Main menu

Background

ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ပျားမွေးမြူရေးလုပ်ငန်း

Mon, 11/21/2011 - 08:39 -- Anonymous (not verified)

(ယခင်တစ်ပတ်မှ အဆက်) ပျားအုံပြင်ဆင်ခြင်းနှင့် မျိုးပျားများ ထည့်သွင်းခြင်း                      ပျားအိမ် (အပြည့်အစုံ) အလွတ်တစ်လုံးတွင် ပျားသလက် ဘောင်အလွတ် (သို့) အခြေခံပျား ဖယောင်းတပ်ထားသော ဘောင်လေးခုထည့်၍ ဝင်ထွက်ပေါက်ကို ပိတ်ထားရပါမည်။ ရောဂါကင်း ရှင်းသော ပျားအုံမှ အစာဘောင်များထည့်သွင်း ပေးပါက ပို၍ကောင်းမွန်ပါသည်။ မျိုးပျားများကို ညနေပိုင်းတွင် ပျားအုံထဲသို့ ပြောင်းထည့်ပေးခြင်း ဖြင့် ပျားများအပြင်သို့ အချိန်ကြာမြင့်စွာ ပျံသန်းခွင့် မရနိုင်၍ အခြားပျားအိမ်သို့ အုံမှားဝင်ခြင်း နည်း စေပါသည်။ အေး၍လေတိုက်ခတ်မှုမရှိပါက ပို၍ကောင်းပါသည်။ မျိုးပျားအုံကိုဖွင့်လျှင် ပျားများ အပြင်သို့ အလွယ်တကူ မပျံသန်းနိုင်စေရန် ရေအေးဖြင့် သင့်တင့်ရုံပက်ဖျန်းပေးရပါမည်။ မျိုးပျား သေတ္တာ၏ အဖုံးကိုဖွင့်၍ လမ်းခရီး၌ ပျားစာ အတွက် ထည့်ပေးထားသော သကြားရည်ပုံးကို ထုတ်ယူရပါမည်။ ပျားဘုရင်မပါသော ပျားဘုရင်မ လှောင်အိမ်ကိုထုတ်၍ လှောင်အိမ်၌ ကပ်ပါလာသော လုပ်သားပျားများကို ထုတ်ပစ်ရပါသည်။ လိုအပ်ပါက သကြားခဲဖြည့်ပေးပြီး ပျားဘုရင်မ လှောင်အိမ်ကို ပြင်ဆင်ထားသော ပျားအုံအတွင်းသို့ အလယ်ပျားသလက်ဘောင် နှစ်ခုကြားတွင် သံဇကာမျက်နှာပြင်ကို အောက်ဘက်သို့ လှည့်၍ခိုင်မြဲစွာ ညှပ်ထားရပါမည်။ ပျားဖယောင်းအခြေခံ တပ်ထားသော ပျားသလက်ဘောင်များဖြင့် ပြင် ဆင်ထားပါက ပျားဘုရင်မလှောင်အိမ် ကျမသွား စေရန် သံနန်းကြိုးဖြင့် ချည်ထားရန်လိုပါသည်။ ပြီးလျှင် မျိုးပျားသေတ္တာမှ ပျားများကို ပျားအိမ်ထဲသို့ခါချရပါမည်။ ပျားအုံအသစ်အား အစာကျွေး ရန်လိုအပ်ပြီး အတွင်းဖုံး၊ အပြင်ဖုံးများကို ပိတ် ထားရပါမည်။ ဝင်ထွက်ပေါက်ကို ပျားနှစ်ကောင် ဝင်ထွက်နိုင်ရုံဖွင့်ပေး၍ မြက်ဖြင့် ပိတ်ဆို့ထားမည် ဖြစ်သည်။ မျိုးပျားအုံဖြင့် စတင်မွေးမြူခြင်း                          မျိုးပျားအုံများတွင် ပျားသားလောင်းဘောင် နှစ်ခုမှ သုံးခု၊ ပျားရည်ဘောင်နှင့် ဝတ်မှုန်ပါသော အစာဘောင်တို့ပါဝင်ပါသည်။ ပျားသလက်ဘောင်များတွင် လုပ်သားပျားများနှင့် မိတ်အောင်ပြီး ပျားဘုရင်မတစ်ကောင် ပါရှိပါသည်။ မျိုးပျားအုံများကို ပျားအိမ်တွင်းသို့ ပြောင်းထည့်ရန် ပျားအိမ်တစ်ခု ကို ဝင်ထွက်ပေါက်ပိတ်၍ အသင့်ပြင်ဆင်ထားရပြီး မွန်းလွှဲ၊ ညနေပိုင်းတွင် ပြောင်းရွှေ့ထည့်သွင်းရပါသည်။ မထည့်သွင်းမီမျိုးပျားအုံ၏ အပေါ်သံဆန် ခါမှတစ်ဆင့် သကြားရည် အနည်းငယ်ထုတ်ကျွေး ထားရပါမည်။ ပြီးပါက မျိုးပျားအုံကိုဖွင့်၍ ပျား ဘုရင်မလှောင်အိမ်ပါရှိသော ပျားသလက်ဘောင် ကိုထုတ်ယူ၍ ပျားအိမ်အသစ်တွင် ထည့်ပေးရပါ သည်။ မျိုးပျားအုံထဲတွင်ရှိသော ပျားသလက် ဘောင်များကိုလည်း အစီအစဉ်အလိုက် ပျားအိမ် အသစ်ထဲသို့ ပြောင်းထည့်ပေးရသည်။ပျားဘုရင်မ လှောင်အိမ်မှ လုပ်သားပျားများကို ဖယ်ထုတ်ပြီး ပျားဘုရင်မလှောင်အိမ်ကို သားလောင်းဘောင် နှစ်ခုကြားတွင် ညှပ်ထည့်ပေးရသည်။ မျိုးပျားအုံ အတွင်းရှိ ပျားသေများကို ထုတ်ပစ်ပြီး ကျန်ရှိသော ပျားများအား ခါချရပါမည်။ ပျားအုံများ ပြောင်းရွှေ့ပြီးပါက အစာကျွေး၍ အတွင်းဖုံး၊ အပြင်ဖုံး များဖြင့်ပိတ်ထားပြီးဝင်ထွက်ပေါက်ကိုသာ အနည်း ငယ်ဖွင့်ပေး၍ မြက်ဖြင့် ပိတ်ဆို့ထားရမည်။ မျိုး ပျားအုံထဲတွင် ပျားများကျန်ရှိနေသေးပါက ဝင်ထွက်ပေါက်ရှေ့တွင် ချထားပေးရမည်ဖြစ်ပါသည်။ ပျားမွေးမြူရေးဆိုင်ရာပစ္စည်းကိရိယာများ                    ပျားများကို ပျားအိမ်များဖြင့် မွေးမြူရန် အတွက် ပျားအိမ်အပြည့်အစုံတစ်ခု၌ ပါဝင်ရမည့် ပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-(က) အောက်ခံပြား (22" x 16" x 3/8" or 7/8")(ခ) သားပေါက်ခန်း (20" x 16" x 9.5") (ဂ) ထပ်ဆင့်ပျားအိမ် (20" x 16" x 9.5")                                (20" x 16" x 5 5/8" )(ဃ) အတွင်းအဖုံး (20" X 16" X 3/8")(င) အပြင်အဖုံး (20" x 17" x 2")                     သစ်သားဘောင်များတွင်း ပျားဖယောင်း အခြေခံပြားကို တပ်ဆင်၍ ပျားအိမ်တွင်ထည့်ကာ ပျားသလက်ဘောင်များအဖြစ် အသုံးပြုရပါသည်။ ပျားသလက်ဘောင်တစ်ခု၏ အတိုင်းအတာမှာ အပေါ်တန်းအလျား18¾"၊ ဘောက်ဘက်တန်း အလျား 17 5/8" တို့ ဖြစ်ပြီး ဘေးဘောင်နှစ်ခုမှာ ထပ်ဆင့်ပျားအိမ်အနိမ့်အမြင့်ပေါ်မူတည်၍ အမြင့် 9 1/8"  (သို့) 5 3/8" ရှိပါသည်။ ပျားဖယောင်း အခြေခံပြားမှာ ပျားတို့စစ်ထုတ်သော ဖယောင်း ဖြင့် ပြုလုပ်ထားပြီး ယင်းအခြေခံပြားပေါ်တွင် ဆဲလ်ကွက်များကို လုပ်သားပျားဆဲလ် အရွယ် အတိုင်း ဖောင်းကြွပြုလုပ်ထားကြသည်။ ပျား သလက်ဘောင်တွင်တပ်ရန် ပျားဖယောင်းအခြေခံပြား အရွယ်အစား (အလျား 16¾" နှင့် အနံ 8") ဖြစ်ပြီး အလေးချိန်အနေဖြင့် ၁ ပေါင်လျှင် အခြေခံပျားသလက် ရှစ်ချပ်ရရှိနိုင်ပါသည်။ ပျား မွေးမြူရေးအတွက် လိုအပ်သော အခြားပစ္စည်း များမှာ မီးခိုးမှုတ်ကိရိယာ၊ ပျားအိမ်ဖွင်.ကိရိယာ၊ ပျားခါ ဝက်မှင်ဘီး၊ ပျားကာမျက်နှာဖုံး၊ လက် အိတ်နှင့် ဝတ်စုံ၊ ပျားဘုရင်မတား ဆန်ကာတို့ဖြစ်၍ ပျားရည်ထုတ်ယူရာတွင် အသုံးပြုရသော ပစ္စည်းများမှာ ဖယောင်းလွှာဓား၊ ခက်ရင်း၊ ပျား ထွက်ကိရိယာ၊ လေမှုတ်ကိရိယာနှင့် ပျားရည် ထုတ်ကိရိယာတို့ ဖြစ်ကြပါသည်။                                           (ဆက်လက်ဖော်ပြပါမည်)