Main menu

Background

ကော်ဖီသီးခူးဆွတ်ရာသီအတွင်း ကော်ဖီစေ့တန်ချိန် ၁၀ဝ၀ ခန့် ပြည်ပတင်ပို့နိုင်ရန် မျှော်မှန်း

Thu, 01/02/2020 - 11:25 -- journal_editor

    ကော်ဖီသီးခူးဆွတ် ရာသီအတွင်း ပြည်တွင်းကော်ဖီ ထုတ်လုပ်မှုမှ ကော်ဖီ စေ့တန်ချိန် ၂၀ဝ၀ မှ ၂၅၀ဝ အတွင်း ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ပြည်ပ သို့ တန်ချိန် ၁၀ဝ၀ ခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ “ဒီနှစ် ပြည်ပပို့ဖို့ မှန်းတာတော့ တန်ချိန် ၈၀ဝ နဲ့ ၁၀ဝ၀ ကြားလောက် အကြမ်းဖျင်းမှန်းပါတယ်။ ထုတ်လုပ်မှု က တန်ချိန် ၂၀ဝ၀ ကနေ ၂၅၀ဝ လောက် အထိရှိတယ်။ ကျန်တာကတော့ ပြည်တွင်းသုံးနဲ့ နယ်စပ် ပို့ကုန်ဖြစ်မယ်လို့ ထင်ပါတယ်”ဟု အဆိုပါအသင်းဥက္ကဋ္ဌ ဦးမျိုးအေးက ပြောသည်။ ပြည်တွင်းနှင့် ပြည်ပကော်ဖီ ပို့ကုန်ဈေးကွက်ကို လက်ရှိတွင် ခန့်မှန်း ထားချက်သာရှိဆဲဖြစ်ပြီး ပို့ကုန် အတိ အကျယတိပြတ်ပြောရန် မဖြစ်နိုင်သေးဘဲ ရာသီချိန် အပြီးသတ်ထွက်ချိန်မှသာ အတိအကျခန့်မှန်းနိုင်မည် ဖြစ်ကာ အသင်းအနေဖြင့် ပြည်ပဝယ်လက်အသစ်များဖြင့် ချိတ်ဆက်နိုင်အောင် ကြိုးပမ်းမည်ဖြစ်ကြောင်း ဦးမျိုးအေးက ပြောသည်။

     “ကျွန်တော်တို့ မြန်မာမှာ ကော်ဖီ ကမ္ဘာ့ဈေးကွက် ဈေးနှုန်းဆိုတာရှိတယ်။ ကျွန်တော်တို့က အာရေဗီးကား အများဆုံး ထုတ်တယ်။ အာရေဗီးကားမှာမှ အထူးတန်းကော်ဖီက ဈေးပိုရတယ်။ အရည်အသွေးမြင့်ရင် တစ်တန်ကို အမေ ရိကန် ဒေါ် လာ ၄၅၀ဝ ကနေ  ၈၀ဝ၀၊ ၁၀ဝ၀ဝ လောက်ထိရတယ်။ ကမ္ဘာ့ ကြမ်းခင်းဈေးက နည်းရင်နည်းနိုင်ပေမယ့်  မြန်မာပြည်ကျတော့ ထူးခြားတဲ့ကွာလတီဆိုပြီး အမှတ်တွေပေါင်းတယ်။ ကျွန်တော်တို့ကဘာကြောင့် ဈေးရနေ တာလဲဆိုတော့ နိုင်ငံရဲ့ မူလရင်းမြစ် အစစ် ဖြစ်တာရယ်၊ သဘာဝအတိုင်း ထုတ်လုပ်တာရယ်၊ ထူးခြားတဲ့ အရည်အသွေး အရသာရှိတဲ့အတွက် ဈေးနှုန်း ရပါတယ်။ ဒါတွေကို ထိန်းသိမ်းပြီးလုပ်မှ ဈေးကောင်းရမှာ။ ပေါပေါပဲပဲလုပ်၊ မြေသြဇာကို မကောင်းတာတွေသုံးရင် ဈေးမရ တော့ဘူး” ဟု ဦးမျိုးအေးက ပြောသည်။ အဆိုပါ ကော်ဖီသီး ခူးဆွတ်ချိန် ရာသီသည် ဒီဇင်ဘာလမှ ဖေဖော်ဝါရီ လအထိဖြစ်ပြီး ထိုခူးဆွတ်ကာလ ကုန်ဆုံးပါက ကော်ဖီအရည်အသွေးကို ပြည်ပ ဝယ်လက်များထံ မိတ်ဆက်ပြသရန် ပြင်ဆင်လျက်ရှိကာ လက်ရှိတွင် အမေရိကန်သို့ အများဆုံး တင်ပို့ရောင်းချ လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်း က ဆက်လက် ပြောကြားသည်။

