Main menu

Background

ဈေးကွက်အတွင်း ရော်ဘာအမြင့်ဈေးသို့ ရောက်ရှိနေ

Fri, 12/09/2022 - 12:28 -- journal_editor

လက်ရှိ ဈေးကွက်အတွင်း ရော်ဘာအမြင့်ဈေးသို့ ရောက်ရှိနေသောကြောင့် ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ ယမန်နှစ်များက ရော်ဘာတစ်ပိသာလျှင် ငွေကျပ် ၂၅၀ဝ မှ ၂၆၀ဝ အထိသာ ပေါက်ဈေးရှိသော်လည်း ယခု ၂၀၂၂ ခုနှစ်တွင်တော့ ငွေကျပ် ၄၅၀ဝ မှ ၅၀ဝ၀အထိ ပေါက်ဈေးရရှိနေခြင်းဖြစ်သည်။  မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့်ရော်ဘာကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၅ ရက်မှ ၁၁ရက်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၀၃သန်း တန်ဖိုးရှိ ရော်ဘာ တန်ချိန် ၉၀ဝ ကျော်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅၁သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၄၉၆၀ ကို တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုတွင် ရော်ဘာတန်ချိန် ၄၂၆၀ ရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ တန်ချိန် ၇၀ဝ တင်ပို့ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်နေခြင်းဖြစ်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။မွန်ပြည်နယ်တွင် ရော်ဘာ စိုက်ပျိုးဧက ငါးသိန်းကျော်ရှိနေပြီး နှစ်စဉ် ရော်ဘာတန်ချိန်ပေါင်း တစ်သိန်းကျော် ထွက်ရှိနေခြင်းကြောင့် အမေရိကန်ဒေါ်လာသန်းနှင့်ချီ၍ ရရှိနေကြောင်း သိရသည်။