Main menu

Background

ဆန်စပါးဥပဒေကို မကြာမီ ပြဋ္ဌာန်းနိုင်တော့မည်ဟုဆို

Mon, 07/03/2023 - 12:13 -- journal_editor

ဆန်စပါးဥပဒေကို မကြာမီထုတ်ပြန်ပြဋ္ဌာန်း နိုင်တော့မည် ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့် အောင်က ပြောကြားသည်။
နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတွင် ဇွန် ၃၀ ရက်က ပြုလုပ်သည့် သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး  အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဝန်ကြီးဌာနအနေနဲ့ ဆန်စပါးဥပဒေကို ရေး ဆွဲပြုစုထားပြီးဖြစ် ရာ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက် တောင်းခံရယူ ဆောင်ရွက်လျက်ရှိပြီး မကြာခင်မှာ ထုတ်ပြန်ပြဋ္ဌာန်းနိုင်တော့မှာ ဖြစ် ပါတယ်"ဟု ဒုတိယဝန်ကြီးက ပြောသည်။
ဆန်စပါးဥပဒေတွင်   ရိတ်သိမ်းချိန်လွန်နောက်ပိုင်း  ကိုင်တွယ် ထိန်းသိမ်းမှုအတွက် အဓိကကျသည့်  လုပ်ငန်းစဉ်များအပေါ်တွင်  စနစ်တကျ  ထိန်းကျောင်းကြပ်မတ်နိုင်ရန်အတွက် ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းကပြောသည်။
ဆန်စပါးရောင်းဝယ်ဖောက်ကားမှု လုပ်ငန်း စဉ်ကို  ဦးဆောင် ရန်အတွက် အမျိုးသားဆန်စပါး ဖူလုံရေးနှင့် ပြည်ပတင်ပို့မှုဖွံ့ဖြိုးရေး ဦးဆောင်အဖွဲ့ကို  ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ပြောသည်။
ယင်းဦးဆောင်အဖွဲ့အနေဖြင့်   ဆန်စပါးနှင့် ပတ်သက်သည့်  ရိတ်သိမ်းချိန်လွန်  နည်းပညာ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ထိန်းကျောင်းခြင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရေး နှင့်  ဆန်စပါးထုတ်လုပ်မှု စနစ်တကျ ရှိစေရေးအတွက်  လိုအပ်သည့် အစီအမံများ  ချမှတ်ခြင်း၊ ဆန်စပါးကိုအခြေခံသည့် တန်ဖိုးမြှင့်ထုတ် ကုန်များ  တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အားပေးကူညီခြင်း၊  ဆန်စပါးကဏ္ဍ  တည်ငြိမ်ရေးအတွက် နှစ်အလိုက်  နိုင်ငံတော်အရန်ဆန် ထားရှိရမည့် ဆန်စပါးပမာဏ  သတ်မှတ်ချက်နှင့် ဝယ်ယူစုဆောင်း သိုလှောင်ဖြန့်ဖြူးမည့် အစီအမံများ ရေးဆွဲပြုစုခြင်း၊ တန်ဖိုးကွင်းဆက် တစ်လျှောက် အဓိကကျသည့် ကြိတ်ခွဲထုတ်လုပ်မှုဆိုင်ရာ  မှတ်ပုံ တင်လက်မှတ်၊  ပြည်ပတင်ပို့မှုဆိုင်ရာ  မှတ်ပုံတင်လက်မှတ်နှင့် သို လှောင်ခြင်းဆိုင်ရာ မှတ်ပုံတင်လက်မှတ်များ ထုတ် ပေးနိုင်ရန်အတွက် လိုအပ်သည့်သတ်မှတ်ချက်များနှင့် လုပ်ငန်းစဉ်များကို သတ်မှတ်ထုတ် ပြန်ခြင်းနှင့် ထူးခြားချက်အနေဖြင့် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ရန်ပုံငွေထူထောင်ခြင်းနှင့်  စနစ်တကျ စီမံခန့်ခွဲခြင်းလုပ်ငန်း စဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
]]ဒီဥပဒေရေးရာဝန်ကြီးဌာနရဲ့  ခွင့်ပြုချက်၊ အကြံပြုချက်ရပြီ ဆိုရင် ကျွန်တော်တို့ အမြန်ဆုံးထုတ်ပြန်သွားမှာ  ဖြစ်ပါတယ်။ ဆန် စပါးဥပဒေ မူကြမ်းထဲမှာ ဆန်စပါးသိုလှောင်တဲ့လုပ်ငန်းစဉ်တွေ စနစ် တကျဖြစ်စေဖို့နဲ့ အထောက်အပံ့ဖြစ်စေနိုင်ဖို့အတွက်ကို  သိုလှောင်မှု ဆိုင်ရာ  မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ဖို့အတွက်  လိုအပ်တဲ့လုပ် ငန်းစဉ်တွေကိုလည်း ကျွန်တော်တို့ထည့်သွင်းသတ် မှတ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်}}ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်ချိုက ပြောသည်။
ထို့ပြင်  လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ပူးပေါင်းကာ  ဆန်စက်အင် ဂျင်နီယာများ၊ ဆန်စက်ကိုင်တွယ် မောင်းနှင်သူများအတွက် ဆန်စပါး ကြိတ်ခွဲထုတ်လုပ်ရေးဆိုင်ရာ နည်းပညာကျွမ်းကျင်မှုသင်တန်းကို ဇွန် ၁၉ ရက်မှ ဇူလိုင် ၂၈ ရက်အထိ  သင်တန်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

မိုးထက်