Main menu

Background

စားသုံးသူကျန်းမာဖို့ ဆီကောင်းဆီသန့် စားသုံးစို့

Tue, 05/09/2023 - 11:55 -- journal_editor

စားသုံးဆီသည် မြန်မာတို့၏ အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တို့တွင်  တစ်ခုအပါ အဝင်ဖြစ်သည်။ “ဆီကိုရေချိုး”ဟု  ဆိုရလောက်အောင်  ပြည်တွင်း စားသုံးဆီဖူလုံပေါများခဲ့သည့် ခေတ်ကာလတစ်ခုတွင် မြန်မာတို့ စားသုံးခဲ့ကြသည့် စားသုံးဆီမှာ မြေပဲဆီနှင့်  နှမ်းဆီတို့သာဖြစ်ပါ သည်။ ခေတ်အဆက်ဆက် ဖြတ်သန်းလာပြီး လူဦးရေတိုးတက်လာ သည်နှင့်အမျှ ပြောင်းလဲလာသော နေထိုင်စားသောက်မှုပုံစံများ နှင့် ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲကျင့်သုံးမှုတို့ကြောင့် မြန်မာ့စားသုံးဆီဈေးကွက်တွင် စားသုံးဆီအမျိုးမျိုးတို့ကို တွေ့မြင် လာရသည်။
မြန်မာ့စားသောက်ကုန်ဈေးကွက်ရှိ စားသုံးဆီအမျိုးမျိုးတို့ကို လေ့လာကြည့်မည်ဆိုလျှင် ပြည်တွင်းထုတ် စားသုံးဆီနှင့် ပြည်ပမှ မှာယူတင်သွင်းလာသော စားသုံးဆီဟူ၍ အုပ်စုနှစ်စုတွေ့မြင်နိုင်သည်။ ပြည်တွင်းထုတ် စားသုံးဆီအုပ်စု တွင် အဓိကထုတ်လုပ်သော စားသုံးဆီများမှာ မြေပဲဆီနှင့်နှမ်းဆီဖြစ်ပြီး ပဲပုပ်ဆီနှင့် နေကြာဆီ တို့ကို အနည်းငယ်ထုတ်လုပ်သည်။ ဈေးကွက်တွင် မြေပဲဆီကို ဆီထုတ်ယူသည့် နည်းစနစ်ပေါ်  မူတည်ပြီး စက်ဆီနှင့် ဆုံဆီဟူ၍ ခွက်မှောက်ခွက်လှန်စနစ်ဖြင့် လည်းကောင်း၊ တံဆိပ်ကပ်ဆီဘူး များဖြင့်ထည့်၍လည်းကောင်း ရောင်းချနေကြသည်။ ပြည်ပမှ မှာယူတင်သွင်းလာသော စားသုံးဆီများတွင် စားအုန်းဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ၊ ကနိုလာမုန်ညင်းဆီ၊ ပြောင်းဖူးစေ့ဆီ၊ ဖွဲနုဆီ၊သံလွင် ဆီနှင့် နှမ်းဆီမွှေးတို့ပါဝင်ပြီး  ပမာဏအများဆုံး တင်သွင်းဆီမှာ စားအုန်းဆီဖြစ်သည်။
ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါပြောင်းလဲနေထိုင်ကြရသော လူနေမှုပုံစံအရ စီးပွားရေးသမားများ၏ ဈေးကွက်သစ် ချဲ့ထွင်မှုကြောင့် အွန်လိုင်းပေါ်တွင် ဈေးဝယ်ရန်နေရာများ ဖြစ်ပေါ်လာရသည်။ အဆိုပါအွန်လိုင်းဈေးကွက်တွင် လည်း  စားသုံးဆီမျိုးစုံကို တံဆိပ်အမျိုးမျိုးကပ်၍ အိမ်ရောက်ငွေချေစနစ်ဖြင့် ရောင်းချလာခြင်းမျိုးကိုလည်း တွေ့မြင်နေရသည်။
