Main menu

Background

တောင်သူများသတိထားရမည့် ဖောငမြှောင်တောင်မျိုးအသစ်

Fri, 11/15/2019 - 15:10 -- journal_editor

ဖျက်ဆီးမှု ပြင်းထန်ပေါက်ဖွားနှုန်းက မြန်ဆန်၊ ပျံ့နှံ့မှုလည်း မြန်ဆန်၊ ပြောင်းအပါအဝင် သီးနှံအမျိုးပေါင်း ၈၀ ကို ဖျက်ဆီး၊ ရာသီဥတု အကြမ်းတမ်းခံနိုင်တဲ့ ဖောငမြှောင်တောင်မျိုးအသစ်ဟာ မြန်မာနိုင်ငံကို ယခင်နှစ်ဆောင်းဦးပေါက် ရာသီကစ၍ ပြောင်းဧက တစ်သိန်းခွဲမှာ ကျရောက်ခံလိုက်ရပြီး ခြေကုပ်ရသွားပြီဖြစ်ပါတယ်။ ယခင်နှစ်က မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ နေပြည်တော် တပ်ကုန်းမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၊   ညောင်တုန်းမြို့နယ်၊    ဟင်္သာတမြို့နယ်တို့မှာ ဖောငမြှောင် တောင်ပိုးပွဲဦးထွက်ကျရောက်ဖျက်ဆီးခံလိုက်ရပါတယ်။ ဖောငမြှောင်တောင်ပိုးရဲ့ ဘဝစက်ဝန်းဟာ ဖလံဘဝ၊ ဥဘဝ၊ ပိုးလောက်လမ်းဘဝ၊ ရုပ်ဖုံးဘဝဆိုပြီး အဆင့်လေးဆင့်ရှိပါတယ်။ သက်တမ်းဟာ တစ်လသာ ကြာမြင့်ပါတယ်။ ဥတာလည်း တစ်ကြိမ် မှာ ဥ (၃၀ဝ-၅၀ဝ) ထိဥနိုင်တယ်။ ရာသီဥတု၊ အစား အစာသာ မျက်နှာသာရနေမယ်ဆိုရင် ဖောငမြှောင်တောင်တစ်ကောင်ဟာ တစ်လတစ်ကြိမ် ဘဝသံသရာ အဆက်မပြတ် လည်ပြီး ရှင်သန်ဖျက်ဆီးနေမှာဖြစ်ပါတယ်။ ဖောငမြှောင်တောင်ဟာ ပိုးလောက်လမ်း ဘဝ တစ်ပတ်အတွင်းမှာ ဖျက်ဆီး စားသောက်တာ ဖြစ်ပါတယ်။ ဖောငမြှောင်တောင်ကို သံသရာပြတ်အောင် နှိမ်နင်းနိုင်မှသာ တောင်သူကြီးများ ငမြှောင်တောင် ဘေးက ရင်အေးကြရမှာဖြစ်ပါတယ်။ ဒီလိုကျူပင်ခုတ် ကျူငုတ်မကျန်အောင် ကိစ္စတုံးစီရင်ဖို့ဆိုရင် ဘက်စုံ ပိုးမွှား ကာကွယ်နှိမ်နင်းနည်းကို အသုံးပြုပြီး ဖော၏ ဖလံဘဝ၊ ဥဘဝ ပိုးလောက်လမ်းဘဝ၊ ရုပ်ဖုံးဘဝ လေးခုစလုံးကို သုတ်သင် ဖယ်ရှားရန် စီမံဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ပြည်တွင်းရှိပြီးသား ရိုးရိုးငမြှောင်တောင် အထီးအမတွေဟာ လည်း ဖလံအမျိုးအစားပါပဲ။ အခု မြန်မာနိုင်ငံတွင်း ချင်းနင်း ဝင်ရောက်  ကျူးကျော်လာတဲ့ ဖောငမြှောင်တောင်ရဲ့ အထီးအမတွေဟာလည်း ဖလံအမျိုးအစားတွေပါပဲ၊ မျိုးစိတ်အတူတူပါပဲ၊ ရိုးရိုးငမြှောင်တောင်ရဲ့ ဖလံ အထီး၊ အမတွေနဲ့ ဖောငမြှောင်တောင်အသစ်ရဲ့ ဖလံ၊ အထီး အမတွေ အပြန်အလှန် မျိုးကူးစက်ပြီး ပိုမိုပြီးဖျက်ဆီးမှု ပြင်းထန်တဲ့ ငမြှောင်တောင်စပ်မျိုးအသစ်တွေ ပေါက်ပွားပေါ်ထွန်းလာမလား ဆိုတာလည်း အမြဲစောင့်ကြည့် သုတေသန ပြုလေ့လာနေဖို့ လိုမှာ ဖြစ်ပါတယ်။

