Main menu

Background

ရှစ်လအတွင်း အမြင့်ဆုံးဈေးမှ စားအုန်းဆီဈေးများပြန်ကျ

Wed, 03/11/2015 - 20:15 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

စားအုန်းဆီဈေးနှုန်းက  ရှစ်လအတွင်း အမြင့်ဆုံးဈေး နှုန်းကို   ရောက်ခဲ့ပြီးနောက် စားအုန်းဆီလုပ်ငန်းဆိုင်ရာ အစည်းအဝေးမှာ  လေ့လာဆန်းစစ်သူတွေက စားအုန်းဆီ ဈေးကွက်အလားအလာနဲ့ပတ်သက်ပြီး  အမြင်အမျိုးမျိုး ကွဲပြားလာတာ တွေ့ရပါတယ်။    ဒီအခြေအနေတွေကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက မတ်လ ၅ ရက်မှာ ကျဆင်းလာတာကို တွေ့ရပါတယ်။
ခုနစ်ရက်အတွင်း  စားအုန်းဆီဈေးက တစ်တန်ကို ၂၂၁၆  ရင်းဂစ်ကနေ ရင်းဂစ် ၂၄၀၀ အထိ ရောက်ရှိခဲ့ပြီးနောက် ဈေးကွက်မှာ အပြောင်းအလဲတွေဖြစ်ခဲ့တာကိုတွေ့ရကြောင်း ကွာလာလမ်ပူရှိ နိုင်ငံခြားကုန်စည်ပွဲစားလုပ်ငန်းမှ ကုန်သည် တစ်ဦးက  ပြောပါတယ်။ စားအုန်းဆီဈေးက ၂၀၁၄ ခုနှစ် ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်တဲ့ တစ်တန်ကိုရင်းဂစ် ၂၄၀၀ ကို ရောက်ရှိခဲ့ပြီးနောက် မတ်လ ၅ ရက်မှာ သုညဒသမ ၅၉ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၃၆၄ ရင်းဂစ် (၆၄၉ ဒေါ်လာ) နှုန်း ရှိခဲ့ပါတယ်။
ရောင်းချရတဲ့ပမာဏက ၂၅ တန်ရှိအတွဲ ၃၃၂၄၁ တွဲရှိ ခဲ့ရာ ပုံမှန်ပျမ်းမျှရောင်းချနှုန်းဖြစ်တဲ့အတွဲ  ၃၅၀၀၀ အောက် ကို ကျဆင်းလာတာကိုတွေ့ရပါတယ်။ ဝယ်လိုအားကျဆင်း လာတာက ဈေးနှုန်းမြင့်တက်မှုကို အဟန့်အတားဖြစ်စေခဲ့ ကြောင်း မလေးရှားရှိ ပြည်တွင်းကုန်စည်ပွဲစားလုပ်ငန်းမှ ကုန် သည်တစ်ဦးက ပြောပါတယ်။
မလေးရှားစားအုန်းဆီဈေးက ၂၀၁၅ ခုနှစ် ပထမနှစ် ဝက်မှာ တစ်တန်ကို ပျမ်းမျှရင်းဂစ် ၂၂၆၀ ရှိလိမ့်မယ် လို့ စား အုန်းဆီဈေးနှုန်း အလားအလာခန့်မှန်းတွက်ချက်ရေးအဖွဲ့မှ လေ့လာဆန်းစစ်ရေးမှူး ဂျိမ်းစ်ဖရိုင်းက ပြောပါတယ်။ ဒါပေ မယ့် ဇီဝလောင်စာဆီ ထုတ်လုပ်ရေးလုပ်ငန်း  တိုးတက်မလာ ဘူးဆိုရင် စားအုန်းဆီဈေးက ခြောက်နှစ်အတွင်း အနိမ့်ဆုံး ဈေးထိ  ကျဆင်းလာနိုင်တယ်လို့ ပြောပါတယ်။ အခြား လေ့လာ ဆန်းစစ်ရေးမှူးတစ်ဦးဖြစ်တဲ့   ဒိုရမ်မင်စထရီကတော့ စားအုန်းဆီဝယ်လိုအားက ရောင်းလိုအားထက် ပိုမိုမြင့်တက် လာမှာဖြစ်တဲ့အတွက် စားအုန်းဆီဈေးက မေမှာ ၅ ရာခိုင်နှုန်း တိုးတက်ပြီး တစ်တန်ကို ၂၅၀၀ ရင်းဂစ်ထိမြင့်တက်လာနိုင် တယ်လို့ ခန့်မှန်းထားပြီး ၂၀၁၅ နှစ်အကုန်ပိုင်းမှာ ထုတ်လုပ်မှု မြင့်တက်လာလို့ ဈေးပြန်ကျနိုင်တယ်လို့ ခန့်မှန်းပါတယ်။
စားအုန်းဆီ  ဈေးနှုန်းတွေက တစ်တန်ကို ၂၄၀၈ ရင်းဂစ်ထိ အမြင့်ဆုံး ရောက်ရှိနိုင်ပြီး ဒီမျဉ်းကိုဖောက်ထွက် သွားရင်တော့ တစ်တန်ကို ၂၄၆၇ ရင်းဂစ်နှုန်းဖြစ်လိမ့်မယ်လို့ ရိုက် တာသတင်းဌာနက လေ့လာဆန်းစစ်ရေးမှူး  ဝမ်တာအို က ပြောပါတယ်။
အခြားပြိုင်ဘက်သီးနှံဖြစ်တဲ့   ပဲပုပ်ဆီဈေးက တရုတ် ဒါလီယံဈေးကွက်မှာ သုညဒသမ ၄၅ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန်ဈေးကွက်မှာ မေလအတွက် ပဲပုပ်ဆီဈေးက သုည ဒသမ ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
UNT