မည်သို့ပင်ဖြစ်စေ စားသုံးသူများသည် စားသုံးဆီအမျိုးမျိုးတို့ကို မိမိတို့ကြိုက်နှစ်သက်ရာ ဝယ်ယူစားသောက်ကြရာ၌ ကျန်းမာရေးအသိ၊ ကျန်းမာရေးအမြင်ဖြင့်လည်း ရွေးချယ်တတ်ကြရန် အထူးလိုအပ်လှသည်။ ထိုသို့ရွေးချယ် နိုင်ရန်အတွက်  စားသုံးဆီ တစ်မျိုးချင်းအလိုက် အားနည်းချက်၊ အားသာချက်များကို ယေဘု ယျအားဖြင့်သိရှိထားကြရန် လိုအပ်လှသည်။
မြန်မာတို့၏ စားသုံးဆီများသည်   အများအားဖြင့် အပင်ထွက်ဆီများသာ ဖြစ်ကြပါသည်။  အဓိကအားဖြင့် ဆီထွက်သီးနှံအုပ်စုဝင် သီးနှံများမှ အစေ့အဆန်များကို ကြိတ်ချေခြင်းဖြင့်ဖြစ်စေ၊ ဖိညှစ်ခြင်းဖြင့်ဖြစ်စေ၊ ဓာတုဖျော်ရည် တစ်ခုခုဖြင့် ဆီဖျော်ထုတ်ယူခြင်းဖြင့်ဖြစ်စေ၊ စားသုံးဆီ ထုတ်ယူထားခြင်း ဖြစ်သည်။ ကြိတ်ချေဖိညှစ်ခြင်း နည်းစဉ်ဖြင့် ထုတ်ယူရရှိသောဆီကို ဆီရိုင်း (cool pressed virgin oil) ဟု သတ်မှတ်ကြသည်။ ၎င်းဆီရိုင်းကို ပြန်လည် သန့်စင်ခြင်းမပြုဘဲ အနည်ထိုင်စေ၍   အရည်ကြည်ကဲ့ခြင်းဖြင့် လည်းကောင်း၊ အနည်းစစ်ခြင်းဖြင့်လည်းကောင်း ပြုလုပ်ပြီး တိုက်ရိုက် စားသုံးကြသည်။ ဓာတုဖျော်ရည်သုံး၍  ထုတ်ယူထားသော ဆီကို ဆီကြမ်း(crude oil) ဟုသတ်မှတ်ပြီး   ပြန်လည်သန့်စင်ခြင်း အဆင့်ဆင့်ကို  ဆောင်ရွက်ပြီးမှသာ စားသုံးဆီအဖြစ် ဈေးကွက်တွင် ရောင်းချသည်။
ယေဘုယျအားဖြင့် မူလဆီထွက်သီးနှံတွင် ဆီပါဝင်မှုရာခိုင် နှုန်း ၂၅ ရာခိုင်နှုန်းအောက် လျော့နည်းပါက  ဓာတုဖျော်ရည်ဖြင့် ဆီဖျော်ထုတ်ခြင်းနည်းစဉ်ကို အသုံးပြုပြီး ၎င်းရာခိုင်နှုန်းထက်များ ပါက ကြိတ်ချေ ဖိညှစ်ခြင်းဖြင့် ဆီထုတ်ယူလေ့ရှိသည်။ မည်သည့် နည်းလမ်းကိုအသုံးပြု၍ ဆီထုတ်ယူခြင်းဖြစ်စေကာမူ ရရှိလာသော စားသုံးဆီသည် လူတို့စားသုံးရန် သင့်လျော်သည့် အရည်အသွေး ရှိရပါမည်။
