Main menu

Background

စစ်ကိုင်းမြို့၏ အောင်မြင်ကျော်ကြား ငွေထည်၊ ကြေးထည်လုပ်ငန်းများ

Thu, 01/19/2023 - 13:31 -- journal_editor

ကမ္ဘာ့အလယ်တွင် မြန်မာဟု ဂုဏ်တင်ဝင့်ကြွား စကားဆိုနိုင် ခြင်းမှာ မြန်မာ့ယဉ်ကျေးမှုစစ်စစ်အမွေအနှစ်တို့  ခိုင်မာတောင့်တင်း စွမ်းအားမြင့်မားခြင်းအပေါ်တွင် တည်မှီသည်ဟု ယုံကြည်ပါသည်။ ထို မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ပန်းဆယ်မျိုးမှာ ရှေ့တန်းမှ ပါဝင် ကြောင်း တွေ့ရသည်။ ပန်းဆယ်မျိုးမှာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့ ၊ ပန်းတမော့၊ ပန်းပု၊ ပန်းရန်၊  ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်းတို့ ဖြစ်သည်။
ပန်းဆယ်ဖြာအနက် ပန်းထိမ်ဟုခေါ်သော အတတ်ပညာသည် ယခု ရွှေပန်းထိမ်၊ ငွေပန်းတိမ်ဟု ခွဲခြားသော်လည်း မူလပညာရပ်မှာမူ တစ်မျိုးတည်းဖြစ်သည်။ သို့သော် အခေါ်အဝေါ်အားဖြင့်  သီးခြား တစ်မျိုးစီကဲ့သို့ ခေါ်ဝေါ်အသုံးပြုနေကြသည်။ ငွေပန်းထိမ်ပညာရပ် တွင် အသုံးပြုကြရမည့် အခြားအတတ်ပညာရပ်တို့မှာ ပန်းပဲ၊ ပန်းချီ၊ ပန်းပု၊ ပန်းယွန်း၊  ပန်းတဉ်း ပညာရပ်များ အများအပြား ပါဝင်လျက် ရှိသည်။ 
ပန်းချီ၊ ပန်းပု၊ ပန်းယွန်းနှင့် ဗိသုကာအတတ်ပညာတို့တွင် အသုံးပြုသော အမွမ်းအပြောက်များကိုလည်း သိရှိနားလည်ထားရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငွေပန်းထိမ်ပညာဖြင့် အသုံးပြုလုပ်ကိုင်ရသည့်  အထည်ပစ္စည်းများတွင် လိုအပ်သော အချက်အလက်များ၊ အတိုင်းအထွာများ၊ နည်းစနစ်များသည် အခြား သောပန်းမျိုးတို့နှင့် ဗိသုကာ အတတ်ပညာများ၌  အသုံးပြုသော နည်းစနစ်များစွာပါရှိနေသောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ငွေပန်းထိမ်လက်ရာ အထောက်အထားအဖြစ် ၁၉၂၆ခုနှစ်တွင် မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာဌာနမှသရေခေတ္တရာ မြို့ဟောင်း(မှော်ဇာ)ခင်ဘားကုန်းတွင် တူးဖော်တွေ့ရှိရသော ပစ္စည်း များအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ဝခန့်က ငွေပန်း ထိမ်လက်ရာများမှာ ပြောင်မြောက်စွာ လုပ်ကိုင်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့၏ ငွေထည်၊ ကြေးထည်ဈေးကွက် 
ငွေပန်းထိမ်ပညာကို ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်း ယဉ် ကျေးမှုအမွေအဖြစ် လုပ်ကိုင်လျက်ရှိရာ ယခုအခါ  စစ်ကိုင်းမြို့တွင် အောင်မြင်ကျော်ကြားသည့် ငွေထည်၊ ကြေးထည် (ငွေပန်းထိမ်) လုပ် ငန်းသည့် စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်၌ တစ်ပိုင်တစ်ပိုင်လုပ်ငန်း ရှင်ပေါင်း  ၂၅၀ ဦး၊ ပညာရှင် ၁၀ဝဦးခန့်၊ လုပ်သားအင်အား ၈၀ဝ ကျော် ၁၀ဝ၀နီးပါးရှိပြီး၊ စစ်ကိုင်းမြို့ အသင်္ခရာ စောယွန်း အဝိုင်းပတ် ကျော်လာလျှင် မန္တလေး-မုံရွာ ကားလမ်းဘေး ဘယ်ညာ တစ်ဖက်တစ် ချက်စီ၌ ငွေထည်ကြေးထည် အရောင်းဆိုင် ၂၀ ကျော်ခန့်  ဖွင့်လှစ် ရောင်းချလျက်ရှိသည်။ ကုန်ချောပစ္စည်းများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့်မြို့ကြီးများသို့ ရောင်းချသည့်အပြင် မုံရွာမြို့တွင် ကျင်းပခဲ့သည့် အိန္ဒိယ-မြန်မာ  ကုန်စည်ပြပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးများကြောင့် အိန္ဒိယနိုင်ငံမှ အမှာစာများဖြင့် မှာယူ ဝယ်ယူမှုများရှိကြောင်း သိရှိရသည်။
စစ်ကိုင်းမြို့၏ ငွေထည်၊ ကြေးထည်ဈေးနှုန်း 
ငွေထည်၊ ကြေးထည်ပစ္စည်းအမယ်မျိုးစုံ ထုတ်လုပ်ရောင်းချ လျက်ရှိရာ ရောင်းဈေးနှုန်း များမှာ အရွယ်အစား အကြီး/အသေးပေါ်  မူတည်၍ ငွေဆွမ်းအုပ်တစ်လုံး ကျပ် ရှစ်သောင်းမှ ကျပ် ၁၅သိန်း ကြား၊ ငွေဖလားတစ်လုံး ကျပ် ရှစ်သောင်းမှ ကျပ်သိန်း ၁၅၀ကြား၊ ကြေးရေစက်ချခွက် တစ်လုံး ကျပ်လေးသောင်းမှ ကျပ်  တစ်သိန်း ငါးသောင်းကြား၊ ငွေရေစက်ချခွက်တစ်လုံး ကျပ် ၁၆သိန်းမှကျပ်သိန်း ၂၀ကြား၊ ငွေစောင်းတစ်ခု ကျပ်သုံးသိန်းမှ  ကျပ် ၁၀သိန်း ကြား၊ ငွေဘုရားပန်းအိုး တစ်လုံး ကျပ် ခြောက်သိန်းမှ  ကျပ်သိန်း ၅၀ကြား၊ ငွေဘုရားပန်းအိုးကို အသုံးနည်းပြီး ကြေးဘုရားပန်းအိုးများကို အသုံးပြုမှုများကြောင်း၊ ကြေးဘုရားပန်းအိုး  တစ်လုံး ကျပ်တစ်သောင်းမှ ကြေးအလှပန်းအိုး အကြီး ကျပ်  ၁၅ သိန်းကြား၊  ကြေးဘုရားဆင်တု ကျပ် တစ်သောင်းငါးထောင်မှ ကျပ် နှစ်သိန်းကြား၊ ကြေးဖြင့် ပြုလုပ်ထားသော ပန်းချီကားတစ်ချပ် ကျပ် ခြောက်သောင်းမှ ကျပ် နှစ်သိန်း ကြား ပေါက်ဈေးအသီးသီးဖြင့် ရောင်းချကြောင်း သိရှိရသည်။

