။

ပန်းဆု