Main menu

Background

စီးပွားရေးတွက်ခြေကိုက်ပြီး ပြည်ပဈေးကွက်ဝင်သော အခွံမာရေသတ္တဝါ ကမာကောင် မွေးမြူနည်း

Mon, 07/03/2023 - 11:53 -- journal_editor

ကမာကောင် (Oyster) များသည် ရေချို၊ ရေငန်စပ်တွင် နေထိုင်ကြသော အခွံမာရေသတ္တဝါ (Crustaceans) များ ဖြစ်ကြ သည်။ ရေအောက်ကျောက်ဆောင်များနှင့် အခိုင်အမာနေရာများ တွင် မှီတွယ်ပြီး အခွံနှင့်တွယ်ဆက်ကာ နေထိုင်ကြီးပြင်းကြသည့် ရေနေသတ္တဝါတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ရေငန်နှင့် ရေချို ရေငန်စပ် ရွှံ့စေးမြေဆန်သည့် မြစ်ဝကျွန်းပေါ်ဒေသများရှိ မြစ်ချောင်းများတွင် ကမာများ မျိုးပွားနေထိုင်လျက်ရှိကြသည်ကို တွေ့ရှိရသည်။
ကမ္ဘာပေါ်တွင် ကမာမျိုးစိတ်ပေါင်း ၂၀ဝ ကျော်ရှိသည့်အနက် မြန်မာနိုင်ငံတွင် မျိုးစိတ် သုံးမျိုးကိုသာ တွေ့ရှိရပြီး လူကြိုက်များ သည့် တန်ဖိုးကြီးရေထွက်ကုန်များတွင် ပါဝင်နေသည်။ အခွံမာရေ သတ္တဝါဖြစ်သည်နှင့်အညီ ကမာကောင်များသည် အစာစားသောက် ရန် ၎င်းတို့၏အခွံကို ဒီရေစီးသည့်အချိန်  ဟထားပြီး ဒီရေနှင့် အတူပါလာသည့် သတ္တမျှောလှေးကောင်များကို စားသုံးကြသည်။ အရွယ်ရောက် ကမာကောင်များသည် မျိုးပွားရာသီ ရောက်ရှိပါက ပြင်ပသန္ဓေအောင်ခြင်းနည်းဖြင့် မျိုးပွားကြကာ သန္ဓေအောင်သား လောင်းများသည် ရေစီးအတိုင်းမျောပါပြီး နီးစပ်ရာ ကျောက် ဆောင်၊  ကျောက်သား အခိုင်အမာနေရာများတွင် တွယ်ကပ်၍ ကြီးထွားကြသည်။ ကမာတစ်ကောင် အရွယ်ရောက်ကြီးထွားရန် အချိန်တစ်နှစ်ခန့်ကြာမြင့်ပြီး အရွယ်အစားအားဖြင့် အခွံ ခြောက် လက်မ ဗြက်အကျယ်ခန့်ရှိလျှင် အရွယ်ရောက်သည်ဟု သိရသည်။
ကမ္ဘာပေါ်တွင် အခွံမာရေသတ္တဝါမျိုးစိတ်များကို သဘာဝမှ ထုတ်ယူခြင်းထက်  မွေးမြူခြင်းမှ  ထုတ်လုပ်နေကြပြီဖြစ်သည်။ သို့သော် ထိုသို့ ကမာသားပေါက်များ ထုတ်လုပ်မွေးမြူခြင်းကို ဖွံ့ဖြိုး တိုးတက်ပြီးသော နိုင်ငံများတွင်သာ ပြုလုပ်နိုင်ကြပြီး ဖွံ့ဖြိုးဆဲနိုင်ငံ များ၌မူ သဘာဝမှရရှိသည့် မျိုးသားပေါက်၊ သားလောင်းများကိုသာ မွေးမြူလျက်ရှိကြသည်ကို တွေ့ရသည်။ ထိုနည်းစနစ်မှာ ကုန်ကျ စရိတ်သက်သာစေပြီး တန်ဖိုးမြင့်ကမာမျိုးစိတ်များကို ထုတ်လုပ်နိုင် သည့်အတွက် မြန်မာနိုင်ငံတွင်လည်း တစ်ပိုင်တစ်နိုင် ရေလုပ်သား များ ဆောင်ရွက်နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။
ရခိုင်ဒေသ ကမာကောင်မွေးမြူရေး
ယခုအခါ ရခိုင်ဒေသ၌ ကမာများ မွေးမြူနေကြပြီ ဖြစ်သည်။ ထိုဒေသတွင်  ကမာများကို နှစ်စဉ် ဒီဇင်ဘာလမှ မေလအထိ သဘာဝရေပြင်မှ ရှာဖွေပြီး ထုတ်ယူစားသုံးနိုင်ကြသည်။  ရခိုင် ဒေသသည် ရေချိုရေငန်စပ်လည်းဖြစ်၊ ဒီရေတောလည်း ထူပြော သဖြင့် ကမာကို သားဖောက်ရန်မလိုဘဲ သဘာဝအတိုင်း မျိုးကောင် ငယ်များကို အလွယ်တကူ ရရှိနိုင်သည်။ ဒီရေတောအတွင်း ဗြူးခြေ ထောက်အပင်များ၌ ကမာမျိုးကောင်ငယ်များ တွယ်ကပ်နေတတ် ကြပြီး ချောင်းများ ၌ ဖောင်ဖွဲ့၍  Floating Cage Culture System  ဖြင့် ခရုကမာ၊ ကျောက်ငါးများကို တွဲဖက်မွေးမြူနိုင်သည်။