သုံးသပ်တင်ပြချက်
မြန်မာ့ငွေထည်၊ ကြေးထည်လုပ်ငန်းများ ဆတက်ထမ်းပိုး ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သောကုန်ကြမ်းများဖြစ်သည့် ငွေနှင့်ကြေးသတ္တုများကို ပြည်တွင်းမှ အရည်ကျိုကြေးနှင့်အထည် ပျက်ငွေထည်များကို ဝယ်ယူသုံးစွဲရခြင်း၊ တရုတ်နိုင်ငံမှ ဝယ်ယူရခြင်း၊ ပြည်တွင်းမှ ဝယ်ယူရရှိသည့် ကုန်ကြမ်းများမှာလည်း   သုံးစွဲစွန့်ပစ် ပစ္စည်းများဖြစ်၍ သန့်စင်ရန် အကြိမ်ကြိမ် အရည်ကျို အသုံးပြုနေရသည့်အတွက် လိုအပ်သည့်ကုန်ကြမ်းများကို နိုင်ငံတော်အစိုးရက လုပ်ငန်းရှင်များအား ဖြည့်ဆည်းရောင်းချပေးလျှင်လည်းကောင်း၊ ပြည်ပသို့ တင်ပို့ရောင်းချခွင့်အား သတ်မှတ်သည့် မူဝါဒများနှင့်အခွန် နှုန်းထားများကို ဖြေလျှော့ခွင့်ပြုမည့်ဆိုပါက စစ်ကိုင်းမြို့၏ ငွေထည် ကြေးထည်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို ကိုယ်စားပြု တင်ပြလိုက်ရပါသည်။
သန်းသန်းတင်(မုံရွာ)