         ဖောငမြှောင်တောင်ပိုးကို အမြစ်ပြုတ် သုတ်သင်နှိမ်နင်းရန် ဆိုလျှင် ၎င်းပိုး၏ နောက်ခံသမိုင်း၊ ဘဝဖြစ်စဉ်တည်ရှိမှု၊ ပိုးကောင်၏ လာရာလားရာ ပျံ့နှံ့နိုင်မှုစွမ်းအား ဖျက်ဆီးမှုပြင်းအားအကြောင်းများ ကို ပြန်ပြောင်းလေ့လာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဖောငမြှောင်တောင်ပိုးဟာ ၁၉၉၀ ပြည့်နှစ်လောက်မှာ အမေရိကန်မှာ ပေါက်ဖွားလာတဲ့ အမေရိကန်ဇာတိနိုင်ငံ သား ဖြစ်တာ တွေ့ရပါတယ်။ သူ့ရဲ့အမည်ဟာ Fall Army Worm, Spodoptera Flugiperda (J.E Smith), Lepidotera Noetuidar   ဖြစ်ပါတယ်။ ဖောငမြှောင် တောင်ပိုးဟာ အမေရိကန်နိုင်ငံမှ မြစ်ဖျားခံကာ ၂၀၁၆ ခုနှစ် ဆောင်းဦးပိုင်းမှာ ကုန်သွယ်မှုလုပ်ငန်းမှတစ်ဆင့် ဆာဟာရ တောင်ပိုင်းအာဖရိက ဒေသတစ်ခုလုံးနီးပါးသို့ ခြေဆန့်ပြီး နှစ်နှစ် အတွင်း ပျံ့နှံ့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ဖောငမြှောင်တောင်ပိုးဟာ ၂၀၁၆ ခုနှစ် ဆောင်းဦးရာသီမှာ နိုင်ဂျီးရီးယားနဲ့ဂါနာနိုင်ငံတို့သို့ ဝင်ရောက်မွှေနှောက်ခဲ့ပြီး ၎င်းမှ တစ်ဆင့် ဘီနင်နှင့် တိုဂိုနိုင်ငံတို့ထိ တစ်မုဟုတ်ချင်း ကူးစက် ပျံ့နှံ့ ဖျက်ဆီးတယ်လို့ ဆိုပါတယ်။ အဆိုပါနိုင်ငံများတွင် ရှစ်လကြာသာ အခြေကျဖျက်ဆီးခဲ့ပြီး ၎င်းမှတစ်ဆင့် အာဖရိက ၂၈ နိုင်ငံနှင့် အခြား ကိုးနိုင်ငံသို့လည်း နယ်စပ်ဖြတ်ကျော်၍ ကျရောက် ဖျက်ဆီးခဲ့တယ် လို့ ဆိုပါတယ်။ တစ်ဖန် အာဖရိကနိုင်ငံများမှတစ်ဆင့် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများဆီသို့ မြန်မြန်ဆန်ဆန်ရောက်ရှိ အခြေချ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ လေ့လာသူ ပညာရှင်များက လွန်ခဲ့တဲ့ နှစ်နှစ်ကာလကတည်းက ဖောငမြှောင်တောင်ပိုးဟာ ပေါက်ပွား ပျံ့နှံ့မှု မြန်ဆန်တဲ့အတွက် စိုထိုင်းဆများပြီး အပူချိန်မြင့်သော တောင် အာရှဒေသနဲ့ အရှေ့တောင်အာရှဒေသတွေဟာ မကြာမီအတွင်း ဖောငမြှောင်တောင် နယ်မြေချဲ့ထွင်ဖို့ အလားအလာအရှိဆုံးနဲ့ အမြင့်မားဆုံး အန္တရာယ်ရှိနေတဲ့ ဒေသတွေ ဖြစ်နေတယ်လို့ ပြောခဲ့ ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ဖောငမြှောင်တောင်ဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ကူးလာပြီး အခြေချမိ တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ လက်တစ်ကမ်း မှ နိုင်ငံဖြစ်နေတဲ့ အတွက် အဲဒီအချိန်ကတည်းက ဖောငမြှောင်တောင် ပိုး ဘင်္ဂလားဒေ့ရှ်မှနယ်စပ်ဖြတ်ကျူးကျော်၍ မိမိနိုင်ငံအတွင်း အဝင် မခံဖို့ အပူတပြင်း ဂရုတစိုက် အစီအမံတွေနဲ့ ထိထိမိမိ ကာကွယ် ဟန့်တားခဲ့ဖို့သင့်ပါတယ်။ ယခုအဲဒီဟာကွက်အမှားတစ်ခု ကြောင့် ယခင်နှစ် ဆောင်းဦးရာသီအစမှာ မြန်မာနိုင်ငံတွင်း ကျူးကျော် ဝင် ရောက်ခဲ့ပြီး အစေ့ထုတ်ပြောင်း ဧက တစ်သိန်းခွဲကျော်ကို တစ်မုဟုတ် ချင်း ဖျက်ဆီး၍ ခြေကုတ်ရသွားခဲ့ပြီး ဖြစ်ပါတယ်။

