Main menu

Background

 မြန်မာ့ရိုးရာ လက်မှုလုပ်ငန်း ပုသိမ်ထီးနှင့် ပြည်တွင်း၊ ပြည်ပဈေးကွက်

Mon, 04/24/2023 - 15:14 -- journal_editor

မြန်မာနိုင်ငံတစ်ဝန်း ထင်ပေါ်ကျော်ကြားသော လက်မှုလုပ်ငန်းများတွင် မန္တလေးမြို့မှ ရွှေချည်ထိုး ငွေချည်ထိုးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ပုဂံမြို့မှ ယွန်းထည်လုပ်ငန်းများအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ထုတ်လုပ်လျက်ရှိသော မြန်မာ့ရိုးရာ အနုပညာလက်မှု ပုသိမ်ထီးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာမှာပင် ထင်ရှားကျော်ကြား၍ ပြည်တွင်းပြည်ပဈေးကွက်တွင် လူကြိုက်များလျက်ရှိကြောင်း ပုသိမ်မြို့တောရကျောင်းလမ်း မိရိုးဖလာ ပုသိမ်ထီးပြုလုပ်ရောင်းချလျက်ရှိသော ရွှေစာထီးလုပ်ငန်းရှင်ထံမှ သိရသည်။

ပုသိမ်ထီးသည် မြန်မာအမျိုးသမီးများ၏ ကျက်သရေဆောင်ပစ္စည်းတစ်ခုအဖြစ်လည်း လူသိများသည့်အပြင် ပုသိမ်မှာ ထီး ဟူ၍လည်း ကျော်ကြားလျက်ရှိပြီး ပုသိမ်ထီးလုပ်ငန်းကို လွန်ခဲ့သောနှစ် ၁၀ဝ ကျော်မှ စတင်ခဲ့သည်ဟု လုပ်ငန်းရှင်ထံမှသိရသည်။ ပုသိမ်ထီးကို အစပထမတွင် ဆီစိမ်စက္ကူဖြင့် ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖျင်စများကို တည်‌ရေများ သုတ်လိမ်းပြီး ဆီစိမ်ကာ ရေစိုခံအောင်ပြုလုပ်၍ မိုးရေခံထီးများကို ဘုန်းတော်ကြီးများ၊ သီလရှင်များ အသုံးပြုရန် ပြုလုပ်ခဲ့သည်။ 

