Main menu

Background

ငှက်ပျောလျှော်မှ ထုတ်လုပ်သည့် တန်ဖိုးမြှင့် ထုတ်ကုန်များ

Mon, 02/05/2024 - 10:16 -- journal_editor

ငှက်ပျောပင်သည် မြန်မာနိုင်ငံတွင် အနှံ့အပြား ပေါက်ရောက် သည်။  အိန္ဒိယနှင့် မြန်မာနိုင်ငံ အပါအဝင်ဖြစ်သော အာရှတိုက် တောင်ပိုင်းဒေသသည် ငှက်ပျောပင်၏ မူလပေါက်ရောက်ရာဒေသ များဖြစ်သည်။ ငှက်ပျောပင်တစ်ပင်မှ ငှက်ပျောတစ်ခိုင်သာထွက်၍ အခိုင်ကိုခုတ်ယူပြီးနောက် အပင်မကြီးကို ခုတ်ပစ်ရသည်။ ပင်စည် ရင်းမှ အတက်ငယ်များ ဖြာလာ၍ ထိုသားတက်ခေါ် ငှက်ပျောခေါင်း များကို ပင်မမှခွဲထုတ်၍ စိုက်ပျိုးလေ့ရှိကြသည်။
ငှက်ပျောပင်သည် အပင် ၁၂ လမှ ၁၈ လအထိရှိမှ အသီးများ ထွက်လာသည်။ ငှက်ပျောပင်မှ အသီးမသီးမီ ဖူးတံတစ်ခု စတင်ထွက် ပေါ်လာပြီး ထိုငှက်ပျောဖူးတံတွင် ငှက်ပျောသီးလေးများသည် အပွင့် အဖတ်များဖြင့် အထပ်ထပ် ဖုံးအုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ရှေး ဦးစွာထွက်လာသော အပွင့်များသာ အောင်မြင်ပြီးလျှင် အသီး များဖြစ်လာသည်။ နောက်မှထွက်သည့် အပွင့်အခိုင်များမှာ ကြာလျှင် ရိရော်၍ ပျက်စီးသွားလေသည်။ ငှက်ပျောမျိုးကို လိုက်၍ ငှက်ပျော တစ်ခိုင်လျှင် အဖီးအနည်းအများပါရှိသည်။ စံမီငှက်ပျောတစ်ခိုင်လျှင် အဖီးကိုးဖီးမျှ ပါ၍ တစ်ဖီးလျှင် အသီး ၁၀ လုံးမှ ၁၅ လုံးအထိ ရှိတတ် သည်။ ငှက်ပျောသီးတွင် ရေဓာတ် ၇၅ ရာခိုင်နှုန်းပါဝင်သည်။ 
အသီးတွင်ပါရှိသော ကစီဓာတ်သည် အသီးမှည့်လာသောအခါ သကြားဓာတ်သို့ ပြောင်းလဲသွားသဖြင့် စားသုံးရာ၌ အလွန် အနှစ် အရသာနှင့်ပြည့်စုံသည်။ ငှက်ပျောသီးသည် လူတို့အတွက် အာဟာရ ဓာတ်ဖြည့်စွမ်းသော အစားအစာတစ်ရပ်ဖြစ်ပေသည်။ ကမ္ဘာပေါ် တွင်  လူတို့သိနှင့်ပြီးသော ငှက်ပျောပင်မျိုးပေါင်း  ၇၀ နီးပါးရှိသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ ထင်ရှားသော ငှက်ပျောမျိုးများမှာ ထောပတ်၊ ရခိုင်၊ နံ့သာပု၊ သီးမွှေး၊ ဖီးကြမ်း၊ သူငယ်စာ၊ ပျားရည်ဆမ်း၊ ရသာရုံ၊  မယားမန်၊ ငှက်ပျောချဉ်၊ ရွှေနီနှင့် ဝက်မလွတ်တို့ဖြစ်သည်။ အလုံး အလွန်ကြီးထွားသော  ငှက်ပျောမျိုးကို  မြန်မာနိုင်ငံတွင် ဆင်အံ သို့မဟုတ် ဗျပ်ပြည့် သို့မဟုတ် မောင်ကြီးပင့်ပါဟု ခေါ်ဆိုကြသည်။ မြန်မာတို့သည်  ငှက်ပျောဖီးများကို ကန်တော့ပွဲများတွင် လည်း ကောင်း၊  မုန့်ပြုလုပ်ရာတွင်လည်းကောင်း အများအားဖြင့် အသုံးပြု ကြသည်။ 
ငှက်ပျောရွက်များမှာလည်း လွန်စွာအသုံးဝင်သည်။ ငှက်ပျော ရွက်ကြီးများကို အမျှင်များပြုလုပ်၍ ဖျာ၊ ဖျာကြမ်းများ ရက်လုပ်ကြ သည်။ အသီးညံ့ဖျင်းသော မျိုးမကောင်းသည့် ငှက်ပျောပင်တို့မှမူ ငှက်ပျောလျှော်အဖြစ်ယူ၍ ထိုလျှော်ဖြင့် စက္ကူများပြုလုပ်နိုင်ပေသည်။
ယခုအခါ နိုင်ငံတော်က အသေးစား၊ အငယ်စား နှင့် အလတ် စား  MSME လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသအလိုက် ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သို့ဖြန့်ချိ၍ ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တင်ပို့ လျက်ရှိသည်။ ငှက်ပျောလျှော် ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးမှ လည်း ငှက်ပျောလျှော်မှ အင်္ကျီ၊ အိတ်၊ ဖိနပ်၊ ပိတ်စများ ထုတ်လုပ် လျက်ရှိကြောင်း၊ ငှက်ပျောမှထုတ်လုပ်သည့် ထုတ်ကုန်များကို မြို့ ပေါင်း ၂၅ မြို့တွင်  သင်တန်းများပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် ကျယ်ပြန့်သည့် ဈေးကွက်တစ်ခုရရှိရေး ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊  ပြည်ပပို့ကုန်အတွက် ကျယ်ပြန့်သည့် ဈေးကွက်တစ်ခု ရရှိစေရန် အချိန်တစ်ခုလိုကြောင်း၊ ယခုအခါ ငှက်ပျောလျှော်မှထုတ် လုပ်သည့် ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံ၊ ချင်းမိုင်၊ ကမ္ဘောဒီးယား၊ ဂျပန်နိုင်ငံများသို့ တင်ပို့ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ပြည်တွင်းမှ  ရရှိသည့် စွန့်ပစ်ပစ္စည်းများမှ တန်ဖိုးမြှင့် လူသုံးကုန် ပစ္စည်းများထုတ် လုပ်၍ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ ဖြန့်ချိတင်ပို့ရာ၌ စက်မှုပိုင်း ဆိုင်ရာနှင့်  နည်းပညာပိုင်းဆိုင်ရာကို  ပံ့ပိုးပေးနိုင်ပါက ခိုင်မာသော ဈေးကွက်တစ်ခု၏ ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဖြစ် ကြောင်း၊ ငှက်ပျောလျှော်မှ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ ရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားလာမှုအရ သိရ သည်။
ငှက်ပျောလျှော်ထုတ်ကုန်များအဖြစ်  ဖိနပ်၊ ဦးထုပ်၊ အခင်း၊ အိတ်၊ ပိတ်စများ ထုတ်လုပ်လျက်ရှိပြီး ဈေးနှုန်းဈေးကွက်များအနေ ဖြင့် အမျိုးသားစီး ညှပ်ဖိနပ်တစ်ရံလျှင် ကျပ် ၇၀ဝ၀၊ အမျိုးသမီးစီး ညှပ်ဖိနပ်တစ်ရံလျှင် ကျပ် ၅၀ဝ၀၊ လေဒီရှူးတစ်ရံလျှင် ကျပ် ၃၅၀ဝ၀၊ အိတ်တစ်လုံးလျှင် ကျပ် ၉၀ဝ၀ မှ ၂၀ဝ၀ဝ၊ ဦးထုပ်တစ်လုံးလျှင် ကျပ် ၁၂၀ဝ၀၊ ငှက်ပျောလျှော်သော့ချိတ်တစ်ခုလျှင် ကျပ် ၅၀ဝ၀၊ ငှက် ပျောလျှော် ပိတ်စအိတ်တစ်လုံးလျှင် ကျပ် ၁၅၀ဝ၀ မှ ၃၅၀ဝ၀ အထိ ရောင်းချနေရကြောင်းလည်း သိရသည်။
ငှက်ပျောလျှော်ဖြင့် လက်မှုပစ္စည်းများ ထုတ်လုပ် ရောင်းချနေ သည့် အလုပ်ရုံတွင် လုပ်သားများ ငှားရမ်းထားရှိပြီး လုပ်သားများကို နေ့လယ်စာထမင်းကျွေး၍ တစ်ရက်လျှင် ကျပ် ၈၀ဝ၀ နှုန်းဖြင့် လုပ် အားခများ ရှင်းပေးကြောင်း၊ လုပ်အားခအနေဖြင့် တစ်ရက် ၈၀ဝ၀ နှုန်းပေးချေသဖြင့်  အလုပ်လုပ်ကိုင်သူ လုပ်သားများအနေဖြင့်လည်း မပင်မပန်း အလုပ်လုပ်ရသည့်အတွက် အလွန်ပင်တွက်ခြေကိုက်သည့် အလုပ်တစ်ခုဖြစ်ကြောင်း  သိရှိရသည်။  မိမိတို့အနေဖြင့် ဈေးနှုန်း ဈေးကွက်ဆိုသည်ထက် စွန့်ပစ်ပစ္စည်းများမှ ပြည်သူလူထုအတွက် အလုပ်အကိုင်  အခွင့်အလမ်းများ ရရှိစေလိုကြောင်း၊ လက်မှုပညာ ဖြစ်သည့်အတွက်  ဈေးနှုန်းအနေဖြင့် အနည်းငယ်များကြောင်း၊ နောက်ပိုင်းတွင် ငှက်ပျောလျှော်ထုတ်ကုန်များကို အခြားနိုင်ငံများ သို့ပါ တင်ပို့နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံတို့မှလည်း  ငှက်ပျောလျှော်ဖြင့် ထုတ်လုပ်ထားသည့် ပိတ်စများကို အုပ်လိုက်မှာယူမှုများရှိကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားလာမှုအရ သိရသည်။
အချုပ်အားဖြင့်ဆိုလျှင် ငှက်ပျောပင်သည် မြန်မာနိုင်ငံ အနှံ့ အပြား၌ ပေါက်ရောက်ပြီး အရွက်မှ အပင်၊ နောက်ဆုံး စွန့်ပစ်ပစ္စည်း ဖြစ်သည်အထိ အသုံးဝင်သဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အတွက် စိုက်ပျိုးသင့်သည့် အသီးအပင် တစ်မျိုးဖြစ်သည်။ ထို့အပြင် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့်လည်း အခွင့်အလမ်းများပြား သည့်အပြင် ပြည်ပပို့ကုန်အထိ ဈေးကွက်၌ ထိုးဖောက်ဝင်ရောက်နိုင် သဖြင့် နိုင်ငံတော်က အသေးစား၊ အငယ်စားနှင့်အလတ်စား MSME လုပ်ငန်းများကို   မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် လုပ် ကိုင်သင့်သည့် အလတ်စား  စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

စန္ဒာစိုးလွင်