    “မြန်မာ့ကော်ဖီကို    ကမ္ဘာက သိအောင်လုပ်ဖို့လွန်ခဲ့တဲ့    သုံးလေးနှစ်ကတည်းက ကြိုးစားတည်ဆောက် လာတာ ဒီနေ့အချိန်မှာ မြန်မာ့ကော်ဖီ က ဘယ်လိုအရည်အသွေးရှိတယ် ဆိုတာ ကမ္ဘာကသိလာတဲ့ အနေအထား ရောက်လာပါတယ်။ ဟောင်ကောင်၊ စင်ကာပူကနေ အမေရိကန်ဈေးကွက် အထိ ကျွန်တော်တို့ တိုးချဲ့လာနိုင်လို့ တခြားနိုင်ငံတွေလည်း မြန်မာ့ကော်ဖီ အရည်အသွေးကို စသိရှိလာပါပြီ။ မြန်မာ့ကော်ဖီက လာမယ့်နှစ်အနည်းငယ်အတွင်း အခြေအနေ တော်တော် ကောင်းလာနိုင်ပါတယ်”ဟု ဒေါက်တာ ရဲတင့်ထွန်းက သုံးသပ်သည်။ လက်ရှိတွင် မြန်မာ့ကော်ဖီသည် USAID  နှင့် WinRock International  အဖွဲ့အစည်းများ၏ အကူအညီဖြင့် အမေရိကန်ဈေးကွက်တွင် နေရာရရှိ နေပြီး ဥရောပဈေးကွက်အပြင် ဂျပန်၊ ကိုရီးယား၊ ကနေဒါနိုင်ငံ ဈေးကွက် များ သို့ ထိုးဖောက်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ကော်ဖီအမျိုး အစားအနေဖြင့် အာရေဗီးကား (Arabica) ကော်ဖီနှင့် ရိုဘတ်စတာ (Robusta) ကော်ဖီနှစ်မျိုးရှိသည့်အနက် အာရေ ဗီးကား ကုန်းမြင့်ကော်ဖီ (အထူးတန်း ဝင်ကော်ဖီ) ကို အဓိကစိုက်ပျိုးထုတ် လုပ်လျက်ရှိကြောင်း သိရသည်။ ယခုလက်ရှိ မြန်မာ့ကော်ဖီစိုက် ခင်း ဧက ၅၀ဝ၀ဝ ခန့်တွင် အာရေ ဗီးကား ကော်ဖီစိုက် ဧက ၄၀ဝ၀ဝ ခန့် ရှိပြီး အရည်အသွေးအပေါ်မူတည်၍ မြန်မာ့ကော်ဖီသည် တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၁၀ဝ၀ မှ ၈၀ဝ၀ နှင့် အထက် ဈေးနှုန်းရှိနေပြီး ပုံမှန်အရည် အသွေးဆိုပါက တစ်တန်လျှင်  အမေ ရိကန်ဒေါ်လာ ၂၀ဝ၀ ခန့် ရှိကြောင်း သိရသည်။ 

 

ပန်းဆု