နောက်ပိုင်းတွင် ထီးအရွက်ကို ပြည်တွင်းမှထွက်ရှိသော ပိတ်ရောင်စုံ၊ တက်ထရွန်ရောင်စုံဖြင့်လည်း ထုတ်လုပ်ခဲ့ပြီး နိုင်ငံခြားငွေဖြင့်ဝယ်ယူရသော ကုန်ကြမ်းပစ္စည်းများမပါဘဲ ဒေသထွက် ကုန်ကြမ်းများဖြစ်သော  မအူသစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ မြန်မာပိတ်စများ ဒေသတွင်းထွက်ရှိသည့် သုတ်ဆေး၊ ဆိုးဆေးများဖြင့် အသုံးပြုထုတ်လုပ်သော မြန်မာ့ရိုးရာလက်မှုလုပ်ငန်းတစ်ခုအဖြစ် လူကြိုက်များခဲ့သည်။ ပုသိမ်ထီးထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ဝါးကို အခြေခံထားပြီး ထီးရိုး၊ ထီးခေါင်း၊ ထီးခရိုင် ခွဲစိတ်ခြင်း စသည့်ဝါးလုပ်ငန်းနှင့် ထီးရွက်ပေါ်တွင် မြန်မာ့အနုပညာစစ်စစ်လက်ရာဖြင့် ပန်းချီရေးဆွဲခြင်း၊ ကနုတ်ပန်းချီရေးဆွဲခြင်း၊ ရှုခင်းပုံများရေးဆွဲခြင်း၊ ရှေးခေတ်ပန်းချီလက်ရာများရေးဆွဲခြင်း၊ ဆေးဆိုးခြင်းများပြုလုပ်၍ ထီးရွက်ကို အလှခြယ်သည့်လုပ်ငန်းများမှာ လူတစ်ဦးချင်း၏ အနုပညာလက်ရာကို ဖော်ထုတ်နိုင်သည့် လုပ်ငန်းအဖြစ် ထင်ရှားလှသည်။ ပုသိမ်ရွှေစာထီးလုပ်ငန်းမှ ထုတ်လုပ်သော ထီးအမျိုးအစားများမှာ ရဟန်းဆောင်းထီး၊ သီလရှင်ဆောင်းထီး၊ အမျိုးသမီးအလှဆောင်း ပုသိမ်ထီး၊ အိမ်တော်ရာထီး၊ အလှဆင်ထီး၊ စားပွဲတင်ထီး၊ ကမ်းခြေသုံးထီး၊ ခေတ်မီဒီဇိုင်းထီး၊ မီးအိမ်ထွန်းထီး၊ မိုးရေခံထီး၊ ဝါးတစ်လုံးထီး၊ ပိုးထီး၊ ဖဲထီး အစရှိသဖြင့် ထီးအမျိုးမျိုးတို့ကို ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ဝါးတစ်လုံးထီးသည် ဝါးလုံးကို ထီးတံကလေးများဖြစ်အောင် အစိပ်စိပ်ခွဲခြမ်း၍ ဝါးကြောကိုခွာပြီး ထီးရွက်ကို ဝါးကြောအောက်မှာ ညှပ်ထည့်ထားသည့်အတွက် ထီးကို ပိတ်ထားသောအခါ ထီးရွက်ပိတ်မှာ ပျောက်နေ၍ ဝါးလုံးနှင့် ပိုတူသည်။ ပုသိမ်ထီးလုပ်ရာတွင် အသုံးပြုသော သရကူဝါးကို ချောင်းသာ၊ ရှောပြာ၊ ငါး သိုင်းချောင်း၊ ရေကြည်မြို့နယ်တို့မှ ဝယ်ယူရရှိပြီး ထီးတံ၊ ထီးခရိုင်အတွက် သရကူဝါးကိုသာ အသုံးပြုသည်။ ပုသိမ်ထီးပြုလုပ်ရန်ပါဝင်သော ထီးရိုးများမှာ ထီးရိုးဝါးသေးမျိုးဖြစ်၍ ပုသိမ်ဒေသတစ်ဝိုက်တွင် ပေါက်ရောက်လျက်ရှိပြီး ထီးကောင်းရရှိရန် ဝါးကောင်းကို အသုံးပြုရန်လိုအပ်ကြောင်း၊ ဝါးသက်ကိုးလအရွယ်ဝါးသည် ထီးလုပ်ငန်းတွင် အသုံးပြုရန် အသင့်တော်ဆုံးဖြစ်၍ ဝါးနုလျှင် ပိုးစားလွယ်ပြီး ဝါးရင့်လျှင် ထန်၍မာ၍ ထီးတံ ကွေးညွှတ်ပြီး ထီးပြုလုပ်ရာတွင် ကောင်းမွန်မှုမရှိကြောင်း သိရသည်။ ရှေးယခင်က ထီးလုပ်ငန်းတွင် အသုံးပြုရန် ဝါးကို သီတင်းကျွတ်၊ နတ်တော်လများတွင် ဝယ်ယူ၍ တစ်နှစ်စာအသုံးပြုရန် လှောင်ထားလေ့ရှိပြီး ယခုအချိန်တွင် ဝါးရှားပါး၍ မလှောင်နိုင်တော့ကြောင်း၊ ဝယ်ပြီးသားဝါးကို ရွှံ့နွံထဲတွင် တစ်ပတ်လောက် စိမ်ထားပြီးနောက် ဝါးကို ကင်ပွန်းချဉ်ရွက်၊ မန်ကျည်းရွက်များဖြင့် ပိုးမထိုးအောင် ပြုလုပ်ရကြောင်း သိရသည်။ 