        အာဖရိကနိုင်ငံများရဲ့ အတွေ့အကြုံရ ဖောငမြှောင်တောင်ပိုး ကြောင့် အစေ့ထုတ်ပြောင်းသီးနှံပျက်စီးဆုံးရှုံးမှုဟာ (၅၀-၆၀) ရာခိုင် နှုန်းထိ ရှိတယ်လို့ ဆိုပါတယ်။ ဖောငမြှောင်တောင်ပိုးဟာ အစေ့ထုတ်ပြောင်းသီးနှံအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သီးနှံအမျိုးပေါင်း (၈၀)  ထိပါကျရောက်ဖျက်ဆီးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် ဘဝစက်ဝန်း သံသရာပြတ်အောင် အမြစ်ပြတ် ကာကွယ်နှိမ်နင်းရန် လိုအပ်လာ သည်မှာ မလွဲဧကန်ဖြစ်နေပါပြီ။ ဖောငမြှောင်တောင်ပိုးကို ဘဝစက်ဝန်းသံသရာပြတ်အောင် ကာကွယ်နှိမ်နင်းရာမှာ     ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်း နည်း (Integrated Pest Management = 1 PM) ကို မဖြစ်မနေ အသုံးပြုရန် လိုအပ်မည် ဖြစ်ပါတယ်။ မိုးရာသီမှာ အစေ့ထုတ်ပြောင်းနဲ့ ဖူးစားပြောင်းတွေကို မိုးဦး ရာသီ မေလလယ်မှ စတင်စိုက်ပျိုးပါတယ်။ ဇွန်လကုန်၊ ဇူလိုင် လတွေ မှာဆိုရင် ပြောင်းရဲ့အပင်သက်တမ်းဟာ တစ်လခွဲနှစ်လကျော်ရှိလာ ပြီဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဖောငမြှောင်တ ောင်ပိုး စတင်လှုပ်ရှား  ဒုက္ခများစေတော့တာပါပဲ။ ဒါဆိုရင် ဖောငမြှောင်တောင်ပိုးရဲ့ ကျန်နေ တဲ့ ရုပ်ဖုံးတွေကနေ ဖလံ၊ အထီးအမတွေ ဧပြီ၊ မေလ ဆိုရင် ထွက်လာပြီး အပင်ကို ဖျက်ဆီးရန် အသင့်အနေအထား ဖြစ်နေပြီ ဖြစ်ပါတယ်။ ချုံ၊ နွယ်၊ မြက်နဲ့ စိုက်ခင်းဝန်းကျင်တွေမှာ မြူးထူးပျံသန်းလျက် မိတ် လိုက်ကြပါတယ်။ ရုပ်ဖုံးနဲ့ ဖလံကို သုတ်သင်ဖို့ ကြိုတင်ကာကွယ်မှု အနေနဲ့ စိုက်ခင်းဝန်းကျင်ရှိ ချုံ၊ နွယ်၊ မြက် အလေ့ကျ ပေါင်းပင်တွေကို ခုတ်ထွင်ပြီး မီးကောင်းစွာလောင်အောင် ရှို့ပစ်ဖို့ လုပ်ရပါမယ်။ ပြောင်း စိုက်ပျိုးမယ့်မြေကိုလည်း ပြောင်းပင်အြွကင်းအကျန်တွေ ခုတ်ထွင် မီးရှို့ဖို့ လိုပါတယ်။  ပြီးရင်မြေကို  နွေထယ်ရေးမလှန်မီ  တစ်ဧက ဆေးရွက်ကြီးမှုန့်နှစ်တင်း (သို့) တမာရွက်အမှိုက်၊ တမာစေ့ ကြိတ် ဖတ်များ ထည့်ပြီး နွေထယ်ရေး ပြင်ထားဖို့ လိုပါတယ်။ ယခင်နှစ်က ြွကင်းကျန်နေတဲ့ ရုပ်ဖုံးဘဝတွေကို ဖလံမထွက်မီ ကြိုတင်သုတ်သင် လက်ဦးမှု ရယူထားခြင်း ဖြစ်ပါတယ်။