ရခိုင်ဒေသ၌ ကမာမွေးရာတွင် ပထမဦးစွာ သစ်နှင့်ဝါးကို ဖောင်ဖွဲ့ရသည်။ ဖောင်၏ အလယ်တွင် (9 × 9 × 9)ပေ အရွယ်အစား ရှိသောကန်ကို ပြုလုပ်ထားရှိပြီး ၎င်းကန်၌ ကျောက်ငါး (grouper)များကို ထည့်သွင်းမွေးမြူထားရှိသည်။ 
ရခိုင်ဒေသတွင် ကျောက်ငါးမျိုးကို အနီးဝန်းကျင်ရှိ ပိုက် ဘဝန်း ရေလုပ်သားများထံမှ(၅-၁၀)ကျပ်သားအရွယ်ကို အရှင် အတိုင်း ဝယ်ယူရရှိနိုင်သည်ဟု သိရသည်။ ကျောက်ငါး(ခေါ်)ငါး တောက်တူ  ငါးသည် အစားကြူးသည့် ငါးမျိုးဖြစ်ပြီး စေတီခရု၊ ကဏန်းများကို ထုခွဲကျွေးပေးနိုင်သည်။ (၄-၅) လခန့် မွေးမြူထား လျှင် ၅၀ ကျပ်သားအရွယ်ရောက်လာပြီး ဈေးကွက်သို့ တင်ပို့နိုင် သည်။
ယခုအခါ ရခိုင်ဒေသတွင် ကျောက်ငါးနှင့် ကမာတွဲဖက်မွေးမြူ ရေးကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြပြီး ဖောင်၏ အလယ်တွင် ကျောက်ငါးများအား မွေးမြူထားပြီး ဖောင်ပတ်လည်တွင် ကမာ ကောင်လေးများ တွယ်ကပ်စရာများကို ကြိုးဖြင့် တွဲလောင်းချိတ်ဆွဲ ထားကြသည်။ တာယာကွင်းအဟောင်းများ၊ အုတြွ်ကပ် အပိုင်းအစ များအပြင်  အနေတော် ကျောက်ခဲများကို ပိုက်နှင့် ထုတ်လျက် ချိတ်ဆွဲထားကြခြင်းဖြစ်သည်။ နှစ်လခန့်ကြာသည့်အခါ ကမာမျိုး ကောင်ငယ်များ အလိုအလျောက် ရောက်လာတွယ်ကပ်နေတတ် ကြသည့်နည်းဖြင့် မွေးမြူကြခြင်းဖြစ်သည်။
နောက်တစ်နည်းမှာ ဘိလပ်မြေကို (4×4.5)လက်မအရွယ် ပြုလုပ်ပြီး ကြိုးနှင့်သီလျက် ၎င်းတွင်ခရုကမာ (၂-၃)လက်မအရွယ် များကို မဆလာဖြင့် ကပ်ရသည်။ မဆလာဖြင့်ကပ်ရာတွင် ကမာ၏အညှာဘက်က ကပ်ပေးရသည်။
ကမာမျိုးကောင်ငယ်များကို ဒီရေတောအတွင်း ဗြူးပင်များမှ  ခွာယူရသည်။ ထိုသို့ခွာယူရာတွင် ညင်သာရန်လိုအပ်သည်။ (4×4.5)  လက်မ ကွန်ကရစ်တုံးတစ်တုံးတွင် ကမာမျိုးကောင်ငယ် တစ် ကောင်သာကပ်ပြီး ဖောင်မှနေ၍ တွဲလောင်းချိတ်ဆွဲထားရသည်။ နှစ်လခန့်ကြာလျှင် သဘာဝအတိုင်း နောက်ထပ်လာရောက် တွယ် ကပ်မှုများ ရှိတတ်သဖြင့် မူလတစ်ကောင်ထက်မက ပိုမိုပွားလာ သည်ကို တွေ့ရှိရသည်။ အားရစရာထူးခြားချက်တစ်ခုမှာ ကမာ မွေးမြူထားခြင်းသည် အစာကျွေးရန်မလိုအပ်ခြင်းဖြစ်သည်။ 
၎င်းအပြင် ကမာမျိုးကောင်ငယ်များ အလိုအလျောက်လာပြီး တွယ်ကပ်တတ်သဖြင့် ရောင်းတမ်းဝင်အရွယ်အစားများကို ဖော်ယူ ရောင်းချလိုက်၊ အသစ်တစ်ဖန်တွယ်ကပ်လာသည်ကို စောင့်မွေး ထားလိုက်ဖြင့် ကမာမွေးမြူရေးမှာ အမြဲမပြတ် လည်ပတ်နေမည် ဖြစ်သည်။
ကမာမျိုးစေ့၂-၃ လက်မ အရွယ်အစားကို တစ်ကောင်လျှင် ကျပ် ၁၅၀-၂၀ဝ ဖြင့် ဝယ်ယူရရှိနိုင်သည်။ ထိုကမာများကို နှစ်နှစ် ခန့် မွေးမြူပြီးပါက တစ်ကောင်ကို ကျပ် ၁၅၀ဝ ခန့် ဈေးနှုန်းရကြ သည်။ ကမာကောင်များသည် အငန်နှုန်း 15 မှ 22ppt အထိရှိ သည့် ရေချိုရေငန်စပ်ဒေသများ၊ ရွှံ့စေးမြေဆန်သည့် ဒေသများ၌ အောင် မြင်ဖြစ်ထွန်း ကြီးထွားမြန်သည်ဟု သိရှိရပါကြောင်း ကမာမွေးမြူ ရေးအကြောင်းကို လေ့လာရေးသားလိုက်ရပါသည်။

 နှင်းအိ(ရာမညမြေ)