ထီး‌ခေါင်းနှင့် ထီးပြုလုပ်ရာတွင် အသုံးပြုသော သစ်အမျိုးအစားများမှာ တောင်မရိုးသား၊ မအူသား၊ မအူရွှေဝါသား၊ လက်ပံသား၊ ရွေးသား၊ မလေးရှားပိတောက်သားများကို အသုံးပြုရပြီး လိုအပ်သောသစ်များကို ချောင်းသာကမ်းခြေ တစ်ဝိုက်မှ ဝယ်ယူရရှိသည်။ ထီးရွက်ပိတ်ကို ကျိုင်းတုံသား၊ ဘိုမသား၊ တက်ထရွန်သားတို့ကို အသုံးပြုသည်။ ယခင်က ပိတ်ဖြူများကို လိုသလိုဆေးခြယ်၍ အသုံးပြုခဲ့သော်လည်း ယခုအခါ အရောင်ဆိုးပြီးသား ပိတ်စများကို ရောင်စုံဝယ်ယူ၍ အသုံးပြုမှုပိုများလာပြီး ဖဲထီးအတွက် ဖဲဖျင်များကို ဝယ်ယူ၍ အသုံးပြုသလို  သိုးမွေးချည်ကိုလည်း ထီးတံအနားတွင် တပ်ဆင်နိုင်ရန်အတွက် ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်၊
ပုသိမ်ထီးပြုလုပ်ရန် ထီးရိုး၊ ထီးခရိုင်၊ ထီးလက်တံ၊ ထီးမ၊ ထီး‌ခေါင်း၊ ထီးခွေ၊ ထီးလက်ကိုင်(ဘူးဆက်)၊ နားရွက်ဝ၊ ထီးရွက်ဖျင် စသည့် အစိတ်အပိုင်းများပါဝင်၍ ထုတ်လုပ်မှုအဆင့်လေးဆင့်မှာ ဝါးရိုးအဆင့်၊ သစ်သားလုပ်ငန်းအဆင့်၊ ထီးလက်ခရိုင် ဝါးလုပ်ငန်းအဆင့်၊ ဆိုင်တင်လုပ်ငန်း အဆင့်လေးဆင့်ရှိပြီး ဝါးရိုးအဆင့်လုပ်ငန်းတွင် ထီးရိုးဝါးအရှည်များကို လိုအပ်သော အရွယ်အစားအလိုက်ဖြတ်တောက်ပြီး  မီးအပူပေး၍ ဝါးဖြောင့်စေရန် ပြုပြင်၍၊ မီးအပူပေးဖြောင့်ထားသောဝါးရိုးများကို အပေါ်ယံကြောခြစ်၍ လိုအပ်သော အတိုင်းအတာနေရာတွင် အပေါက်ဖောက်ခြင်း ချက်သံရိုက်ခြင်း၊ (အဖွင့်၊အပိတ်၊ခလုတ်) ပြုလုပ်ပြီး အရောင်တင်ခြင်းကို ပြုလုပ်ရသည်။ 

သစ်သားလုပ်ငန်းအဆင့်တွင် ပုသိမ်ထီးတွင် တပ်ဆင်မည့် ထီးခေါင်း၊ ထီးခရိုင်များ ချိတ်ဆွဲမည့် ထီးမ၊ ထီးလက်ကိုင်ထည့် သစ်သားအစိတ်အပိုင်းများ သုံးခုအတွက် ထုတ်လုပ်ခြင်းဖြစ်ပြီး ၎င်းအစိတ်အပိုင်းများ ထုတ်လုပ်ရာတွင် ကုန်ကြမ်းသစ်များကို လိုအပ်သော အရွယ်အစားအလိုက် သစ်သားတုံးကလေးများအဖြစ် ဖြတ်တောက်ခွဲစိတ်ပြီး ပုံကြမ်းအား ဓားဖြင့် ပုံသွင်းပြုလုပ်ရသည်။ ပုံကြမ်းလောင်းပြီးသား သစ်သားတုံးများအား လိုအပ်သော ထီးခေါင်း၊ ထီးမ၊ ထီးလက်ကိုင်အတွက်  ပွတ်စင်တွင် လိုအပ်သလို ပုံဖော်ပွတ်တိုက်ခြင်း၊ ထီးလက်နှင့် ထီးခရိုင်များ ချိတ်ဆွဲနိုင်ရန်အတွက် ထီးခေါင်းနှင့် ထီးတွင် လိုင်းကြောင်းများ စိတ်ခြင်းကို ပြုလုပ်ရသည်၊

ထီးလက်ခရိုင်၊ ဝါးလုပ်ငန်းအဆင့်တွင် ထီးရိုးအုပ်ကပ်သော ထီးကိုင်း(ထီးလက်)ကလေးများအား ထောက်ခံပေးမည့် ခရိုင်ဝါးချောင်းကလေးများပြုလုပ်ခြင်းဖြစ်ပြီး အသုံးပြုသော သရကူဝါးလုံးများအား လိုအပ်သောအရွယ်အစားအလိုက်ခွဲစိတ်ခြင်း၊ အချောသတ်ခြင်းတို့ကို ပြုလုပ်ပေးရပြီး အချောသတ်ပြီးသော ထီးလက်၊ ထီးခရိုင်၊ ဝါးခေါင်းကလေးများကို သတ်မှတ်ထားသော အတိုင်းအတာနေရာတွင် ခေါင်းနှင့်  ချိတ်ဆွဲရန်၊ ထီးမနှင့် ချိတ်ဆွဲရန်နှင့် ထီးခရိုင်၌ ပန်းထိုးရန် အပေါက်ငယ်ကလေးများဖောက်ခြင်းတို့ကိုပြုလုပ်၍ ရရှိလာသောထီးလက်များကို ထီးခေါင်းနှင့် တွယ်ခြင်း၊ ထီးလက်နှင့် ထီးခရိုင်တွယ်ခြင်း၊ ထီးမနှင့်ထီးခရိုင်တွယ်ခြင်းများ ပြုလုပ်၍ ထိုသို့ချိတ်တွယ်ရာတွင်လည်း ချည်ကြိုးများဖြင့် ချိတ်တွယ်ရသည်၊ 

