Main menu

Background

ပြီးခဲ့သည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံဖိုး ရောင်းချခဲ့

Sat, 02/04/2023 - 23:29 -- journal_editor

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ဓာတ်ငွေ့တင်ပို့မှု အများဆုံးတင်ပို့သည့်နိုင်ငံများတွင် ပါဝင်ခဲ့ပြီး တာ့ခ်မင်နစ္စတန်နှင့် ရုရှားနိုင်ငံတို့ပြီးပါက တတိယအများဆုံး သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချသည့်နိုင်ငံဖြစ်သည်။

ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ထွက်ရှိသည့် ဓာတ်ငွေ့အရင်းအမြစ်များကို တရုတ်နိုင်ငံထံ နိုင်ငံဖြတ်ကျော်တည်ဆောက်ထားသည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေတစ်ဆင့် ပို့လွှတ်ရောင်းချနေခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့် ကုန်ကျခဲ့သည့် ဓာတ်ငွေ့ပိုက်လိုင်းမှနေ၍ နှစ်စဉ် ဓာတ်ငွေ့ကုဗမီတာ ၁၂ ဘီလီယံကို ဖြန့်ဝေပို့ဆောင်နိုင်ပြီး ရခိုင်၊ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ယူနန်ပြည် နယ်အထိ သွယ်တန်းထားကြောင်း သိရသည်။

ယင်းအပြင် ၇၇၁ ကီလိုမီတာ အရှည်ရှိသည့် ရေနံစိမ်းပိုက်လိုင်းကိုလည်း ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် အသုံးပြုတည်ဆောက်ထားပြီး နှစ်စဉ်ရေနံစိမ်း တန်ချိန် ၂၂ သန်း ပို့ဆောင်နိုင်ရန် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားကြောင်း သိရသည်။

အဆိုပါ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို အရှေ့တောင်အာရှ ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ(SEAGP)က တာဝန်ယူထားပြီး ရေနံစိမ်းပိုက်လိုင်းကိုတော့ အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီ(SEAOP)က တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)က ရှယ်ယာ ၇ ဒသမ၃၆ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ရေနံပိုက်လိုင်း စီမံကိန်းမှာတော့ ရှယ်ယာ ၄၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားကြောင်း သိရသည်။

ပန်းဆု