Main menu

Background

စစ်ကိုင်းစက်မှုဇုန်ရှိသစ်အချောပရိဘောဂလုပ်ငန်း

Mon, 11/20/2023 - 12:24 -- journal_editor

ရှေးနှစ်ပေါင်းများစွာကပင် လူတို့သည်  အိမ်ထောင်ပရိဘောဂ များကို သုံးစွဲခဲ့ကြသည်။ စားပွဲ၊ ကုလားထိုင်၊ ဘီရို၊ ခုတင်  စသော ပစ္စည်းများကို  သုံးစွဲလာခဲ့ကြသော်လည်း ပုံပန်းသဏ္ဌာန်၊အမျိုးအစား၊ အဆင်အပြင်သည် တစ်ခေတ်နှင့်တစ်ခေတ် မတူချေ။ ဘီစီ ၃၀ဝ/ ၄၀ဝ ခန့်ကပင် အီဂျစ်နိုင်ငံတွင် ဘုရင်များသည် ခုတင်များဖြင့် အိပ် ခဲ့ကြလေသည်။ ရှေးဦးပေါ် ကုလားထိုင်များသည်  ယခုခေတ်ကဲ့သို့ ကျောမှီ၊ လက်တင်စသည် မပါသေးဘဲ ခြေလေးချောင်းတပ် ထိုင်ခုံ (ခွေးခြေ)များသာ ဖြစ်ကြသည်။ ရှေးအီဂျစ်လူမျိုးတို့သည် သစ်သား များကို ကောင်းစွာပြုပြင်ပြီး အိမ်ထောင်ပရိဘောဂများ  သုံးစွဲခဲ့ ကြောင်း သူတို့၏ ရှေးဟောင်းဂူသင်္ချိုင်းနံရံရှိ အရုပ်များတွင် တွေ့ မြင်ရကြောင်း လေ့လာသိရှိရသည်။ အီဂျစ်၊ ဂရိနှင့်ရောမ  လူမျိုး များသည် သစ်သားအပြင် ဆင်စွယ်၊ ကြေးညို၊ ရွှေ၊ ငွေစသည်တို့ဖြင့် အိမ်သုံးပစ္စည်းများကို   လုပ်ကိုင်သုံးစွဲခဲ့ကြသည်ဟု သိရှိရသည်။ အီဂျစ်နိုင်ငံ တူတန်ခမင် သင်္ချိုင်းမှရရှိသော အီဂျစ်  မိဖုရားကြီး၏ ရာဇပလ္လင်မှာ  အလွန်လှပဆန်းကြယ်၍  အထက်တန်းကျလှသော သုခုမလက်ရာများဖြစ်ပေသည်။
ထိုမျှမကသေးဘဲ အိမ်သုံးပစ္စည်းများကို ပန်းခက်ပန်းနွယ်များ ထွင်းထုကာ ကျောက်မျက်ရွဲများ၊ ရောင်စုံဖန်များစသော တောက်ပ သည့်ဝတ္ထုများဖြင့် စီခြယ်ခဲ့ကြသည်။ အချို့ရှေးဟောင်း ထိုင်ခုံများကို လှပသေးသွယ်သော ခြေများဖြင့် ဆန်းကြယ်စွာပြုလုပ်ခဲ့ပြီး  တစ်စ တစ်စ တိုးတက်လာသောအခါ ထိုင်ခုံများကို နောက်မှီနှင့်လက်တင် များ တပ်လာကြသည်။ ထိုမှတစ်ဆင့် ထိုင်ခုံတစ်ခုလုံး  ခြေလက်တင်၊ နောက်မှီ စသည်တို့တွင် ပန်းြွကများ၊ ရုပ်လုံးပေါ်များဖြင့်  လှပအောင် ပြုလုပ်ခဲ့ကြသည်။   ထိုစနစ်သည် ယခုတိုင်  တိမ်ကောခြင်းမရှိချေ။ ထိုင်ရန် အခင်းများကိုလည်း ယခုခေတ်   ကြိမ်အခင်းများကဲ့သို့ပင် ကြိမ် သို့မဟုတ် ကျူပင်များကို ကျစ်၍   ရက်လုပ်ကြပြီး အချို့မှာ အဝတ်အထည်များဖြင့်လည်းကောင်း၊ လှပသော တိရစ္ဆာန်သားရေများဖြင့်လည်းကောင်း ပြုလုပ်ကြသည်။