ဆိုင်တင်လုပ်ငန်းအဆင့်တွင် ထီးတစ်လက်ဖြစ်စေရန် ပါဝင်သောအစိတ်အပိုင်းများကို တပ်ဆင်ပြီး ထီးကိုယ်ထည်အကြမ်းကို ထီးအမျိုးအစားအလိုက် ထီးကိုင်းများအပေါ်တွင် ဖဲဖျင်စများအုပ်ကပ်ခြင်း၊ ထီးအစိတ်အပိုင်းများ ချိတ်တွယ်ခြင်း၊ တပ်ဆင်ခြင်းများ ပြုလုပ်ပြီး ထီးကိုယ်ထည်အကြမ်းကို ပြုလုပ်၍ ထီးကိုင်းများအပေါ်မှ ဖဲစ၊ ဖျင်စများ အုပ်၍ကပ်ခြင်း၊ ထီးပတ်လည်တွင်ရှိသော ဖျင်စများအား ညီညာသပ်ရပ်စေရန်ပြုပြင်ခြင်း၊ ထီးအပေါ်ပိုင်း၊ ထီးခေါင်းအား အချောကိုင်အုပ်ကပ်ခြင်း၊ ထီးဖျင်အုပ်ကပ်ပြီး ပိတ်သားပေါ်တွင် လိုင်းအကြောင်းများရေးဆွဲခြင်း(မင်ကြောခြင်း)များ ပြုလုပ်ရပြီး ထီးခရိုင်ပတ်လည်တွင် ချည်၊ သိုးမွှေးများဖြင့် ပန်းထိုးခြင်း၊ ထီးလက်က‌လေးများ အဖျားတွင် ချည်၊  သိုးမွေးများဖြင့် ပန်းအလှတပ်ဆင်ခြင်း တို့ကိုပြုလုပ်၍  ပန်းချီရေးဆွဲရာတွင် အလှပုံများ ရှုခင်းပုံများကို ရေဆေးဖြင့်ရေးဆွဲရသည်၊

ထီးတစ်ချောင်းလုံး အလုံးစုံပြီးစီးသွားသောအခါ ကုန်ချောများကို နေလှန်းပေးရပြီး ရရှိလာသော ပုသိမ်ထီးကုန်ကြမ်းများကို အရည်အသွေး ပြည့်မီစေရန် လုပ်ငန်းအဆင့်အတိုင်းတွင် ပိုင်ရှင်များမှ ဦးစီးကွပ်ကဲ၍ လုပ်ကိုင်ဆောင်ရွက်ပေးသည်။ ဝါးကိုအသုံးပြုရာတွင် ထီး၏အရည်အသွေးပြည့်ဝစေရန် သရကူဝါးကိုသာ အသုံးပြုရပြီး ဖျင်စများကို အသုံးပြုရာတွင်လည်း ဆေးခိုင်ခံသော ဖျင်စများကို အသုံးပြု၍ သစ်ကိုလည်း ကျစ်လျစ်ချောမွေ့သော သစ်များကို အသုံးပြုပြီး ရရှိလာသော ကုန်ချောများကို အလုပ်ရုံ၌ သိုလှောင်ထိန်းသိမ်းထားသည်၊

ပုသိမ်ထီးလုပ်ငန်းသည် မြန်မာပြည်တွင်းသာမက နိုင်ငံခြားတိုင်းပြည်များအထိ ထင်ပေါ် ကျော်ကြားသော လက်မှုလုပ်ငန်းဖြစ်ပြီး ရှေးယခင်က ရဟန်းသံဃာများ၊ သီလရှင်များ၊ အမျိုးသမီးများအတွက် ရည်ရွယ်၍ ပြုလုပ်ရောင်းချမှုရှိ သော်လည်း ယခုအခါတွင်မူ ကမ်းခြေများတွင် အသုံးပြုသော ထီးကြီးများ ဟိုတယ်များတွင် အသုံးပြုသော ဧည့်ကြိုထီးများ ရိုးရာယဉ်ကျေးမှုအနုပညာကို မြတ်နိုးသူများအတွက် လက်ဆောင်ပေးရန် ပစ္စည်းများအဖြစ် အသုံးပြုလာကြောင်း သိရှိရသည်။  