         နောက်တစ်ဆင့်ကတော့ အကယ်၍များ ရုပ်ဖုံးကျန်များရှိ၍ ဖလံများထွက်လာခဲ့သော် ပြောင်းစတင်စိုက်ပျိုးပြီဆိုတာနဲ့ ပြောင်း စိုက် ၅ ဧကကို မီးရောင်ထောင်ချောက်တစ်ခု ထွန်းညှိဖို့လိုပါတယ်။ မီးရောင်ထောင်ချောက်နဲ့ ဖလံအထီးအမများကို ဖမ်းယူချေမှုန်းပစ်ခြင်းပဲ ဖြစ်ပါတယ်။ မီးရောင်ထောင်ချောက်ကို ပြောင်းပင် သက်တမ်း သုံးလသားထိ ထွန်းညှိ နေဖို့လိုပါ တယ်။ အညာဒေသမှာ ထန်းလျက် တင်လဲရည်နှင့် ပြုလုပ်တဲ့ ဖလံဖမ်းတဲ့ ထောင်ချောက်တွေပဲ စမ်းသပ် တွေ့ရှိထားတာ တွေ့ရပါတယ်။ ဒါလည်း အသုံးပြုရမှာ အမှန်ပါပဲ။ နောက်တစ်ချက်ကတော့ ဖလံများကို စိုက်ခင်းသို့ မလာအောင် ဟန့်တား ခြင်း၊ လာလျှင်လည်း သုတ်သင်ပြီးဖြစ်ခြင်း နည်းလမ်း အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ဆေးရွက်ကြီး ဖျော်ရည်ကို ပြောင်းပင်သက်တမ်း တစ်လသားအရွယ်မှ သုံးလသားအရွယ်ထိ နှစ်ပတ်တစ်ကြိမ် ဖျန်းပေးနေရန်ဖြစ်ပါတယ်။ ဆေးရွက်ကြီး မှုန့် ဖျော်ရည်ပြုလုပ်နည်းကတော့ ဆေးရွက်ကြီးအမှုန့် ၃၀ ကျပ်သား၊ ဆပ်ပြာမှုန့် ၃၀ ကျပ်သားကို ရေ လေးဂါလန်နဲ့ သမအောင်ရောမွှေပြီး ပုံးထဲမှာထည့်၍လေလုံအောင်ပိတ်ထားဖို့လိုပါတယ်။ တစ်ပတ်ကြာရင် (ဆေးရည်) (၁ါ်၁၀ဝ၀ဝ) နှုန်း ဖျော်၍ပက်ဖျန်းအသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဖောငမြှောင်တောင်ပိုးဒဏ်ခံနိုင်သော ပြောင်းမျိုးမရှိသေးပါ။ ဖောဒဏ်ခံနိုင်တဲ့ ပြောင်းမျိုးကို ရွေးချယ်စိုက်ပျိုးဖို့ကိုတော့ စိတ်ကူး မယဉ်သင့်သေးပါ။ စိုက်ပျိုးရေးနည်းစနစ်နဲ့ ကာကွယ်နှိမ်နင်းရန်မှာ စိုက်ပျိုးချိန်စောပြီး တစ်ပြိုင်တည်း စိုက်ပျိုးဖို့ လိုပါတယ်။ ပြောင်းသီးနှံ နဲ့ အခြားဈေးကွက် ကိုက်ညီတဲ့ သီးနှံအလှည့်ကျစိုက်ပျိုးဖို့ လိုပါတယ်။ ဖောငမြှောင်တောင်ပိုးဟာ အပင်တစ်လခွဲသားအရွယ်မှာ အပေါ်အရွက်ကန်တော့လိပ်ထဲမှာဥ ဥပါတယ်။ ဥမှ ပိုးလောက်လမ်း လေးတွေပေါက်ပြီး အဲဒီအညွန့်အရွက်လိပ်ထဲမှာနေပြီး စားသောက် ဖျက်ဆီးတာဖြစ်ပါတယ်။ ဒါကြောင့် ဖလံမ၊ မဥခင် အချိန်မီကြိုတင် တားဖို့လိုပါတယ်။ ဥချသွားခဲ့ပြီဆိုရင် အပေါ်ယံမှ ဆေးဖျန်းရုံဖြင့် ပိုးလောက်လမ်းကောင်ကို မထိသဖြင့် ပိုးမသေနိုင်ပါ။ အညွန့်ကတော့ ရွက်လိပ်ထဲထိ ဆေးရောက်အောင် ဖျန်းဖို့လိုပါတယ်။ ဥတွေကိုရှာဖွေ ကောက်ယူဖျက်ဆီး ပစ်ပါ။ အညွန့်ကတော့ရွက်လိပ်ထဲသို့ ပိုးသတ် ဆေးအမှုန့် အနည်းငယ်ရောမွှေထားသော ပြာ၊ လွှစာ၊ သဲ၊ ထုံး၊ ဆား များထည့် ပေးပါ။ ပိုးသတ်ဆေးနဲ့ ဖျန်းမယ်ဆိုရင်တော့ ကလိုရိုပိုင်ရို ဖော့စ် ၅၀ရာခိုင်နှုန်း၊ ဆိုက်ပါမိသရင်း ၅ ရာခိုင်နှုန်း အီးစီ၊ အင်ဒို ဇာကဒ် ၁၅ ရာခိုင်နှုန်း အီးစီ၊ ဖန်ဇိုအိတ် ၅ ရာခိုင်နှုန်း၊ လန်ဆဒါ ဆိုင်ဖာလိုသရင် ဆေးများကို အသုံးပြုနိုင်ပါတယ်။ သို့ပါ၍အထက်ပါ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းများကို အသုံးပြု၍ ဖောငမြှောင်တောင်ပိုးကို ကျူပင်ခုတ်၊ ကျူငုတ်မကျန် အောင် အမြစ်ပြတ်သုတ်သင်ရှင်းလင်းကြပါစို့ဟု တိုက်တွန်းလိုက်ရပါတယ်။

 

အောင်ဆန်း(စိုက်ပျိုးရေး)