Main menu

Background

ပင်လယ်ရေထွက်ကုန် အရှင်များအား ပြည်ပနိုင်ငံများသို့ တိုက်ရိုက် တင်ပို့သွားမည်

Wed, 08/07/2019 - 11:37 -- journal_editor

         ပြည်တွင်းရှိ ရေထွက်ကုန်တင်ပို့မှုလုပ်ငန်းများ ဝင်ငွေ ပိုမိုရရှိလာစေရန်အတွက် ပင်လယ်ရေထွက်ကုန် အရှင်များ အား ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ တွင် ကျင်းပသည့် ပင်လယ်ထွက်ကုန် အရှင်ပို့ ထုပ်ပိုးမှု သင်တန်းမှ သိရသည်။ ထိုကဲ့သို့ တင်ပို့ခြင်းကို လာမည့် စက်တင်ဘာလတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းပင်လယ်ရေ ထွက်ကုန်များဖြစ်သော ကျောက်ငါး၊ ကျောက်ပုစွန်၊ ပုစွန်နှင့် ကဏန်း များကို ပြည်ပနိုင်ငံများဖြစ်သော ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံ များသို့ တိုက်ရိုက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
        ထိုကဲ့သို့ လုပ်ဆောင်ရခြင်းမှာ ပြည်တွင်းငါးဖမ်းလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်၊ ပင်လယ်ရေထွက်ကုန်များကို ရှာဖွေနေသည့် ရေလုပ်သားများ ဝင်ငွေပိုမိုရရှိလာစေ ရန်၊ ငါးဖမ်းလုပ်ငန်းအား မြှင့်တင်ရာရောက်ပြီး ပြည်တွင်းရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း Super Search Investment (Hong Kong) Company Limited မှ မြန်မာနိုင်ငံရုံး တာဝန်ခံ ဦးမိုက်ေ အာင်မြင့်ထွန်းက ပြောသည်။
     မြန်မာနိုင်ငံတွင် လက်ရှိအနေအထားအရ ရေထွက်ကုန် အရှင်များကို အပို့နည်းနေပြီး အေးခဲပြီးသား ရေထွက်ကုန်များ ကိုသာ ပြည်ပနိုင်ငံများသို့ တင်ပို့နေကြောင်း၊ ဈေးကွက်အရ ပြည်တွင်း ဈေးကွက်နှင့် ပြည်ပဈေးကွက် မှာ ကွာခြားမှုရှိပြီး ပြည်တွင်း၌ ကြိုက်ငါး၊ ကြိုက်ပုစွန်များကို ရောင်းချနိုင်ကြောင်း၊ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်များ တင်ပို့ရာတွင်လည်း သတ်မှတ်အရွယ်အစား၊ အရည်အသွေးများရရှိစေရန် လိုအပ် ကြောင်း သိရသည်။ "မြန်မာနိုင်ငံမှာက ရေထွက်ကုန်ကို အရှင်ဖမ်းလေ့ ဖမ်းထမရှိတဲ့အတွက်ကြောင့် အရှင်တင်ပို့နိုင်ဖို့အတွက် ထုပ် ပိုးပြီး သယ်ဆောင်နိုင်ဖို့ကို သင်တန်းတွေ ပို့ချပေးနေပါတယ်။ အဲဒါကလည်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးနဲ့ နည်းပညာပါရရှိအောင် ရည်ရွယ်ပြီး သင်တန်းပို့ချပေးနေတာပါ"ဟု ဦးမိုက်အောင်မြင့်ထွန်းက ပြောသည်။ အဆိုပါရေထွက်ကုန်များကို ထုပ်ပိုးသယ်ဆောင်နိုင်ရန်အတွက် သင်တန်းများပို့ချပေးနေသလို ပင်လယ်ရေထွက် ဒေသ များဖြစ်သော မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များတွင်လည်း သင်တန်းများ ထပ်မံပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ချောစု