မြန်မာနိုင်ငံ၌လည်း သစ်သားမှ လက်မှုလူသုံးကုန်ပစ္စည်းများ ကို ရှေးဘုရင်များလက်ထက်ကတည်းက  ပြုလုပ်သုံးစွဲလာကြောင်း ရှေးဟောင်းသမိုင်းပြတိုက်များက  သက်သေပြုလျက်ရှိသည်။ သစ် သားကို လက်မှုလူသုံးကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်သည့် စက်ရုံ/ အလုပ်ရုံများ နိုင်ငံတစ်ဝန်း၌   တိုးတက်ထွန်းကားလျက်ရှိရာ စစ်ကိုင်း စက်မှုဇုန်၌ သစ်နှင့်သစ်အချောထည်၊ ပရိဘောဂ ပြုလုပ်သည့်စက်ရုံ ၁၁ ရုံရှိပြီး ယင်းတို့အနက်  ရတနာသီဟ အဆင့်မြင့် သစ်အချောထည် နှင့်ပရိဘောဂလုပ်ငန်းအကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
ရတနာသီဟ သစ်အချောထည်နှင့်ပရိဘောဂစက်ရုံကို ၂၀၁၈ ခုနှစ်က  ရင်းနှီးငွေကျပ်သန်း တစ်ထောင့်လေးရာကျော်ဖြင့် စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ကုန်ကြမ်းအဖြစ် ပိတောက် သား၊ ကျွန်းသားနှင့် တမလန်းသားများကို နိုင်ငံတော်မှ တရားဝင် ဝယ်ယူအသုံးပြုပြီး  လူ၏လုပ်အားအနည်းငယ်သာ   အသုံးပြုကာ ခေတ်မီ စက်ကိရိယာများဖြင့်  တံခါးကျည်းခွေ၊ တံခါး၊ ပရိဘောဂ မျိုးစုံတို့ကို    အရွယ်အစားအမျိုးမျိုး ပြုလုပ်ကြောင်း သိရသည်။ ပရိ ဘောဂများပြုလုပ်ပုံအဆင့်ဆင့်မှာ ပထမဦးစွာ  သစ်များကို စက်ဖြင့် လွှာခြင်း၊ လွှာပြီးသစ်များကို အစိုဓာတ်ကုန်စေရန်  ရေနွေးငွေ့ဖြင့် ပေါင်းခံကြောင်း၊ သစ်အထူ/အပါးပေါ် မူတည်၍ သစ်ပေါင်းခန်း၌ ရက်ပေါင်းအနည်းဆုံး ၁၅ရက်မှ  အများဆုံးရက် ၃၀ကြာ ပေါင်းခံခြင်း ပြုလုပ်ကြောင်း သိရသည်။   စက်ရုံ၌ သစ် ၁၀တန်ခန့်  ဆံ့ဝင်သည့် သစ်ပေါင်းခန်း နှစ်ခန်းရှိသည်။ အစိုဓာတ်ကုန်ပြီးသော သစ်ချပ်များ ကို ရွေပေါ်ထိုးပြီး  သတ်မှတ်ထားသည့် အရှည်အတိုင်းအတာများ ဖြတ်တောက်ကြသည်။ အချို့သစ်ချပ်ကလေးများအား  ပန်းဖော် စက်ဖြင့် ကနုတ်ပန်းဖော်ခြင်းများ ပြုလုပ်ရသည်။ သစ်ချပ်ပေါ်တွင် လိုအပ်သည့် အပေါက်များဖောက်ပြီး  ပရိဘောဂ  တပ်ဆင်ခြင်း လုပ်ငန်းများ  လုပ်ကိုင်ကြသည်။ ဆက်လက်၍  ပရိဘောဂအကြမ်း ထည်များကို အချောကိုင်ခြင်း၊  ဆေးမှုတ်ခြင်းလုပ်ငန်းများကို လုပ် ကိုင်ပြီးပါက ရောင်းတန်းဝင် သစ်အချောထည်  ပရိဘောဂများကို ရရှိကြောင်း သိရသည်။