စားသုံးဆီ၏အရည်အသွေးကို  ဓာတ်ခွဲခန်းတွင် စစ်ဆေး ပါက ရုပဆိုင်ရာဝိသေသလက္ခဏာရပ်များ စစ်ဆေးခြင်း (Deter-mination of physical characteristics)၊ ဓာတုဆိုင်ရာ   ဝိသေသ လက္ခဏာရပ်များ စစ်ဆေးခြင်း   (Determination of chemical characteristics) ၊ အဓိကပါဝင်ပေါင်းစပ်ဖက်များစစ်ဆေးခြင်း (Determination of principal constituents) ၊ သဘာဝအလျောက် ပါဝင်လာတတ်သော အခြားပါဝင်ဖက်များ စစ်ဆေးခြင်း (Deter-mination of the other natural constituents)၊ အရည်အသွေးနှင့် တည်မြဲမှုကို စစ်ဆေးခြင်း   (Determination of quality and stability) နှင့် ပြင်ပပစ္စည်း ပါဝင်မှုစစ်ဆေးခြင်း (Determination of foreign substance and the additives) စသည့်စစ်ဆေးမှုများကို ပြုလုပ်လေ့ရှိသည်။
စစ်ဆေးမှုတစ်ခုချင်းစီတိုင်းအတွက် သတ်မှတ်ထားသော အကြောင်းအရာများ (parameters)ကို တိုင်းတာခြင်း၊ ဓာတ်ခွဲစစ် ဆေးခြင်းများ  ပြုလုပ်ကြရမည်ဖြစ်သည်။ ဥပမာ- စားသုံးဆီ၏အရောင် (colour)၊ သိပ်သည်းဆ (density)နှင့်   ယိုင်ညွှန်းကိန်း (refractive index) တို့ကို  တိုင်းတာခြင်းသည်   ဆီ၏ရူပဆိုင်ရာ ဝိသေသလက္ခဏာများကို စစ်ဆေးခြင်းဖြစ်ပေသည်။ ထိုနည်းတူစွာ ပင် ဆီ၏ဓာတုဆိုင်ရာ ဝိသေသလက္ခဏာများကို   စစ်ဆေးရန် အချဉ်ဓာတ်ကိန်း (acid value) ၊ အဆီအက်စစ်လွတ်ပါဝင်မှုရာခိုင်နှုန်း (free fatty acid content) နှင့်အိုင်အိုဒင်းတန်ဖိုး(iodine value) တို့ကို ဓာတ်ခွဲစစ်ဆေးကြရသည်။ ထိုသို့ တိုင်းတာခြင်း၊ ဓာတ်ခွဲ စစ်ဆေးစမ်းသပ်ခြင်းများ ပြုလုပ်ပြီးပါက ရရှိလာသောရလဒ်အဖြေ များသည် အခွင့်ရ အာဏာပိုင်အဖွဲ့အစည်းက သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်  ကိုက်ညီမှုရှိရမည်ဖြစ်ပါသည်။   သို့မှသာ စားသုံးရန် သင့်လျော်သော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံး ဆီဖြစ်သည်ဟု မှတ်ချက်ချနိုင်မည်ဖြစ်သည်။
တစ်ဖန်စားသုံးဆီဖြစ်စေမည့်   ဓာတုဗေဒဖွဲ့စည်းပုံသည် အဆီအက်စစ်နှင့် အယ်ကိုဟောလ်တို့ပေါင်းစပ်ထားသည့် ထရိုင် ဂလစ်စရိုက်ဖြစ်သည်။ စားသုံးဆီအမျိုးမျိုးတို့၏   ရုပ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် ဂုဏ်သတ္တိများဖြစ်ကြသော ဆီအရည်ပိုင်းများ ပြီး  ခပ်သွက်သွက်ပုံစံဖြစ်နေခြင်း၊ ဆီအခဲပိုင်းများပြီး ခပ်ပျစ်ပျစ် အသွင်ဖြစ်နေခြင်းနှင့် တည်တံ့ခိုင်မြဲမှု ရှိ/မရှိ တို့ကို ဆုံးဖြတ်သည့် အပိုင်းသည် အဆီအက်စစ်အပိုင်းဖြစ်သည်။
စားသုံးဆီတိုင်းတွင် မိုနိုမပြည့်ဝအဆီအက်စစ် (မပြည့်ဝ သည့်နေရာတစ်ခုသာပါသောအဆီအက်စစ်)၊ ပိုလီ မပြည့်ဝအဆီ အက်စစ်(မပြည့်ဝသည့်နေရာတစ်ခုထက်ပို၍ပါသောအဆီ အက် စစ်)နှင့်ပြည့်ဝအဆီအက်စစ် (မပြည့်ဝသည့်နေရာလုံးဝမရှိသော အဆီအက်စစ်)တို့သည် အချိုးအစားအလိုက် ပေါင်းစပ်ပါဝင်နေ ကြပါသည်။ ထိုကဲ့သို့ အချိုးအလိုက် ပေါင်းစပ်ပါဝင်ကြရာတွင် ပါဝင်မှုပမာဏပိုများသော အဆီအက်စစ်၏  ဝိသေသလက္ခ္ခဏာ နှင့် ဂုဏ်သတ္တိတို့က  ၎င်းတည်ရှိရာ   စားသုံးဆီ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့်ဂုဏ်သတ္တိကိုလွှမ်းမိုးသွားခြင်းဖြစ်သည်။ထို့ကြောင့် ပင် မိုနိုမပြည့်ဝအဆီအက်စစ်အမျိုးအစား ပိုမိုများပြားစွာ ပေါင်း စပ်ပါဝင်နေသော ဆီများကို    မိုနိုဆီအုပ်စု၊ ပိုလီ  မပြည့်ဝအဆီ အက်စစ်အမျိုးအစား ပိုမိုများပြားစွာ ပေါင်းစပ်ပါဝင်နေသော ဆီ များကို ပိုလီဆီအုပ်စုဟု    ခွဲခြားသတ်မှတ်လေ့ရှိသည်။ မြေပဲဆီ၊ သံလွင်ဆီ၊ ဖွဲနုဆီ၊ ကနိုလာမုန်ညင်းဆီနှင့် နှမ်းဆီတို့သည် မိုနိုဆီ များဖြစ်ကြပြီး နေကြာဆီ၊ ပြောင်းဖူးစေ့ဆီ၊ ပဲပုပ်ဆီနှင့် နှမ်းချပ်ဆီ တို့သည် ပိုလီဆီများ ဖြစ်ကြပါသည်။
သာမန်အားဖြင့်  မပြည့်ဝအဆီ  အက်စစ်(ပိုလီ မပြည့်ဝ အဆီအက်စစ်) ပါဝင်မှုပိုများလေ ကျန်းမာရေးအတွက် ကောင်း လေဟု သိထားကြသည်။ သို့သော်လည်း ဆီသား တည်မြဲခိုင်ခံ့မှု ရှုထောင့်မှကြည့်လျှင် ပိုလီဆီ များသည် မိုနိုဆီများထက် ဓာတ်တိုး မှုများတတ်သောကြောင့် ဆီသားတည်မြဲမှု   အားနည်းသည်။ အကြောင်းရင်းမှာ ပိုလီဆီများ၌မပြည့်ဝမှုများသဖြင့်ပြင်ပမှအောက် ဆီဂျင်က ထိုမပြည့်ဝသည့်နေရာများတွင် ဝင်ရောက် ပေါင်းစပ်နိုင် ခြင်းကြောင့် ဓာတ်တိုးမှု (oxidation) ဖြစ်ပေါ်လာသည်။ ထိုအခါ ဆီသား ပျက်စီးမှုဖြစ်လာပြီး အနံ့ဆိုး၊ အရသာဆိုးများကို ဖြစ်ပေါ် လာစေသည်။ ယင်းကဲ့သို့ဖြစ်တတ်သည့် သဘာဝကိုပိုင်ဆိုင်ထား သောပိုလီဆီများသည် အထားခံနိုင်မှုသက်တမ်း (shelf life) ကို တိုစေသဖြင့် ၎င်းဆီ အုပ်စုဝင် စားသုံးဆီများကို အမြောက်အမြား ဝယ်ယူပြီး ကြာရှည်သိုလှောင် စားသောက်ခြင်း မပြုလုပ်သင့်ပေ။