ပြည်တွင်းဈေးကွက်တွင် မြန်မာပြည်အနှံ့အပြား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ အင်းလေး၊ မြဝတီ၊ မော်လမြိုင်နှင့် အထက်အညာဒေသများမှ ဝယ်ယူလျက်ရှိပြီး ပြည်တွင်းလူကြိုက်အများဆုံးအရောင်မှာ နီညိုရောင် ဖြစ်ကြောင်း သိရသည်။ ပြည်ပဈေးကွက်အနေဖြင့် ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ အမေရိကား၊ မလေးရှား၊ ထိုင်း၊ တရုတ် အစရှိသော နိုင်ငံများမှလည်း ပုသိမ်ထီးကို ဝယ်ယူလျက်ရှိရာ ပြည်ပနိုင်ငံသားများ အများဆုံး ကြိုက်နှစ်သက်သောအရောင်မှာ ဂျာမနီမှ လိမ္မော်ရောင်၊ သြစတြေးလျမှ နီညိုရောင်၊ အနက်ရောင်၊ ပြင်သစ်မှ အစိမ်းရောင်၊ အဝါရောင်များကို ကြိုက်နှစ်သက်ကြောင်း သိရသည်။  

ပုသိမ်ရွှေစာထီးလုပ်ငန်းမှ ထီးအရောင်များကို ဝယ်ယူသူအကြိုက် ဦးစားပေး ထုတ်လုပ်ပေးလျက်ရှိပြီး၊ ပုသိမ်ထီးပြုလုပ်ရာတွင် ဒေသထွက်ကုန်များကို အသုံးပြု၍ ထုတ်လုပ်ထားပြီး ပြည်ပနိုင်ငံမှ ဝယ်ယူသည့် ကုန်ကြမ်းပစ္စည်းများ မပါဝင်ဘဲ မြန်မာ့အနုပညာကို ဖော်ထုတ်ထားသည့် ဆေးဆိုးခြင်း၊ ကနုတ်ပန်းချီရေးဆွဲခြင်း စသည်တို့ဖြင့် အလှဆင်ထားသည်။ ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ်ထားသောကြောင့် ပြည်ပနိုင်ငံသားများမှ Hand Made အနုပညာတစ်ခုအနေဖြင့် လူကြိုက်များလျက်ရှိကြောင်း သိရသည်။ ပုသိမ်ထီးဈေးနှုန်းများမှာ မင်္ဂလာဆောင်၊ ရှင်ပြုနားသများတွင် အသုံးပြုရန် ၁၀ လက်မခွဲ၊  ၁၄ လက်မ၊ ၁၅ လက်မ အလှဆောင်းဖဲထီး ကျပ် ၄၀ဝ၀-၅၀ဝ၀၊  ၁၆ လက်မ ထီး ကျပ် ၆၀ဝ၀-၇၀ဝ၀၊ ၁၈လက်မ ထီး ကျပ် ၉၀ဝ၀-၁၀ဝ၀ဝ ဈေး၊ ကမ်းခြေနှင့် ဟိုတယ်အလှဆင်ရာတွင် အများဆုံးအသုံးပြုလျက်ရှိသော ၆ ပေထီး ကျပ် ၆၀ဝ၀ဝ-၆၅၀ဝ၀၊  ၈ပေထီး ကျပ် ၇၀ဝ၀ဝ-၇၅၀ဝ၀ ဈေးဖြင့် ရောင်းချလျက်ရှိသည်။ ယခုအချိန် မင်္ဂလာဆောင်၊ ရှင်ပြုနားသများတွင် အသုံးပြုရန် အလှဆောင်းဖဲထီးများ နေရာစုံမှ မှာယူလျက်ရှိကြောင်း ပုသိမ်ထီးဈေးကွက်မှ သိရသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုလက်ရာ အနုပညာဖြစ်သော ပုသိမ်ထီးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာတစ်ဝန်း အောင်မြင်ကျော်ကြားမှုရှိစေရေး ရိုးရာအမွေအနှစ်များ တိမ်မြုပ်ပျောက်ကွယ်ခြင်းမရှိစေရန်သာမက ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် ပုသိမ်ထီးဈေးကွက် ပိုမိုကျယ်ပြန့်လာစေရန်နှင့် အောင်မြင်တိုးတက်မှုများ ရရှိစေရန် ထီးလုပ်ငန်းရှင်များမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထီးလုပ်ငန်းရှင်ထံမှ သိရသည်၊
(ရှေ့ဖုံးတွင် အသုံးပြုထားသည့် ဓာတ်ပုံများအတွက် မူရင်းပိုင်ရှင်အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။)

မင်းမင်းဦး(ပသ)