အဆင့်မြင့်    သစ်အချောထည် ပရိဘောဂများမှာ ဘုရားစင်၊ ခြောက်‌ဦးထိုင် ဆက်တီ(နဂါးခေါင်း၊ ကြာဖူး၊ ကြိုးကြာ၊ရိုးရိုး)၊ အထူး စပါယ်ရှယ် ဆင်ရုပ်ဆက်တီ၊   ထမင်းစားပွဲ(၅ဦး၊ ၁၀ဦး)၊ မတ်တပ် ကုလားထိုင်(ရိုးရိုး၊ နှစ်ယောက်တွဲ)၊ မှန်တင်ခုံ(လေးထောင့်၊ ဘဲဥပုံ)၊ ဘီဒိုအ‌သေး၊ နှစ်ယောက်ထိုင်ခုံ အရှည်၊    နှစ်ယောက်အိပ်  ခုတင် စသည်ဖြင့်   သစ်ထွင်းပန်းပု ပန်းချီကားနှင့်  အိမ်အတွင်းအလှဆင် သစ်အချောထည်များ၊  မျက်နှာကြက်နှင့်   နံရံအလှဆင်အဆင့်မြင့် သစ်အချောထည်များကို   ထုတ်လုပ်လျက်ရှိကြောင်း   သိရသည်။ ပရိဘောဂများကို  ပြုလုပ်ရန် တရုတ်နိုင်ငံမှ   ပညာရှင်လေးဦးကို  ဖိတ်ခေါ်၍ ပြုလုပ်နေသည့်အပြင် လုပ်သား၁၅ဦးအား အလုပ်အကိုင် အခွင့်အလမ်းများ ပေးထားပြီး စားစရိတ်ငြိမ်း လုပ်သားတစ်ဦး တစ် လလျှင် ငွေကျပ် တစ်သိန်းငါးသောင်းမှ ကျပ်သုံးသိန်းငါးသောင်းထိ လုပ်အားခပေးကြောင်း သိရသည်။
အဆင့်မြင့်ပရိဘောဂများ၏ ရောင်းဈေးနှုန်းများမှာ သစ်အမျိုး အစားနှင့်အရွယ်အစားပေါ် မူတည်၍ အနည်းဆုံးဈေး ကျပ်  လေး သိန်းမှ ကျပ်သိန်းတစ်ရာကျော်ထိ   တန်ဖိုးရှိပြီး အမှာစာများ  ရရှိမှု အပေါ်မူတည်၍ ထုတ်လုပ်ရောင်းချကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းစက်မှုဇုန်ရှိ “ရတနာသီဟ” သစ်အချောထည်စက်ရုံမှ ထုတ်လုပ်သည့် အဆင့်မြင့်  သစ်အချော ထည် ပရိဘောဂများသည် သပ်ရပ်ခိုင်ခန့်လှပပြီး ဈေးနှုန်းမြင့်သဖြင့် သာမန်လူတန်းစားများ ဝယ်ယူသုံးစွဲနိုင်ခြင်း  နည်းပါးသောကြောင့် မြန်မာနိုင်ငံအတွင်း ဈေးကွက်ဝေစုရရှိမှုနည်းကြောင်း  သိရသည်။ ပြည်တွင်းဈေးကွက်အပြင်   ပြည်ပဈေးကွက်များနှင့်  ချိတ်ဆက် ရောင်းချပါက နိုင်ငံခြားဝင်ငွေရရှိပြီး    နိုင်ငံ့စီးပွားရေးတိုးတက်ရန် တစ်ဖက်တစ်လမ်းမှ  အထောက်အကူပြုသော   လုပ်ငန်းတစ်ခုဖြစ် ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

သန်းသန်းတင် (မုံရွာ)