ထို့ပြင် အဆိုပါပိုလီဆီအုပ်စုဝင် စားသုံးဆီများကို ၎င်းတို့၏ဆူမှတ်ရောက်သည်အထိ ကြော်လှော်ပြီးပါက နောက်တစ်ကြိမ် ထပ်၍   အသုံးမပြုသင့်ပါ။  ပိုလီမပြည့်ဝအဆီအက်စစ်များဖြင့် ဖွဲ့စည်းထားသဖြင့် မပြည့်ဝသည့်နေရာများမှ ကွဲပြတ်တောက်ပြီး ပုံစံတကျမဟုတ်သော ပုံပြောင်းအဆီအက်စစ်များအဖြစ် ပြောင်း လဲဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်သည်။  ထို့ကြောင့်   ယင်းကဲ့သို့                ပြောင်းလဲမှုဖြစ်ပေါ်နေသောစားသုံးဆီကို နောက်တစ်ကြိမ် အသုံး ပြုမိပါက ပြန်ကြော်ဆီ သုံးစွဲခြင်း၏ ကျန်းမာရေးဆိုင်ရာ  နောက် ဆက်တွဲဆိုးကျိုးများကို ရရှိလာနိုင်သည်။
ပြည်တွင်းစားသုံးဆီဈေးကွက်တွင် ရောင်းချနေသောမြေပဲ ဆီဈေးနှုန်းများကို လေ့လာကြည့်မည်ဆိုလျှင် ဆုံဆီက စက်ကြိတ် ဆီထက် ဈေးနှုန်းအနည်းငယ်  မြင့်တက်နေသည်ကို သိမြင်နိုင်ပါ သည်။ ထိုသို့ဖြစ်နေရခြင်းမှာ ထုတ်လုပ်မှုဖြစ်စဉ်အရ သစ်သားဆုံ ဖြင့် ဆီကြိတ်ရာ၌ ကျန်ရှိခဲ့သည့်မြေပဲဖတ်တွင် ဆီကျန်ရှိမှုရာခိုင် နှုန်းသည် စက်ကြိတ်မြေပဲဖတ်တွင် ကျန်ရှိခဲ့သည့် ဆီကျန် ရာခိုင် နှုန်းထက် ပိုများခြင်းကြောင့် ဆီသားရရှိမှုရာခိုင်နှုန်း ကွာခြားခြင်း နှင့် စားသုံးသူများ၏ မိရိုးဖလာဆုံဆီပေါ်တွင် တန်ဖိုးထားစားသုံး မှုပိုများခြင်းတို့ကြောင့်ဖြစ်သည်။ ဈေးနှုန်းနှိုင်းယှဉ်ချက် အရသာ ဆုံဆီကစက်ကြိတ်ဆီထက်    ပိုမြင့်တက်နေသော်လည်း အရည် အသွေးပိုင်း နှိုင်းယှဉ်ချက်ဖြစ်သော ဓာတ်ခွဲစစ်ဆေးချက်အဖြေ များအရ ဆုံဆီတွင်ရေငွေ့ပါဝင်မှုမြင့်မားပြီး ဆီသားပျက်စီးမှု ပိုမို လျင်မြန်စွာ ဖြစ်ပေါ်စေကြောင်းတွေ့ရသည်။ ဆုံဆီကြိတ်လျှင် ရေ နွေးဖြင့်ဖျန်းကြိတ်ရသဖြင့် ဆီသားတွင်ရေပါဝင်မှုရှိလာရပြီး ဆီကို ရေသွင်းဖြိုခွဲမှုပြုသကဲ့သို့ဖြစ်ပေါ် သောကြောင့် အချိန်မတိုင်မီ ဆီ သားပျက်စီးခြင်း ဖြစ်လာရခြင်းဖြစ်သည်။ ထို့ကြောင့်စားသုံးသူများ အနေဖြင့် ဆုံဆီကို ဝယ်ယူသုံးစွဲမည်ဆိုလျှင် ထုတ်လုပ်မှုရက်စွဲကို စစ်ဆေးပြီးမှ ဝယ်ယူကြရန်၊ အနည်းငယ်ချင်းစီသာ   ဝယ်ယူပြီး အမြန်သုံးစွဲရန်နှင့် ကြာရှည်သိုလှောင်ခြင်း မပြုလုပ်သင့်ကြောင်း သတိချပ်သင့်ပါသည်။
