Main menu

Background

ဗီယက်နမ်ကုန်စည်ပြပွဲ မြန်မာ ၂၀၁၉ အား ရန်ကုန်မြို့၌ ကျင်းပမည်

Fri, 12/13/2019 - 15:25 -- journal_editor

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးတို့ ပူးပေါင်းမှုဖြင့် ဗီယက်နမ် ကုန်စည်ပြပွဲ မြန်မာ ၂၀၁၉ ကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက် အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပ သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါပွဲ  ကျင်းပရခြင်းမှာ  မြန်မာနိုင်ငံဈေးကွက် အတွင်း အကောင်းဆုံး ဈေးနှုန်းနှင့် ထုတ်ကုန်အရည်အသွေး မြှင့် ကုန်ပစ္စည်းများ ရောင်းချနိုင်ရန် ရည်ရွယ်၍ ဗီယက်နမ် ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် ဗီယက်နမ်ကုန်သည်များမှ လာရောက်ပြသကြခြင်းဖြစ်ကြောင်း  သိရသည်။

    “ဗီယက်နမ်ကုန်စည်ပြပွဲဟာ မြန်မာနိုင်ငံမှာ မနေ့ တစ်နေ့ကမှ ဖြစ်လာတဲ့ ပြပွဲမဟုတ်ပါဘူး၊ အမှန်အတိုင်းပြောရ ရင် ဗီယက်နမ်ကုန်ပစ္စည်းတွေဟာ မြန်မာနိုင်ငံကို ၂၀ ရာစု အစပိုင်းလောက်ကတည်းက ဈေးကွက်ထဲကို ဖြည်းဖြည်းချင်း ဝင်ရောက်ခဲ့တဲ့ ကုန်ပစ္စည်းများဖြစ် ပါတယ်။ အခုကိုးနှစ်တာ ၁၀ နှစ်အတွင်းမှာဆိုရင် ဗီယက်နမ်နဲ့ မြန်မာရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုဟာ တော်တော်လေး အရှိန်အဟုန်တိုးမြှင့်ပြီး ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်”ဟု  UMFCCI တွဲဖက်အတွင်းရေးမှူး ဦးမျိုးသန့် က ပြောသည်။

      အဆိုပါ ကုန်စည်ပြပွဲ၌ လုပ်ငန်းရှင် ၈၀ ဦးက ပြခန်း ပေါင်း ၁၂၀ကျော်ဖြင့် ကဏ္ဍလေးမျိုးခွဲ၍ ခင်းကျင်းပြသကြ မည်ဖြစ်ပြီး အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍအတွက် သစ်သီးဖျော်ရည်၊ နို့နှင့်မုန့်ဖုတ်ပစ္စည်းများ၊ လူသုံး ကုန်ကဏ္ဍအတွက် စောင်၊ မွေ့ရာ၊ ဖိနပ်၊ ဖက်ရှင်အဝတ်အစား၊ မီးဖိုချောင်သုံးပစ္စည်းများ အပါအဝင် အိမ်သုံးပစ္စည်းများ၊ စက်နှင့် ပစ္စည်းကိရိယာကဏ္ဍအတွက် ဝါယာကြိုး၊ ကေဘယ်လ် ကြိုး၊ ပိုက်များ၊ မီးသီးများ၊ ဘက်ထရီများ၊ မီးခလုတ်အမျိုးမျိုးနှင့် ပိုက်ဆက်ပစ္စည်းများ၊ လျှပ်စစ်ဖြတ်တောက်ကိရိယာများ၊ ဆေးဝါးကဏ္ဍအတွက် ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါးမျိုးစုံအား ပါဝင်ခင်းကျင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချောစု