Main menu

Background

ပခုက္ကူ ကုန်စည်ဒိုင်တွင် ထောပတ်ပဲနှင့် ပြောင်းဖူးစေ့များ အရောင်းအဝယ်ဖြစ်

Mon, 05/06/2024 - 12:05 -- journal_editor

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိရာ ယခုတစ်ပတ်တွင် ထောပတ်ပဲဈေးနှုန်း များ ယခင် တစ်ပတ်ထက် မြင့်တက်လာကြောင်း ကုန်စည်ဒိုင် မှ သိရသည်။ ထောပတ်ပဲ စိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူကျွန်းနယ်များ ရေစကြိုဒေသဘက်မှ ကျွန်းနယ်များ နှင့်ယောနယ်ဒေသမှထွက်ရှိသော ထောပတ်ပဲများ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူခရိုင်တစ်ခုလုံး၏ စီးပွားရေး အချက်အချာကျသော နေရာဒေသတစ်ခုလည်းဖြစ်သည်။ 
ပခုက္ကူကုန်စည်ဒိုင်သို့  ထောပတ်ပဲဖြူ(ကျွန်း)နှင့် ထောပတ်ပဲဖြူ (ယော)များ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ဧပြီလ  ပထမပတ်တွင်   ပခုက္ကူ  ကုန်စည်ဒိုင်ပြတ်ဈေးမှာ ထောပတ်ပဲဖြူ (ကျွန်း) မှာ တစ်တင်းလျှင် ကျပ် ၁၁၇၀ဝ၀၊ ဧပြီလ တတိယပတ်တွင် ထောပတ်ပဲဖြူ (ကျွန်း) တစ်တင်းလျှင် ကျပ် ၈၇၀ဝ၀၊ ဧပြီလ စတုတ္ထပတ်တွင် ထောပတ်ပဲဖြူ (ကျွန်း) တစ်တင်းလျှင် ကျပ် ၉၁၅၀ဝ  ဖြစ်ပြီး ဧပြီလ တတိယပတ်နှင့် နှိုင်းယှဉ်ပါက ထောပတ်ပဲဖြူ (ကျွန်း)တစ်တင်းလျှင် ကျပ် ၄၅၀ဝ  ဈေးနှုန်းမြင့်တက်ခဲ့သည်။ ဧပြီလ တတိယပတ်တွင် ထောပတ်ပဲဖြူ (ယော) တစ်တင်းလျှင် ကျပ် ၁၁၅၀ဝ၀၊ ဧပြီလ စတုတ္ထပတ်တွင် ထောပတ်ပဲဖြူ (ယော) တစ်တင်းလျှင် ကျပ် ၁၀၁၀ဝ၀ ဖြစ်ပြီး ဧပြီလ   တတိယပတ်နှင့် နှိုင်းယှဉ်ပါက ထောပတ်ပဲဖြူ (ယော)တစ်တင်းလျှင် ကျပ် ၁၄၀ဝ၀  ဈေးနှုန်း ကျဆင်းနေခဲ့ပြီး အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ နေ့စဉ် အိတ် ၅၀ မှ  ၄၀ဝ အထိ အရောင်းအဝယ်ဖြစ်နေ၍  ယခု တစ်ပတ်တွင် ထောပတ်ပဲဖြူများ အရောင်းအဝယ် သွက်လာ ကြောင်း ကုန်စည်ဒိုင်မှ သိရသည်။
ပြောင်းဖူးစေ့(ဃဏ)များကို ပခုက္ကူရေဝင်ကျွန်းနယ်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  ညောင်ဦးခရိုင်အတွင်းရှိ  နယ်များတွင် တစ်ကွင်းတစ်စပ်စိုက်ပျိုးကြသည်။ ဧရာဝတီ တံတား တောင်ဘက်ရှိရွာများတွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။ ပြောင်းဖူးစေ့ (ဃဏ)များကို လူတို့စားသုံးရန်အတွက် သာမက တိရစ္ဆာန်အစာအဖြစ်လည်း အသုံးပြုကြပြီး တရုတ် နိုင်ငံသို့လည်း  တင်ပို့ရကြောင်း သိရှိရသည်။ ဧပြီလ စတုတ္ထ ပတ်တွင် ပခုက္ကူကုန်စည်ဒိုင်တွင် နေ့စဉ် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။
ပြောင်းဖူးစေ့(ဃဏ)များကို ဈေးနှုန်းဈေးကွက်အနေဖြင့် ဧပြီလ ပထမပတ်မှစ၍ တစ်တင်းလျှင် ကျပ် ၁၆၃၀ဝ ၊ ဧပြီလ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၁၆၂၀ဝ ဈေးဖြစ်ပြီး ဧပြီလစတုတ္ထပတ်တွင် တစ်တင်းလျှင် ကျပ် ၁၆၅၀ဝ၊  ဈေးနှုန်း အနေဖြင့် ဧပြီလ တတိယပတ်နှင့် ဧပြီလ စတုတ္ထပတ်နှိုင်းယှဉ် ပါက တစ်တင်းလျှင် ကျပ် ၃၀ဝ ခန့် မြင့်တက်ပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ပြောင်းဖူးစေ့ (ဃဏ)များကို နေ့စဉ် အိတ်ရေ ၂၀ဝ-၃၀ဝ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း ပခုက္ကူကုန်စည်ဒိုင်မှ သိရသည်။            

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)