ဤသို့ဆိုလျှင် မြန်မာပြည်တွင်းထုတ်စားသုံးဆီအပါအဝင် ပြည်ပမှတင်သွင်းလာသော စားသုံးဆီများသည် အပင်အခြေခံ ဆီထွက်ပင်ရင်းမှ ထုတ်လုပ်ထားသောဟင်းသီးဟင်းရွက်ဆီများ ဖြစ်ကြသည်နှင့်အညီ လူ၏ကျန်းမာရေးထိခိုက်စေသည့် မကောင်း သောကိုလက်စထရောများကင်းစင်သောကြောင့် ဆီကောင်းများ ဟုဆိုနိုင်ပါသည်။ စားသုံးသူတစ်ဦးချင်းအနေဖြင့်လည်း မိမိတို့ တတ်နိုင်သည့်ငွေကြေးအတိုင်းအတာတစ်ခုကိုသုံးစွဲပြီး ဝယ်ယူရ သော စားသုံးဆီများကို ဆီကောင်းဖြစ်ရုံမျှမက  ဆီသန့်ဖြစ်ရန် လည်း လိုအပ်ကြောင်း သတိရှိသင့်သည်။ ဆီကောင်းများကို ညစ် ညမ်းသွားစေမည့် ဆီသားပျက်စီးမှုအဆင့်သို့ ရောက်ရှိခြင်းမှကင်း ဝေးစေရန် ဆီတစ်မျိုးချင်းအလိုက် ကွဲပြားသည့် သဘောသဘာဝ များကို သိရှိထားရန်လည်း လိုအပ်ပေသည်။ ထိုသို့သိရှိထားမှသာ လျှင် ဆီအမျိုးအစားအလိုက် ဆီကောင်း၊ဆီသန့်ကို ရွေးချယ် ဝယ် ယူနိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက အကောင်းဆုံးဆီကို ရွေး ချယ် ဝယ်ယူခဲ့ပြီး ဆီသန့်မဖြစ်ခဲ့လျှင် ကျန်းမာရေးအတွက် ဆေး ကုသစရိတ်ပါ အပိုဆောင်း ကုန်ကျရပေလိမ့်မည်။
အချုပ်အားဖြင့်ဆိုရလျှင် စားသုံးသူတို့ကျန်းမာရေးအတွက် စားသုံးဆီ ဝယ်ယူရာတွင် ဆီသားပျက်စီးမှုဖြစ်ပေါ်စေရန်  အခွင့် သာသည့် ခွက်မှောက်ခွက်လှန်စနစ်သုံး၍  ရောင်းချနေသည့်ဆီ များကို ရှောင်ရှားပြီး ကုန်အညွှန်းအမှတ်အသားအပြည့်အစုံနှင့် တကွ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန (FDA) ၏ အသိအမှတ်ပြုထောက်ခံချက်ပါသော ဘူးသွင်းဆီ (Consumer pack) အမျိုးအစားများကိုသာ ဝယ်ယူကြရန်၊ ထုတ် လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်မည့်ရက်စွဲတို့ကို   သေချာစွာ ဖတ်ရှုကြရန် လိုအပ်ကြောင်းကို ဆီအမျိုးအစား ရွေးချယ်မှုမှန်ကန် ပြီး ဆီကောင်း၊ ဆီသန့်စားသုံးနိုင်ရန် ရည်သန်၍ ရေးသားတင်ပြ လိုက်ရပါသည်။
အိအိချော(CTQM)